ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာ ကျိုးပေါက်ပြီးနောက် ရပ်ကွက်နဲ့ ကျေးရွာတွေထဲ ရေဝင်လာတာကြောင့် ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၈ ရွာလောက်က ဒေသခံတွေ အရေးပေါ်ရွှေ့ပြောင်းနေရပြီး တချို့နေရာတွေမှာ နေအိမ်တွေခေါင်မိုးအထိ ရေမြုပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်တပ်ခန့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ တာကျိုးပေါက်ပြီးနောက် ငဝန်မြစ်ရေဟာ မြစ်ကျိုးအင်းအတွင်း ဝင်ရောက်ပြီး လေးမျက်နှာ မြို့နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာတွေကို ရေဝင်ရောက်လာတာကြောင့် အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ ရပ်ကွက်တွေနဲ့ ရွာ ၈ရွာလောက်က အိမ်ခြေ ၁,၃၂ဝ က လူဦးရေ (၆,၇၄၇) ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ၄၂ မိနစ်လောက်မှာ လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာမှာရှိတဲ့ ငဝန်မြစ်ရေကာတာဟာ အလျား ပေ ၅၀ လောက် ကျိုးပေါက်ခဲ့တာလို့ ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ကွမ်းခြံကုန်းဒေသခံတစ်ဦးက “ငဝန်မြစ်ဘေးနားရွာတွေက ပိုဆိုးတာပေါ့။ ကွမ်းခြံကုန်းဆိုရင် ညကတည်းက ပေါင်၊ ခါးလောက်အထိ ဖြစ်ကုန်တာ။ ကျွဲတဲတို့ဆို ခေါင်မိုးတွေပါ မြုပ်တယ်။ ငဝန်ဒီဘက်တစ်ခြမ်းလုံးဆိုတော့ ခြောက်ရွာ၊ ခုနှစ်ရွာလောက်ရှိမယ်။ သိရသလောက်တော့ ဟင်္သာတ၊ တလုတ္ထော်၊ ငဝန်မြစ်တစ်ဖက်ကမ်းက လေးမျက်နှာမြို့ဟောင်းနဲ့ ဇီးတောဘက်တွေကို ရွှေ့ပြောင်းနေကြရပါတယ်" လို့ ပြောပါတယ်။
လေးမျက်နှာမြို့ပေါ်မှာလည်း ရေက ဆက်မြင့်တက်နေပြီး ဇူလိုင် ၃၁ ရက် မနက် ၇ နာရီဝန်းကျင်မှာ အမှတ် ၂ ရပ်ကွက်ထဲကို ရေစတင်ဝင်ရောက်လာကာ တစ်နာရီအတွင်း ရေတစ်ပေကျော် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းတွေမှာ ရေလျှံလာတာကြောင့် ဆိုင်ကယ်သွားလို့ မရတော့တဲ့နေရာတွေရှိပြီး လေးမျက်နှာမြို့ပေါ်က ဈေးလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။ ရေဘေးကြောင့် စာသင်ကျောင်းအချို့လည်း ယာယီပိတ်ထားရပြီး စပါးခင်း ဧက ၁,၀၀၀ နီးပါး ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာမိုင်အမှတ် ၂၅/၃ မှာ သဲဗွက်ဖြစ်ပြီး တာနိမ့်ဆင်းလာတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေက တုတ်ရိုက်တာ၊ ကျောက်ချတာ၊ သဲမြေဖို့တာနဲ့ သဲအိတ်စီတာတွေ လုပ်ပြီး ကာကွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တာကျိုးပေါက်ခဲ့တာလို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်တပ်ခန့်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ ဧရာဝတီတိုင်း လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒေသခံတွေပြောပြချက်အရတော့ ဧရာဝတီတိုင်းက စစ်တပ်ခန့်အစိုးရအဖွဲ့ဟာ ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နဲ့ အနီးဝန်းကျင်က အနိမ့်ပိုင်းရပ်ကွက်နဲ့ ကျေးရွာတွေထဲ ရေဝင်ရောက်နိုင်တာကြောင့် ဒေသခံတွေကို ကုန်းမြင့်တဲ့နေရာတွေ၊ ကျောင်း၊ ဓမ္မာရုံနဲ့ သတ်မှတ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းကြဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။
ရေကာတာကျိုးပေါက်မှုကြောင့် ပိတ်မိနေသူတွေကို ရေယာဉ်တွေနဲ့ ကယ်ဆယ်ဖို့ လိုအပ်နေပြီး လူမှုကူညီရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ အရေးပေါ်ရွှေ့ပြောင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။
လက်ရှိမှာ မြို့ပေါ်နဲ့ ကျေးရွာဘက်တွေမှာ ရေဝင်ရောက်တဲ့အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး ရေယာဉ်နဲ့ လူအင်အားတွေ ပိုလိုအပ်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မိုးကြီးပြီး မြစ်ရေ ဆက်တက်လာမယ်ဆိုရင် လေးမျက်နှာမြို့အောက်ပိုင်း ငဝန်မြစ်တစ်လျှောက်က အိုင်သပြုဘက်ကျေးရွာတွေအထိ ရေကြီးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
