သမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်က မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသား ၄၀၀၀ ကျော်လွှတ်ဖို့ အမိန့်ထုတ်ခဲ့ပြီးတဲ့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လွတ်မြောက်လာပေမဲ့၊ လူထုမျှော်လင့်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ သတင်းကိုတော့ ဧပြီလ ၁၇ ရက်ညသန်းခေါင်ကျော်အထိ စုံစမ်းလို့မရသေးပါဘူး။
သူ့ကိုနေအိမ်အကျယ်ချုပ်ပြောင်းမယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့အတွက် သူ့ကိုချစ်ခင်လေးစားကြည်ညိုသူတချို့က တက္ကသိုလ်ရိပ်သာလမ်း ခြံနံပါတ် ၅၄ နားမှာ ညပိုင်းအထိသွားစောင့်ကြည့်ခဲ့ကြပေမဲ့ ဘာမှထူးခြားတာမတွေ့ရဘူးလို့ RFA ကိုပြောပါတယ်။
အင်းစိန်ထောင်ကတော့ နိုင်ငံရေးအကျဥ်းသားတချို့လွတ်လာပါတယ်။ အဲဒီအထဲမှာ ထင်ရှားတဲ့ မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်စာရင်းပြုစုထိမ်းသိမ်းရေးဌာန ဒုတာဝန်ခံ ဒေါ်သီတာဝင်းအောင်တို့ပါဝင်လာပါတယ်။ အမျိုးသမီးနိုင်ငံရေးအကျဥ်းသူ ၃၁ ယောက် လောက်ပဲပါပြီး အများစုကကျန်သေးတယ်လို့ ဒေါ်သီတာဝင်းအောင်က သတင်းထောက်တွေကိုပြောပါတယ်။
ပုသိမ်အကျဥ်းထောင်မှာလဲ လူ ၇၀ ကျော်လွတ်ပေမဲ့ ဒေါက်တာတင်မင်းထွဋ် ၊ ဦးသိန်းလွင်၊ ဦးဝင်း ကျော် ၊ ကိုဇော်မိုးထိုက် ၊ ကိုဝင်းမင်းထွန်းစတဲ့ နိုင်ငံရေးအကျဥ်းသား (၅)ယောက် လောက်ပဲပါတယ်လို့သိရပါတယ်။
အခြားအကျဥ်းထောင်အသီးသီးက လွတ်လာတဲ့သူတွေနဲ့ပတ်သက်လို့ စုံစမ်းနေစဲဖြစ်ပါတယ်။
