တစ်လအတွင်း ခွင့်ပြန်လုပ်သား ၆၀၀ ကျော် ပြည်ပ ပြန်ထွက်ခွါခွင့် ပယ်ချခံရ

ပြည်ပအလုပ်သမားသက်သေခံ (OWIC) ကတ်ပြား အများစုရှိပေမယ့် လိုအပ်ချက် မပြည့်စုံလို့ ပြန်တင်ပြရန်မယ်ဟုတားမြစ်ခံထားရ။

ပြည်ပကနေ ခွင့်နဲ့တရားဝင် မြန်မာပြည်ကို ပြန်လာကြတဲ့ အလုပ်သမားတွေကို စစ်တပ်ခန့်အစိုးရအဖွဲ့ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြည်ပပြန်ထွက်ခွါခွင့် ပယ်ချလိုက်တာ ဧပြီလ တစ်လအတွင်း ၆၀၀ ကျော် (၆၀၈ ဦး) ရှိခဲ့တယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ပြောပါတယ်။

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ (OWIC) ကတ်ပြားရှိပေမယ့် လိုအပ်ချက်တွေ မပြည့်စုံလို့ ပြန်တင်ပြရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပယ်ချနေတာများတယ်လို့ ဆိုပါတယ်။

ပယ်ချခံလိုက်တဲ့အလုပ်သမားတွေဟာ စပ်တပ်လက်အောက်ခံအဖွဲ့က အမျိုးမျိုးထုတ်ပြန်နေတဲ့ ကာလစည်းကမ်းသတ်မှတ်တွေကြောင့် ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက RFA ကိုပြောပါတယ်။

“ ပယ်ချခံလိုက်တဲ့အလုပ်သမားအများဆုံးကတော့ OWICကတ် မှာပါတဲ့ အလုပ်နဲ့ ခွင့်စာမှာပါတဲ့ လုပ်ငန်းမတူကြလို့ ပြန်ထွက်ခွါခွင့်ကို ပယ်လိုက်တာများပါတယ်။ စည်းကမ်းချက်တွေ၊သတ်မှတ်ချက်တွေ တစ်လတစ်မျိုးထုတ်နေတဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့ မညီလို့ ပယ်ချလိုက်တာတွေလည်းရှိတယ်။ ရှင်းရှင်းပြောရရင် အဲဒီအဟန့်အတားတွေကို ငွေထုတ်နဲ့ဖွင့်နိုင်ရင် သူတို့လိုအပ်ပါတယ်ဆိုတဲ့ သတ်မှတ်ချက်တွေ၊အထောက်အထားတွေ မလိုတော့ဘူး၊ ထွက်လို့ရတယ်ဗျာ၊ မရဘူးဆိုတာ သူတို့တွေရဲ့လက်ထဲမှာပဲ”

ပြည်ပရောက် အလုပ်သမားတွေ လုပ်အားခ ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေပြန်မလွှဲတဲ့အတွက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်ပအလုပ်အကိုင် အေဂျင်စီတွေပါ လိုင်စင်ပိတ်သိမ်းခံရတာရှိသလို ပြန်လာတဲ့အလုပ်သမားတွေလည်း ပြန်ထွက်ခွင့်မရတော့တာတွေရှိတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီလ ၂၈ နေ့ကတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါ သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကနေ ထောက်ခံစာ မဖြစ်မနေ ထုတ်ယူခဲ့ရမှာဖြစ်တယ်လို့ စစ်တပ်ခန့်အစိုးရအဖွဲ့ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်ပရောက် အလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းက မလွှဲရင် ပြည်ပထွက်ခွါဖို့အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမှာ မဟုတ်သလို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ (OWIC) ကတ်လည်း ထုတ်ပေးမှာ မဟုတ်ဘူးလို့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ နေ့ကတည်းက စစ်တပ်ခန့်အစိုးရအဖွဲ့ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် “သမ္မတ” ဦးမင်းအောင်လှိုင်ကတော့ မြန်မာပြည်က အလုပ်သမားတွေဟာ ပြည်ပကို သွားပြီး အလုပ်လုပ်တာထက် ပြည်တွင်းမှာ အလုပ်လုပ်ကိုင်တာက ဘဝလုံခြုံမှုနဲ့ တိုးတက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့က ထည့်သွင်းပြောဆိုထာားပါတယ်။