ထိုင်းအစိုးရက နိုင်ငံခြားသားတွေအပေါ် ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကျပ်နေတဲ့ကြားကပဲ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ လေးလအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး (၆၈၇,၀၀၀ ခန့်) ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ (IOM) က ဇွန်လကုန်လောက်က ထုတ်ပြန်ထားပါတယ်။
အဲဒီအရေအတွက်ဟာ ထိုင်းမှာ အခြေချနေထိုင်မယ့်သူတွေချည်း မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော် ဝင်ထွက်သူတွေလည်း ပါဝင်ပါတယ်။ အဲဒီအထဲက ၁၁ ရာခိုင်နှုန်းကတော့ ရေရှည်နေထိုင်ဖို့ ဝင်ရောက်လာသူတွေပါ။
IOM က လူပေါင်း ၃၅ဝဝကျော်ကို မေးမြန်းကောက်ယူခဲ့တဲ့အချက်အလက်တွေအရ အဲဒီထဲက ၄၁ ရာခိုင်နှုန်းက တရားဝင်အထောက်အထားစာရွက်စာတမ်း မရှိကြဘူးလို့ ဆိုပါတယ်။
ထိုင်းအစိုးရရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေရှိနေပေမဲ့ မြန်မာပြည်ကနေ ထိုင်းမှာ အလုပ်လာလုပ်လိုသူတွေ များနေဆဲပဲလို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား မအေမီက ပြောပါတယ်။
“မြန်မာပြည်ထဲမှာ နေရတာ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူး၊ ပြီးတော့လည်း ပေါ်တာဆွဲတာတွေလည်း ကြောက်နေရတော့ သူတို့အနေနဲ့ ထိုင်းကိုပဲ လာချင်တယ်ပေါ့နော်၊ ထိုင်းမှာ ရတဲ့ အလုပ်လေး လုပ်ပြီးတော့ နေထိုင်ချင်တယ်ဆိုပြီးတော့ လာချင်ကြတာ အဲ့လိုမျိုးတွေ ရှိပါတယ်”

မြန်မာပြည်မှာ စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းမှုတွေကြောင့် မြန်မာလူငယ်တွေက နည်းလမ်းမျိုးစုံသုံးပြီး ထိုင်းနိုင်ငံကို ဝင်လာနေကြတာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“အဖမ်းအဆီးတွေ၊ အကျပ်အတည်းတွေ၊ အခက်အခဲတွေ ဘယ်လောက်ပဲ ရှိနေရှိနေ မြန်မာနိုင်ငံမှာ တည်ဆဲ စစ်မှုထမ်း၊ စစ်သားစုဆောင်းရေး အကျပ်အတည်းကြီးက မြန်မာပြည်မှာရှိတဲ့ လူငယ်မောင်မယ်တွေကို အထိတ်တလန့်ဖြစ်စေတယ်၊ မိဘတွေကိုလည်း စိုးရိမ်ကြောင့်ကြမှုဖြစ်စေတဲ့အခါကျတော့ ငွေကြေးအကုန်အကျလည်း အနည်းဆုံးနဲ့ မြန်မာနိုင်ငံနဲ့ အနီးဆုံးဖြစ်တာကို ပွဲစားတွေကတစ်ဆင့် လာတာပေါ့။”
မြန်မာပြည်တွင်း အခြေအနေတွေက ထိုင်းကို ရွှေ့ပြောင်းဖို့ တွန်းအားဖြစ်နေသလို၊ တစ်ဖက်မှာလည်း ထိုင်းနိုင်ငံရဲ့ လုပ်သားလိုအပ်ချက်က မြန်မာတွေ ဝင်ရောက်မှု ဆက်လက်မြင့်တက်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ထိုင်းနိုင်ငံတွင်း လုပ်သားလိုအပ်ချက်ရှိနေတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းမျှော်လင့်ပြီး ဝင်လာကြတဲ့ မြန်မာလုပ်သားတွေလည်း ရှိတယ်လို့ ထိုင်းနိုင်ငံရောက် စီးပွားရေးအကြံပေး လုပ်ကိုင်နေတဲ့ မနွဲ့ဒါလီဇော်က ပြောပါတယ်။
“ထိုင်းနိုင်ငံရဲ့ အခြေခံအလုပ်သမားတွေရဲ့ ၇၀ ရာခိုင်နှုန်းက ရွှေ့ပြောင်းလုပ်သားတွေလို့ ဆိုတာပေါ့။ ကမ္ဘောဒီးယားလုပ်သားတွေကို နိုင်ငံပြန်လွှတ်တဲ့ အခြေအနေတွေရှိလာတော့ ဒီအလုပ်ခွင်တွေမှာ ဒါလီတို့ မြန်မာလုပ်သားတွေကို လိုအပ်ချက် ပိုများလာတယ်။ အဲ့ဒါကြောင့်မို့လို့ မြန်မာလုပ်သားတွေက ပိုပြီးတော့ ဝင်လာတယ်၊ ဝင်လာဖို့အတွက် အခွင့်အရေးတွေ ရှိလာတယ်ပေါ့နော်”
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံအတွင်း အဖမ်းအဆီးနဲ့ စစ်ဆေးမှုတွေက ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက် စိန်ခေါ်မှု ဖြစ်နေပါတယ်။

ထိုင်းအစိုးရက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို နှိမ်နင်းနေတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေအပေါ် အရင်ကထက် ပိုတင်းကျပ်လိမ့်မယ်လို့ ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က သုံးသပ်ပါတယ်။
“online လိမ်လည်မှုကိစ္စတွေ၊ ကျွန်တော်တို့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုကိစ္စတွေ၊ နယ်စပ်ဖြတ်ကျော် ကျွန်တော်တို့ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ကျွန်တော်တို့ ဒီလက်နက်မှောင်ခိုလုပ်မှု၊ အဲ့ဒီကိစ္စတွေကလည်း ကျွန်တော်တို့ ဒီ ရွှေ့ပြောင်းတွေနဲ့ ကျွန်တော်တို့ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်း ဟို ကျွန်တော်တို့ ပတ်သက်နေတာမျိုးတွေလည်း ရှိပါတယ်။ အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့ ထိုင်းအစိုးရအနေနဲ့က ဒါ ဟို ကျွန်တော်တို့ ခါတိုင်းထက် ပိုပြီးတော့ပေါ့နော် စနစ်ကျတဲ့ ကျွန်တော်တို့ ကျွန်တော်တို့ ဒီ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်တယ်၊ တကယ်လည်း ကျွန်တော်တို့ အရေးယူဆောင်ရွက်မှုတွေကို ကျွန်တော်တို့ ထိထိရောက်ရောက် လုပ်နေတာ တွေ့နေရတယ်၊ ဆိုတော့ နောင်လည်း ဒီထက် ပိုပြီးတော့ တင်းကျပ်မယ့် policy တွေနဲ့ တင်းကျပ်တဲ့ လုပ်ဆောင်မှုတွေ လုပ်လိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ သုံးသပ်လို့ရပါတယ်”
ရွှေ့ပြောင်းလာသူတွေအပေါ် ထိုင်းအစိုးရကတင်းကျပ်နေပေမယ့် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့်ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာသူတွေ ဆက်ရှိနေဦးမယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက သုံးသပ်ကြပါတယ်။
