ပုပ္ပါးမှာ ခရီးသွား ၁၁ ဦး ဖမ်းဆီးခံရ

ဖမ်းခံရသူတွေက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နဲ့ မန္တလေးတိုင်းတို့ကနေ လာရောက်တဲ့ အမျိုးသား ၉ ဦး နဲ့ အမျိုးသမီး ၂ ဦး ပါဝင်။

မန္တလေးတိုင်း၊ ပုဂံ - ညောင်ဦးဒေသ၊ ကျောက်ပန်းတောင်းမြို့နယ်က ပုပ္ပါးကိုအလည်အပတ် သွားရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည် ၁၁ ဦးကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဇူလိုင်လ ၂၇ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖမ်းခံရသူတွေက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နဲ့ မန္တလေးတိုင်းတို့ကနေ လာရောက်တဲ့ အမျိုးသား ၉ ဦး နဲ့ အမျိုးသမီး ၂ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ အဲဒီနေ့ညနေ ဟိုတယ်မှာ လာရောက်တည်းခိုပြီး ထွက်ခွာသွားချိန် လမ်းမှာ ဖမ်းခံလိုက်ရတာ ဖြစ်တယ်လို့ Popa Garden Resort Hotel က RFA ကို ပြောပါတယ်။

“အဲဒါ hotel နဲ့ မဆိုင်ဘူး hotel မှာ ဖြစ်တာ မဟုတ်ဘူး။ ဒီမှာ တခြား ဧည့်သည်တွေလည်း ရှိတယ်လေ။ သူတို့အပြင်မှာ ဖြစ်တာပါရှင့်။ သူတို့ ဘယ်သွားမှန်း hotel ကို အသိပေး မသွားဘူး။ သူတို့ဘာသာ ထွက်သွားတာ”

အဲဒီ ခရီးသွားဧည့်သည်အဖွဲ့ကို ပုပ္ပါးလွင်ကျောင်းရှေ့မှာ အထိုင်ချတပ်ဆွဲနေတဲ့ စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေက ဖမ်းဆီးခဲ့တာလို့ တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ကြားသိရသလောက် ပုပ္ပါးလွင် ကျောင်းရှေ့မှာ စစ်ဆေးရေး လုပ်နေတဲ့ ပျူစောထီး ပြည်သူ့စစ်ရယ်၊ စစ်သားတွေက မူးပြီးတော့မှ ခေါ်သွားတယ်လို့ ပြောတယ်။ အဲဒီနေရာတစ်ဝိုက်က စစ်သားတွေ ထိုင်နေတာ ရှိတယ်။”

ဖမ်းခံရသူတွေက လက်ရှိသတင်းထုတ်လွှင့်ချိန်အထိ ပြန်လွတ်မြောက်လာတာ မရှိသေးပါဘူး။

အဲဒီဧည့်သည်တွေ အဖမ်းခံရတဲ့နေ့က ပုပ္ပါးနယ်တစ်ဝိုက်မှာ စစ်တပ်က ကား ၆ စီး နဲ့ ရောက်လာပြီး ပုပ္ပါးလွင်ရွာ၊ ပိုဇိုလန်စက်ရုံ နဲ့ ရွှေစီတိုင်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ အထိုင်ချ တပ်ဆွဲထားတယ်လို့ ဆိုပါတယ်။

လက်ရှိ အချိန်အထိ ပုပ္ပါးမြို့ ပတ်ဝန်းကျင်ကို အင်အား ၃၀၀ ခန့် နဲ့ စစ်ကြောင်းထိုးနေတာ ငါးရက်ခန့် ရှိနေပြီး တိုက်ပွဲလည်း ဖြစ်နေတာကြောင့် တော်လှန်ရေးအဖွဲ့က ဝင်ရောက်ဖို့ မလွယ်ဘူးလို့ တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ကို ထောက်ခံတဲ့ မီဒီယာတချို့ နဲ့ တယ်လီဂရမ်လူမှုကွန်ရက်အကောင့်တွေမှာတော့ ဒီခရီးသွားတွေကို ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေက ပြန်ပေးဆွဲပြီး ခေါ်ဆောင်သွားတာလို့ စွပ်စွဲရေးသားဖော်ပြနေကြပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက ဖမ်းဆီးသွားတာလဲဆိုတာကို RFA က သီးခြားအတည်မပြုနိုင်သေးတာကြောင့် ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း မအူပင်မြို့ကနေ ပုပ္ပါးကို အလည်သွားတဲ့ ဇနီးမောင်နှံနှစ်ဦး ပြန်ပေးဆွဲ အဖမ်းခံခဲ့ရပါတယ်။

ညောင်ဦးခရိုင် ပုဂံ၊ ကျောက်ပန်းတောင်းမြို့တွေမှာ လက်ရှိအချိန်အထိ ပြန်ပေးဆွဲ၊ ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေ ၁၀ ကြိမ် ထက်မနည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။