ထားဝယ်သင်္ကြန် အကြိုနေ့ ပေါက်ကွဲမှုများအပြီး အကျနေ့ လူကြဲပါး

အကြိုနေ့က မြို့အဝင်ပေါက်အနီးမှာ တစ်ကြိမ်၊ ညနေပိုင်း ဗဟိုမဏ္ဍပ်အနီးမှာ တစ်ကြိမ် တစ်ရက်ထဲ နှစ်ကြိမ် ပေါက်ကွဲခဲ့ဟုသိရ။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ မဏ္ဍပ်ဖွင့်ပွဲဖြစ်တဲ့ သင်္ကြန်အကြိုနေ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် အကျနေ့မှာ စစ်ကော်မရှင် အသွင်ပြောင်းအစိုးရက စီစဉ်ထားတဲ့ မဏ္ဍပ်တွေကို လာတဲ့သူ နည်းပါးသွားတယ်လို့ ထားဝယ် မြို့ခံတွေက RFA ကို ပြောပါတယ်။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့က ထားဝယ်မြို့အဝင်ပေါက်အနီးမှာ မနက်ပိုင်း ဒရုန်းဗုံး ပေါက်ကွဲပြီး ညနေပိုင်း ဗဟိုမဏ္ဍပ်အနီးမှာ ဗုံးပေါက်ကွဲမှုတွေ တစ်ရက်ထဲ နှစ်ကြိမ်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး တက်ရောက်မယ့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို နာရီပိုင်းလောက် အချိန်ရွှေ့ပြီး ဖွင့်ခဲ့ရတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်မြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဝန်ကြီးချုပ်အသစ်တက်လာတဲ့ မဏ္ဍပ်မို့ ဗုံးချခံရတယ်ပြောတာပဲ၊ မနေ့က အဲဒီလို ပေါက်ကွဲမှုတွေကြောင့် ဒီနေ့ မဏ္ဍပ်တွေဘက် မသွားရဲတော့ဘူး၊ လမ်းပေါ်မှာပဲ ရေပက်နေကြတာများတယ်၊ စစ်တပ်ကလုပ်တဲ့ ဗဟိုမဏ္ဍပ်တွေကော တခြားမဏ္ဍပ်တွေကော လူတွေက မနေ့ကလောက် မသွားကြတော့ဘူး။ အနုပညာရှင်တွေ အဆိုတော်တွေ ရှိနေပေမယ့် လုံခြုံရေးစိုးရိမ်ရလို့ အများစုက မသွားကြဘူး "

စစ်ကော်မရှင်လက်ထက် ဒီနှစ် ထားဝယ်မြို့မှာ ရေကစားမဏ္ဍပ် ၅ ခုအထိ ဆောက်လုပ်ထားပြီး ဖျော်ဖြေရေးအစီအစဉ်တွေ စီစဉ်ထားပေမယ့် အကြိုနေ့က ဗုံးပေါက်ကွဲမှုကြောင့် အဲဒီမဏ္ဍပ်တွေမှာ လူစည်ကားမှု နည်းပါးသွားတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ စစ်ကော်မရှင် အသွင်ပြောင်း အစိုးရ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသလို ဧပြီ ၁၄ ရက်၊ အကျနေ့ ညနေပိုင်းအထိ ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့တယ်ဆိုတာကိုလည်း ထုတ်ပြန် အတည်ပြုပြောဆိုခြင်းမရှိသေးပါဘူး။

တိုင်းအစိုးရ အဆက်ဆက် ရုံးစိုက်တဲ့ ထားဝယ်မြို့မှာ တိုင်းရဲတပ်ဖွဲ့ရုံး၊ ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ ထားဝယ်မြို့တော်ခန်းမတို့အနီးမှာ ဗဟိုမဏ္ဍပ်၊ တိုင်းအစိုးရရုံးရဲ့ ကျောဘက်မှာ ဆောက်လုပ်ရေးဌာနမဏ္ဍပ်၊ တိုင်းလျှပ်စစ်ရုံးဝင်းထဲမှာ လျှပ်စစ်ဌာနမဏ္ဍပ်၊ သပြေချောင်းရွာ တပ်နယ်ထဲက အမှတ် (၈ ) စစ်ကော်မရှင်တပ် ကွပ်ကဲမှုဌာနချုပ်မှာ တပ်နယ်မဏ္ဍပ်နဲ့ ကမ်းနားလမ်းမှာ တိုင်းရင်းသား မဏ္ဍပ်ဆိုပြီး အခုနှစ်သင်္ကြန်အတွက် ဖျော်ဖြေရေးမဏ္ဍပ် ငါးခု ဆောက်လုပ်ထားတာဖြစ်ပါတယ်။