ဝါဆိုသင်္ကန်းကပ်နေစဉ် ဗုံးကြဲခံရလို့ ကျောင်းထိုင်ဆရာတော်ပျံလွန်

မနက် ၁၀ နာရီလောက်မှာ MiG-29 ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သာသနိက အဆောက်အအုံတွေပါ ပျက်စီးသွားတယ်လို့ဆို။

ကရင်ပြည်နယ် မြ၀တီမြို့နယ် မြ၀တီ-ဝေါလေ လမ်းပိုင်းမှာရှိတဲ့ သုံးထပ်ကွေ့ ရပ်တော်မူဘုရားကုန်းမှာ ဇူလိုင်လ ၂၈ ရက်နေ့က ဝါဆိုသင်္ကန်းကပ်လှူနေစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သုံးထပ်ကွေ့ဆရာတော် ပျံလွန်တော်မူပြီး ဆွမ်းချက်နေတဲ့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၁၀ နာရီခန့်မှာ MiG-29 ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သာသနိက အဆောက်အအုံတွေပါ ပျက်စီးတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီနေရာက စစ်တလင်းနေရာတော့မဟုတ်ဘူး သုံးထပ်ကွေ့မှာက သားသတ်လွတ် ဘုန်းကြီးတစ်ကျောင်းရှိတယ် တစ်ပါးထိုင် ဘုန်းကြီးကျောင်းပေါ့။ အရင်ကတော့ ခရီးသွားတွေ တစ်ထောက်နားကြတဲ့နေရာ အဲဒီမှာဖြစ်သွားတာ။ ဝါဆိုသင်္ကန်းကပ်တဲ့အချိန်ပေါ့၊ အကုန်လုံးကျောင်းထဲမှာရှိနေတဲ့အချိန် ပေါင် ၅၀၀ ဗုံးလာချသွားတာ။ တိုက်ပွဲဖြစ်နေတာက မင်းလက်ပံ၊ ဖလူးကြီးဘက်ခြမ်းမှာဖြစ်နေတာ သုံးထပ်ကွေ့ဆိုတာက တော်တော် ဝေးတယ်လေ”

မြ၀တီ-ဝေါလေ လမ်းပိုင်း မင်းလက်ပံနဲ့ ဖလူးဒေသမှာ စစ်တပ်ရဲ့ထိုးစစ်ကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ဇွန်လကုန်ပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သူကဆိုပါတယ်။ အဲဒီနောက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာတွေတင်မကဘဲ တိုက်ပွဲမရှိတဲ့ အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ စစ်တပ်ဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားဖူးပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ကြန်တွင်း ဒုလ္လဘ ဝတ်နေကြတဲ့ ကိုရင်တွေထဲက ကိုရင်ကြီး နှစ်ပါး ပျံလွန်တော်မူခဲ့ပြီး နောက်ထပ် ကိုရင် ရှစ်ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့ကလည်း မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် နတ်ကြီးရွာမှာ ရှင်လောင်းလှည့်နေတဲ့ လူတန်းကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး နောက်ထပ် ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇွန်လ ၃၀ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၈၄၆ ဦးအထိ ရှိလာပြီး ဘာသာရေးဆိုင်ရာအဆောက်အအုံ ၇၆၄ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။