ပုဂံ - ညောင်ဦးက ပြန်ပေးဆွဲမှုများ

စစ်ကော်မရှင်အာဏာပိုင်တွေအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံးပန်းနေချိန် ပုဂံ - ညောင်ဦး ခရီးသွားတွေကို လက်နက်ကိုင် ပြန်ပေးဆွဲမှု အများအပြားရှိနေပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ပုဂံမြို့မှာ လက်ရှိ ဒီဇင်ဘာလအတွင်း ရွှေးကောက်ပွဲကျင်းပဖို့ နီးကပ်နေချိန်မှာ ခရီးသွားဧည့်သည်တွေကို ပြန်ပေးဆွဲ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ပြန်ပေးဆွဲခံရတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မအူပင်မြို့ကနေ ပုဂံကို အလည်အပတ်လာတဲ့ အသက် ၃၀ ဝန်းကျင် ဇနီးမောင်နှံ နှစ်ဦးဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက စပြီး မိသားစုနဲ့ ဒီသတင်းရိုက်ကူးထုတ်လွှင့်နေချိန်အထိ အဆက်အသွယ် ပြတ်နေတယ်လို့ ပြောပါတယ်။

ပုဂံကနေ ဆိုင်ကယ်ငှါးပြီး ပုပ္ပါးသွား လည်ချိန် အပြန်လမ်းမှာ အဆက်အသွယ် မရရှိတော့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

မိသားစုဝင်နီးစပ်သူတစ်ဦး -

“အဲဒီလိုမျိုး လက်မှတ်တွေ ဘာတွေ ဝယ်ထားပြီးသွားတော့ အဲဒီ ဆိုင်ကယ် ငှားပြီးတော့ သူတို့က EBike သွားနဲ့လို့ရှိရင် EBike က အားတွေဘာတွေမခံမှာ စိုးလို့လားမသိဘူး ရိုးရိုးဆိုင်ကယ်ကို ငှားတယ်ပေါ့၊ ငှားပြီး သူတို့ဘာသာ နှစ်ယောက်ထဲ သွားချင်တယ်ဆိုပြီးတော့ အဲဒီလိုမျိုး ခဏ ဟိုတယ်မှာလည်း သူတို့ ချက်ကောက် လုပ်ခဲ့လိုက်တယ်တဲ့၊ သူတို့ မလာသေးလို့ရှိရင် ၁၂ နာရီထိုးပေါ့နော် သူတို့ မလာသေးလို့ရှိရင် အထုပ်တွေလဲ အဆင်သင့် အထဲမှာလည်း သူတို့ သိမ်းပြီးသားပေါ့၊ အထုပ်တွေ အပြင်ထုတ်ပေးထားပါဆိုပြီး ချက်ကောက် လုပ်ခဲ့လိုက်တယ်၊ လုပ်ခဲ့ပြီးတော့မှ သူတို့က အဲဒီဆိုင်ကယ်နဲ့ သွားတာကွာ၊ သွားပြီးတော့ ပြန်ဆင်းလာပြီလို့ လည်း အသံကြားတယ်၊ ၁၁ နာရီကျော် ၁၂ နာရီလောက်အထိပေါ့၊ အဲဒီလောက်မှာ ကောင်မလေးနဲ့ သူ့အမကို လှမ်းဆက်တာပေါ့နော်၊ သူ တောင်ပေါ်ကနေ ပြန်ဆင်းနေပြီဆိုပြီး ပြောတယ်တဲ့၊ အဲဒီလိုပြောပြီးတော့ ညနေ ပြန်လာမယ်လို့ ပြောတယ်၊ အဲဒီနောက်ပိုင်းမှာ ဖုန်းတွေ ဘာတွေက အဆက်အသွယ်မရှိတော့ဘူး၊၊”

လက်ရှိအချိန်အထိ သူတို့သတင်း မကြားရသေးသလိုမိသားစုနဲ့လည်း အဆက်အသွယ် မရတာကြောင့် ကျောက်ပန်းတောင်းရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

သူတို့နှစ်ဦးမှာ ခရီးသွားချိန်မှာ တန်ဖိုးကြီး ရွှေ၊ငွေ ပစ္စည်းတွေ အပါပဲ အခုလို ပျောက်ဆုံးနေတာကြောင့် မိသားစုက စ်ုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်၊ ညနေ ၆ နာရီ ဝန်းကျင်ကလည်း ရန်ကုန်မြိုကနေ ပုဂံကို ဘုရားဖူးလာတဲ့ မိသားစုဝင်တစ်စုကို ပုဂံမြို့သစ်အနီး ပုဂံ-ချောက်လမ်းမဘေးက စေတနာကြီးဘုရားဝင်းအနီးမှာ အမျိုးသားလက်နက်ကိုင်အဖွဲ့တစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနေ့ တစ်ရက်ထဲမှာပဲ ပြန်ပေးဆွဲခံရတဲ့ မိသားစုတစ်စုဟာ ငွေကျပ် သိန်းတစ်ထောင်နဲ့ အဖိုးတန် လက်ဝတ်လက်စားတွေပေးပြီး ပြန်လည်လွတ်မြောက်လာတယ်လို့ ပြောပါတယ်။

ဒီလို ပြန်ပေးဆွဲ လုပ်ဆောင်မှုတွေကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူစစ်၊ ပျူစောထီးအဖွဲ့တွေနဲ့ ဒေသပြည်သူ့ကာကွယ်အဖွဲ့ အချို့က လုပ်ဆောင်နေတာ ဖြစ်တယ်လို့ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ နီးစပ်တဲ့ ကိုကာကာက RFA ကို ပြောပါတယ်။

ကိုကာကာ - တော်လှန်အဖွဲ့နဲ့ နီးစပ်သူတစ်ဦး

“စစ်ကောင်စီဘက်က ပြည်သူ့ စစ်လို့ခေါ်တဲ့ ပျူစောထီးတွေ ရှိတယ်၊ လက်နက်ကိုင်တွေ ရှိတယ်၊ PDF ဘက်မှာလည်း NUG လက်အောက်မှာ မဟုတ်တဲ့ ပကဖ လက်အောက်မှာ မရှိတဲ့ လိုကယ် PDF တွေရှိတယ်၊ စစ်ကောင်စီနယ်မြေ ဖြစ်တဲ့ဟာက တခါတလေကျရင် စစ်ကောင်စီ နယ်မြေမှာလည်း စစ်ကောင်စီရဲ့ ပြည်သူ့စစ်တွေ ပျူတွေက အရပ်ဝတ်တွေနဲ့ ကင်းလှည့်ပြီးတော့မှ လွယ်ရင် လွယ်သလို လုပ် သွားတဲ့ကိစ္စတွေ ရှိသလို တချို့ တော်လှန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ လက်နက်တွေကို ပြည်သူက ဝယ်ပေးထားတဲ့ အဖွဲ့တချို့ကလည်း ဆောင်ရွက်နေတာတွေ ရှိတယ်၊ လုပ်တဲ့ဟာက တော်လှန်ရေးအဖွဲ့က လုပ်တဲ့ဟာ ရှိသလို ပြည်သူ့စစ်ကလည်း ပြည်သူ့စစ်နဲ့ပျူတွေကလည်း စစ်ကောင်စီရဲ့ တပ်သားတွေကလည်း အရပ်ဝတ် ဝတ်ပြီး တော့မှ လုပ်ဆောင်တဲ့ဟာတွေလည်း ရှိတယ်ဆိုတာကို ပြောပြတာပါ”

စစ်ကော်မရှင်က လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်နဲ့ ပျူစောထီးတွေက သူတို့ထိန်းချုပ်ထားတဲ့ ပုဂံ နဲ့ ကျောက်ပန်းတောင်းမြို့ပေါ်တွေက ပိုက်ဆံရှိသူတွေကို ပစ်မှတ်ထား ပြန်ပေးဆွဲ ငွေတောင်းနေတာတွေ ရှိတယ်လို ပြောပါတယ်။

အခြားတစ်ဖက်မှာလည်း စစ်ကော်မရှင် မထိန်းချုပ်နိုင်တဲ့ နေရာတွေမှာ ဒေသကာကွယ်ရေး အချို့အဖွဲ့ ကလည်း စစ်တပ် လက်အောက်ခံ ဒေါက်တိုင် နဲ့ သူတို့ကို အခွန်ဆောင်နေသူလို့ ယူဆသူတွေကို ဖမ်းဆီးတာတွေ ရှိနေတယ်လို ဆိုပါတယ်။

ညောင်ဦးခရိုင် ပုဂံ၊ ကျောက်ပန်းတောင်မြို့တွေမှာ လက်ရှိအချိန်အထိ ပြန်ပေးဆွဲ၊ ဓားပြတိုက်တဲ့ ဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဂံကို လက်ရှိ ဒီဇင်ဘာလအားလပ်ရက်အတွင်း ဘုရားဖူးဧည်သည် ဝင်ရောက်မှုတွေ ရှိနေပြီး အခြားတစ်ဖက်မှာလည်း ဒီဖြစ်စဉ်တွေကြောင့် ခရီးသွားမယ့်သူအချို့မှာ လုံခြုံရေးစိုးရိမ်မိတဲ့အကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။ ။