အာဏာသိမ်းခေါင်းဆောင် သမ္မတဖြစ်လာအပြီး ပြည်ပကနေ ခွင့်နဲ့ တရားဝင် မြန်မာပြည်ကို ပြန်လာကြတဲ့ အလုပ်သမားတွေ ပြည်ပပြန်ထွက်ခွါခွင့် ပယ်ချခံရသူ အရေအတွက်ဟာ ဧပြီလနဲ့ မေလ နှစ်လအတွင်း အယောက် ၉၀၀ ကျော် ရှိခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ပြောပါတယ်။
မြန်မာနှစ်သစ်ကုးအလည်ပြန်သူများတဲ့ ဧပြီလမှာ ပြည်ပပြန်ထွက်ခွါခွင့်ပယ်ချခံရတဲ့ ခွင့်ပြန်အလုပ်သမား ၆၀၈ ဦးရှိခဲ့ပြီး မေလမှာ ၃၀၁ ဦးရှိခဲ့တဲ့ အတွက် စုစုပေါင်း ပြည်ပပြန်ခွင့်မရသူ အလုပ်သမား ၉၀၉ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
အများစုက ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ (OWIC) ကတ်ပြားရှိပေမယ့် လိုအပ်ချက်တွေ မပြည့်စုံလို့ ပြန်တင်ပြရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပယ်ချခံနေရပြီး၊ ဒုတိယအများစုက အလုပ်ရှင်ခွင့်စာ မပါတာ၊ အလုပ်ရှင်ကို ဆက်သွယ်မရတာတွေနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းဆောင်ထားတဲ့ အထောက်အထား မပါတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ပကို ပြန်လည်ထွက်ခွာခွင့် ပယ်ချခံရတဲ့ အလုပ်သမားအများစုထဲမှာ စစ်မှုထမ်းအရွယ် အသက်ကန့်သတ် ခံထားရတဲ့ အရွယ်ရှိသူ အလုပ်သမားတွေလည်းပါတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ပြည်ပကို ပြန်လည်ထွက်ခွာခွင့် ပယ်ချခံရတဲ့ အလုပ်သမားအများစုဟာ OWIC ကတ်မှာ ဖော်ပြထားတဲ့ အလုပ်အမျိုးအစားနဲ့ အလုပ်ရှင်ရဲ့ ခွင့်ပြုစာမှာ ဖော်ပြထားတဲ့ အလုပ်အမျိုးအစား မတူညီတဲ့သူတွေပါသလို စစ်ကောင်စီက သတ်မှတ်ထားတဲ့ အသက်ကန့်သတ်ချက်နဲ့ ငြိစွန်းနေတာ၊ ပြည်ပကနေ မိသားစုထံ လွှဲပို့ထားတဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း မပြည့်မီတာ၊ ပြည်ပအလုပ်ရှင်ရဲ့ Email နဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်မရတာ၊ မိဘအုပ်ထိန်းသူ ထောက်ခံစာ၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ မပါတာ၊ သံရုံးထောက်ခံစာ မရှိတာနဲ့ အလုပ်ရှင်က မြန်မာနိုင်ငံကို ပြန်လာခွင့်ပေးထားတဲ့ စာ မပါဝင်တာတွေကြောင့်လည်း ပြည်ပထွက်ခွာခွင့် ပြန်မရကြတာတွေ များတယ်”
ပယ်ချခံလိုက်တဲ့ အဲဒီအလုပ်သမားတွေဟာ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်အ မျိုးမျိုးကြောင့် ဖြစ်သလို ပြန်လည်ထွက်ခွာခွင့် ရရှိသူတွေထဲမှာလည်း ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရချိန် ကြာမြင့်တာကြောင့် လေယာဉ်လက်မှတ်မှာ သတ်မှတ်ထားတဲ့ ထွက်ခွာရက် ကျော်လွန်သွားပြီး အခက်အခဲတွေ ကြုံနေရတဲ့ အလုပ်သမားတွေလည်း အများအပြား ရှိနေသေးတယ်လို့လည်း သူက ပြောပါတယ်။
ပြည်ပရောက် အလုပ်သမားတွေ လုပ်အားခ ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေပြန်မလွှဲတဲ့အတွက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်ပအလုပ်အကိုင် အေဂျင်စီတွေပါ လိုင်စင်ပိတ်သိမ်းခံရတာတွေရှိတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာ လက်ခံဖြေဆိုတာ မရှိပေမယ့် မေလ ၄ ရက်နေ့က အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လုပ်ငန်းခွင်ထဲမှာ အခက်အခဲကြုံနေကြရတဲ့ ပြည်ပရောက်အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်မှုပေးချင်လို့ အခုလို ခွင်ပြန်အလုပ်သမားတွေကို သေချာစီစစ်ပေးနေရတာဖြစ်တယ်လို့ ဖောပြထားပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီလ ၂၈ နေ့ကတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါ သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကနေ ထောက်ခံစာ မဖြစ်မနေ ထုတ်ယူခဲ့ရမှာဖြစ်တယ်လို့ စစ်တပ်ခန့်အစိုးရအဖွဲ့ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။
ပြည်ပရောက် အလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းက မလွှဲရင် ပြည်ပထွက်ခွါဖို့အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမှာ မဟုတ်သလို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ (OWIC) ကတ်လည်း ထုတ်ပေးမှာ မဟုတ်ဘူးလို့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ နေ့ကတည်းက စစ်တပ်ခန့်အစိုးရအဖွဲ့ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင် “သမ္မတ” ဦးမင်းအောင်လှိုင်ကတော့ မြန်မာပြည်က အလုပ်သမားတွေဟာ ပြည်ပကို သွားပြီး အလုပ်လုပ်တာထက် ပြည်တွင်းမှာ အလုပ်လုပ်ကိုင်တာက ဘဝလုံခြုံမှုနဲ့ တိုးတက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။
