အာဆီယံပဋိဥာဥ်၊ အာဆီယံနည်းလမ်း အခြေခံမှသာ အာဆီယံတောင်းဆိုမှုစဥ်းစားမည်

၂၀၂၁ ဘုံသဘောတူညီချက် ၅ ရပ် အာဏာသိမ်းစစ်ခေါင်းဆောင်အား မူကြမ်းမပြဘဲ ထုတ်ပြန်ခဲ့၊ လက်ရှိအခြေအနေနဲ့မကိုက်ညီဟု လွှတ်တော်ကိုလွှဲချ။

အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက လိုက်နာဖို့ တောင်းဆိုချက်တွေကို “အာဆီယံပဋိညာဥ်၊ အာဆီယံနည်းလမ်း၊ အာဆီယံ စိတ်ဓာတ်တွေ အခြေခံမှသာ အပြုသဘောစဥ်းစားသွားမယ်”လို့ စစ်တပ်ခန့် အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာဖက်က အခုလို တင်ပြခဲ့တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်မှာ စစ်အာဏာသိမ်းအပြီး ၂၀၂၁ ဧပြီလ ၂၄ ရက်နေ့က စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်တက်ခဲ့တာဖြစ်ပြီး ဒီအစည်းအဝေးမှာ အချက် ၅ ချက်ပါ အာဆီယံ ထုတ်ပြန်ချက်ကို နောက်ဆက်တွဲအဖြစ် ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့် သဘောထား မူကြမ်းကို အရင်ချပြအသိပေး ညှိနှိုင်းမှုမရှိဘဲ ထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင် အတည်ပြုချက် မပါတဲ့အတွက် ဘုံသဘောတူညီချက်မဟုတ်လို့လည်း ငြင်းဆိုထားပါတယ်။

ဒါ့အပြင် ဒီကြေညာချက်မှာ အာဆီယံ ပဋိညာဥ်အတိုင်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို လေးစားဖို့၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဝင်မစွက်ဖို့လည်း ရေးသားထားပါတယ်။

ဇူလိုင် ၂၁ ရက်န့ကနေ ဇူလိုင် ၂၄ ရက်နေ့အထိကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ခန့် အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ဟာ အာဆီယံအစည်းအဝေးမပြီးဆုံးခင် တစ်ရက်အလိုမှာ အချိန်ကိုက်ထုတ်ပြန်တာဖြစ်ပြီး မြန်မာခေါင်းဆောင်တွေ အာဆီယံထိပ်သီးညီလာခံ ပြန်တက်ရောက်ဖို့ဆိုတာ အဝေးကြီး လိုသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ထရီစာ လာဇရို (Theresa Lazaro) က ပြောကြားချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ ၂၀၂၆ အာဆီယံထိပ်သီးညီလာခံမတိုင်ခင်မှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဥ်အဖြစ် ဦးဆောင်သွားရောက်ဖို့ရှိပါတယ်။ ဒီခရီးစဥ်မှာ စစ်တပ်က အာဏာသိမ်းကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားပြီး “တွေ့ခွင့်ရမရ မသေချာပါဘူး”လို့လည်း သူကပြောပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရာမှာ တိိုးတက်မှုတွေကို စောင့်ကြည့်တိုင်းတာရေးအတွက် စံသတ်မှတ်ချက်တွေထားရှိဖို့ နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဇူလိုင်လ ၂၁ ရက်နေ့မှာ သဘောတူထားပါတယ်။

အာဆီယံ အဖွဲ့ဝင် ၁၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇူလိုင်လ ၂၁ ရက်နေ့က ၂၃ ရက်နေ့အထိ လက်ရှိအလှည့်ကျ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်၊။ စစ်ရေးအရ ပြန်တင်းမာလာတဲ့ အီရန်စစ်ပွဲနဲ့ ဟောမုစ်ရေလက်ျားအရေး၊ မြန်မာပြည်တွင်း စစ်ပြဿနာနဲ့ တောင်တရုတ် ပင်လယ် အငြင်းပွားမှုတွေကို ပူးပေါင်းအဖြေရှာ ဆွေးနွေးကြတယ်လို့ သိရပါတယ်။

၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည်ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။