ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၂၇ ဦး တိုက်ပိတ်ခံထားရပြီး ညှဉ်းပန်းနှိပ်စက်ခံနေရ

တိုက်ပိတ်ခံထားရသူတွေထဲက ကိုယ်ဝန်ဆောင်အကျဉ်းသူတစ်ဦးနဲ့ မွေးကင်းစကလေးပါ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆို။

ပဲခူးတိုင်း ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၂၇ ဦးဟာ သီးခြားတိုက်ပိတ်ခံထားရပြီး ရိုက်နှက်ညှဉ်းပန်းတာ၊ ဆေးကုသခွင့်ငြင်းပယ်တာနဲ့ ထောင်ဝင်စာကန့်သတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ သတင်းတာဝန်ခံ မရောင်နီလင်းက RFA ကို ဇူလိုင်လ ၃၀ ရက်နေ့က ပြောပါတယ်။

တိုက်ပိတ်ခံထားရသူတွေထဲက ကိုယ်ဝန်ဆောင်အကျဉ်းသူတစ်ဦးနဲ့ မွေးကင်းစကလေးပါ အသက်ဆုံးရှုံးခဲ့ရတယ်လို့ မရောင်နီလင်းက RFA ကို ပြောပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တာကြောင့် ကိုယ်ဝန်ဆောင်အကျဉ်းသူတွေနဲ့ အရေးပေါ်ခွဲစိတ်လူနာတွေကို ပြင်ပဆေးရုံပို့ခွင့်မရဘဲ ထောင်တွင်းမှာပဲမွေးဖွားခိုင်းတယ်။ ဒီလို လုပ်ရက်တွေကြောင့် မွေးဖွားပြီးနောက် လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရမရလို့ မိခင်တစ်ဦး ကလေးဆုံးရှုံးခဲ့ရသလို မွေးကင်းစကလေးငယ်တစ်ဦးလည်း ၂၄ နာရီအတွင်း သေဆုံးခဲ့ရသေးတယ်”

PPNM ပြောဆိုချက်အရ အကျဉ်းထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝင်စာနဲ့ ဧည့်တွေ့ခွင့်ပိတ်မယ်လို့ ခြိမ်းခြောက်ပြီး အလုပ်ကြမ်းတွေကို အတင်းအကျပ် ခိုင်းစေသလို ငြင်းဆန်သူတွေနဲ့ အခွင့်အရေးတောင်းဆိုသူတွေကို သီးခြားတိုက်ထဲခေါ်ပြီး ရိုက်နှက်ညှဉ်းပန်းသလို၊ အချိန်အကန့်အသတ်မရှိ တိုက်ပိတ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်ကြားသူတွေကို “ဆူပူသောင်းကျန်းတယ်” ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက်အန္တရာယ်ခြိမ်းခြောက်တာ၊ အမျိုးသမီးထောင်ဝန်ထမ်း ငါးဦးက နံပါတ်တုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်တာ၊ ထောင်ဝင်စာနဲ့ ပြင်ပဆက်သွယ်ရေး ဖြတ်တောက်တာ၊ သက်သေအတုဖန်တီးပြီး အမှုဆင်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ PPNM က ပြောပါတယ်။

တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တစ်နေ့ ရေတစ်လီတာဘူး တစ်ဘူးသာ ပေးပြီး ၁၄ ရက်ကြာ ရေချိုးခွင့်ပိတ်ပင်ထားသလို ဆန်ပြုတ်တစ်မျိုးတည်းကိုသာ စားသောက်ခွင့်ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဒိုက်ဦးအကျဉ်းထောင်အတွင်း လွတ်ရက်စေ့ခါနီး အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ငါးဦးခန့်ကို တရားမဝင်ပစ္စည်းတွေနဲ့ အမှုဆင်ပြီး ထောင်ဒဏ်တွေ တိုးမြှင့်ထားတယ်လို့လည်း PPNM က ပြောပါတယ်။

ဒိုက်ဦးထောင်တွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူ ပဲခူးတိုင်း အတွင်းရေးမှူး ဦးခင်မောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၃၁ ရက်နေ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လုပ်ရပ်တွေနဲ့ ဆက်စပ်လို့ အဖမ်းခံခဲ့ရသူ ၃၁,၆၁၉ ဦးရှိပြီး အဲဒီထဲက ၂၂,၅၄၃ ဦးက အခုထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။