ခွင့်နဲ့ပြန်လာမယ့် ပြည်ပရောက် မြန်မာလုပ်သားတွေ သံရုံးထောက်ခံစာ လိုအပ်

ဒီသတ်မှတ်ချက်ဟာ မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား နေ့ကစပြီး အကျုံးဝင်မှာဖြစ်။

ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါ သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကနေ ထောက်ခံစာထုတ်ယူဖို့ လိုအပ်တယ်လို့ စစ်တပ်ခန့်အစိုးရအဖွဲ့ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဧပြီလ ၂၈ နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီသတ်မှတ်ချက်ဟာ မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား နေ့ကစပြီး အကျုံးဝင်မှာဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ ခွင့်နဲ့ပြန်လာမယ့် မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံကို ပြန်မလာခင် အလုပ်ရှင် သို့မဟုတ် ကုမ္ပဏီဆီက ခွင့်စာ (Letter of Permission for Leave) အရင်ရယူပြီး အဲဒီခွင့်စာနဲ့အတူ မြန်မာသံရုံးမှာ ထောက်ခံစာ သွားလျှောက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

သံရုံးနဲ့ ကောင်စစ်ဝန်ရုံးမရှိကြတဲ့ နိုင်ငံတွေက အလုပ်သမားတွေကတော့ အနီးဆုံးနိုင်ငံ ဒါမှမဟုတ် အနီးဆုံးမြို့မှာရှိတဲ့ မြန်မာသံရုံးကိုသွားပြီး ထောက်ခံစာယူရမယ်လို့လည်း အသိပေးထားပါတယ်။

ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ခွင့်ပြန်အလုပ်သမားအဖြစ် ဟန်ဆောင်ပြီး ခွင့်စာအတုတွေ အသုံးပြုမယ်၊ တရားမဝင်ထွက်ခွာဖို့ ကြိုးစားကြမယ်ဆိုရင် ပြည်ပထွက်ခွာခွင့်ကို အချိန်တစ်ခုအထိပိတ်ပြီး Blacklist (အမည်ပျက်) စာရင်းသွင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စင်ကာပူနိုင်ငံရောက်နေတဲ့ အလုပ်သမားတစ်ဦးက သံရုံးဝန်ထမ်းတွေကို လာဘ်စားခွင့်ပေးလိုက်တာပဲလို့ RFA ကို ပြောပါတယ်။

“စစ်တပ်ကလာတဲ့သူတွေဆိုတော့ စစ်တပ်ထဲမှာလိုပဲ စစ်သားတွေကို အမိန့်ပေးသလို ပြည်သူတွေကို အားတိုင်းအမိန့်တွေပေးပြီး ထုတ်ပြန်ချက်တွေ နေ့တိုင်းနီးပါး ထုတ်နေတာလေ။ ပြည်တွင်းမှာလည်း ထုတ်တယ်။ ပြည်ပကသူတွေအတွက်လည်း ထုတ်တယ်။ ဒဏ်ငွေကို ဝင်ငွေအဖြစ်လုပ်ယူတာမှာ စစ်တပ်က လာတဲ့သူတွေက ကျွမ်းကျင်တယ်လို့ ကြားဘူးတယ်ဗျ၊ ဒါကြောင့် စစ်တပ်ခန့်ဝန်ထမ်းတွေကလည်း ဝေစား၊ မျှစားကျွမ်းကျင်ကြတယ်လေ၊ အခု ထုတ်ပြန်ချက်ကလည်း သံရုံးကသူတွေနဲ့ ပြည်တွင်းက အလုပ်သမားဝန်ကြီးဌာန ဝေစားကြမှာပဲ၊ လာဘ်ပေးလာဘ်ယူလုပ်ကောင်းအောင် သံရုံးကသူတွေကို လာဘ်စားပိုင်ခွင့်ပေးလိုက်တာလို့ပဲ မြင်ပါတယ်ဗျာ”

ခွင့်ရက်နဲ့ ပြန်လာမယ့် အလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်ပါမစ်၊ ဗီဇာ နဲ့ အလုပ်ရှင် သို့မဟုတ် ကုမ္ပဏီရဲ့ ခွင့်စာ အပြင် သံရုံးထောက်ခံစာတို့ ရှိဖို့ လိုအပ်ပါတယ်။ ခွင့်စာမှာ ဖော်ပြထားတဲ့ လုပ်ငန်းခွင်နဲ့ OWIC (Overseas Worker Identification Card) ကတ်ထဲက အလုပ်အကိုင်အချက်အလက် မတူညီရင်လည်း မြန်မာနိုင်ငံပြန်ရောက်ချိန်မှာ OWIC ကတ် အသစ်ပြန်လည်လျှောက်ထားရမယ်လို့လည်း တင်းကျပ်ထားပါတယ်။

လတ်တလော မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေသူတွေကတော့ မေလ ၁ ရက် (မေဒေး) နေ့ မတိုင်ခင် ပြည်ပထွက်ခွင့်လျှောက်လွှာ တင်သွင်းထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။