နိုင်ငံခြားကတင်သွင်းတဲ့ မျိုးစေ့တွေကြောင့် ဒေသထွက်မျိုးစေ့တွေ ပျောက်ကွယ်လာ
2024.03.07
မြန်မာနိုင်ငံကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကနေ တောင်သူတွေအတွက် မျိုးစေ့အမျိုးမျိုး တင်သွင်းနေတာကြောင့် မြန်မာနိုင်ငံရဲ့ ဒေသထွက်သီးနှံမျိုးစေ့တွေ ပျောက်ကွယ်လာတယ်လို့ စိုက်ပျိုးရေးလုပ်ကိုင်သူတွေက ပြောပါတယ်။
ခုလိုပြည်ပကနေ တင်သွင်းရတာကြောင့် မျိုးစေ့လုံလုံလောက်လောက်မရတဲ့ ပြဿနာအပြင် စျေးနှုန်းကြီးမြင့်မှုပါ တောင်သူတွေက ရင်ဆိုင်လာရပါတယ်။
ဒီအထဲမှာ ငရုတ်သုံးဧက စိုက်ပျိုးထားတဲ့ အင်္ဂပူမြို့နယ် ကျွန်းရွှေဝါရွာက အသက် ၄၈ နှစ်အရွယ် ဦးဇော်ဝင်းလည်း ပါပါတယ်။ သူစိုက်ထားတဲ့ ပြောင်းနဲ့ ငရုတ်မျိုးစေ့ကို ပြည်ပက ဝယ်ယူရတာပါ။
ပြီးခဲ့တဲ့နှစ်က ငရုတ်နှစ်ဧကစိုက်ရာမှာ မျိုးစေ့၊ ပိုးသတ်ဆေးနဲ့ မြေသြဇာဖိုးအပါအဝင် စိုက်ပျိုးစရိတ် ကျပ် ၄၅ သိန်း အထိ ကုန်ကျခဲ့ပါတယ်။
အရင်နှစ်က ငရုတ်မျိုးစေ့တစ်ထုတ်ကို ကျပ်တစ်သောင်းဝန်းကျင်ရှိရာကနေ အခုနှစ်မှာတော့ နှစ်သောင်းကျော် ပေးဝယ်ခဲ့ရပါတယ်။ ဒါပေမဲ့ မျိုးစေ့လိုသလောက် ဝယ်မရတာကြောင့် ရတဲ့မျိုးကို စိုက်ခဲ့ရလို့ နစ်နာမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့က စိုက်တယ်ဆိုရင် ဘယ်အချိန်လောက် စပျိုးသလဲဆိုရင် ဝါဆို၊ ဝါခေါင်လလောက်မှာ ကျွန်တော်တို့က စပျိုးရတာ။ အဲဒီအချိန်ကာလမှာ ရမယ်ရမယ်နဲ့ ဖြစ်သွားခဲ့တယ်။ နောက်ပိုင်းကြတော့ ကျွန်တော်တို့ အခု တစ်ထုတ်ကို နှစ်သောင်းခုနှစ်ထောင်လောက်အထိ ပေးဝယ်စိုက်ရတယ်"
အင်္ဂပူမြို့နယ် ရဲဘော်ကျွန်းကျေးရွာက အသက် ၅၂ နှစ်အရွယ် ဦးစိန်သောင်းကတော့ ငရုတ်သုံးဧက စိုက်ပျိုးထားသလို ကိုယ်တိုင်လည်း ပိုးသတ်ဆေးတွေ ရောင်းပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကနေ မျိုးစေ့၊ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေ တံဆိပ်အမျိုးမျိုးနဲ့ ဝင်ရောက်လာတာလို့ ပြောပါတယ်။
ဒါ့အပြင် လယ်ယာသုံးပစ္စည်းတွေနေရာမှာလည်း တရုတ်စက်တွေကိုသာ အများဆုံးမှီခိုနေရလို့ ကျွဲ၊ နွားနဲ့ မိရိုးဖလာလုပ်တဲ့ ထွန်ယက်မှုတွေ ပျောက်ကွယ်လာတာကြောင့် ပြည်ပနိုင်ငံတွေရဲ့ လွှမ်းမိုးမှုက ကြီးထွားလာနေတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့က သူတို့ဆီကမှ မျိုးစေ့မရရင် ကျွန်တော်တို့က မစိုက်ရတော့တဲ့ အခြေနေမျိုးအထိတောင် ရောက်သွားနိုင်တယ်။ တစ်နည်းအားဖြင့်တော့ ကျွန်ပြုတာပေါ့။ ပညာနဲ့လာပြီး ကျွန်ပြုတာပေါ့။ အဲဒီ ပုံစံမျိုးပဲ။ အဲဒီက မျိုးစေ့တွေ မရဘူးဆိုရင် ကျွန်တော်တို့ အများကြီး ဒုက္ခရောက်သွားနိုင်တယ်။ ကျွန်တော်တို့ ဒေသမျိုးစေ့တွေက လုံးဝပျောက်သွားတာ။ မျိုးစေ့ကို အချိန်တန် မရဘူးဆိုလို့ရှိရင် သူတို့ရဲ့စျေးတင်သရွေ့ ကျွန်တော်တို့က လိုက်ပြီးတော့ ဝယ်ပြီးသုံးနေရမှာဆိုတော့ ကျွန်တော်တို့ ပြည်သူတွေအတွက် ရေရှည်မှာ အဆင်မပြေဘူး"
ပြည်ပကလာတဲ့ မျိုးစေ့တွေမမှန်တာနဲ့ ဓာတုဆေးဝါးတွေကြောင့် သီးနှံပျက်စီးဆုံးရှုံးတာရှိပေမယ့် ရောင်းချတဲ့ ကုမ္ပဏီတွေက အာမခံချက်ပေးတာတွေ မရှိဘူးလို့လည်း ဦးစိန်သောင်းက ပြောပါတယ်။
ရဲဘော်ကျွန်းကျေးရွာက နှစ် ၃၀ ကိုင်းလုပ်လာတဲ့ အသက် ၆၀ အရွယ် ဦးအေးငွေကတော့ ကိုင်း ခြောက်ဧကမှာ ငရုတ်သုံးဧက စိုက်ပျိုး ထားပါတယ်။ သူတို့ရွာမှာတော့ မြန်မာမျိုးစိုက်တဲ့ ငရုတ်စိုက်တောင်သူ မရှိတော့တဲ့အတွက် မြန်မာမျိုးစေ့တွေကို ပြန်အသုံးပြုဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။
"ကျွန်တော်တို့ ရဲဘော်ကျွန်းတင် ငရုတ်စိုက်သမား အိမ်ခြေ ငါးဆယ်ပေါ့။ တခြားသူတွေကို မကြည့်နဲ့ အဲဒီအိမ်ခြေ ငါးဆယ်က မြန်မာမျိုးကို ဘယ်သူစမ်းစိုက်သလဲဆိုရင် ဘယ်သူ့မှ စမ်းမစိုက်ဘူး။ ဒီမျိုးတွေစမ်းမစိုက်တဲ့အတွက် မြန်မာမျိုးပြန်ကောင်းလာဖို့ အသုံးချလာဖို့ဆိုတာကတော့ တော်တော်ကို ခက်ခဲတယ်"
မြန်မာနိုင်ငံမှာ ဒေသထွက် မျိုးစေ့တွေဖြစ်တဲ့ စပါး၊ နှမ်း၊ ကြံ၊ ပဲကတ္တီပါ၊ ပဲတီစိမ်း စတဲ့မျိုးစေ့တွေကို စိုက်ပျိုးရေးဦးစီးဌာနကနေ မျိုးစပ်ပြီး မျိုးစေ့ထုတ် စိုက်ပျိုးနေတာ ရှိတယ်လို့ တောင်သူပညာပေးနေတဲ့ စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဒီလိုစိုက်ပျိုးတဲ့အခါ ရာသီဥတုနဲ့ ပိုးမွှားဒဏ်ကို ပိုမိုကာကွယ်နိုင်သလို ပိုးသတ်ဆေး သုံးစွဲရတာနည်းပြီး အထွက်နှုန်းပိုကောင်းတယ်လို့ သူက ပြောပါတယ်။
ပြည်ပမျိုးစေ့တွေကတော့ မြန်မာပြည်ကိုဝင်လာတဲ့အခါ တစ်ဆင့်မျိုးခံပြီး ပြန်စိုက်ယူလို့မရတဲ့ အက်ဖ်ဝမ်း (F1) အဆင့် မျိုးစေ့သာ တင်သွင်းရောင်းချတာများတယ်လို့ ဆို ပါတယ်။
ဒီလိုမျိုးစေ့တွေကို စိုက်ပျိုးရေးဌာနတွေအနေနဲ့ စိုက်ပျိုးလို့မသင့်သေးတဲ့ မျိုးစေ့အဖြစ် သတ်မှတ်ထားပါတယ်။ အနည်းဆုံး ၄ နှစ်လောက် မျိုးစေ့ပြန်ထုတ်လို့ရတဲ့ မှတ်ပုံတင်ပြီးသား အာအက်စ် (RS) အဆင့်ကိုသာ ထုတ်ပေးတာလို့ စိုက်ပျိုးရေးဦးစီးဌာနက ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒေသမျိုးစေ့တွေကို စနစ်တကျမျိုးစေ့ထုတ်နိုင်ရင် ပြည်ပကမျိုးစေ့တွေနဲ့ စျေးနှုန်းသက်သာသလို လိုအပ်ချိန်မှာ အလွယ်တကူ စိုက်ပျိုးနိုင်မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
"ဗမာငရုတ်ဆိုရင် ကုလားအော်ပေါ့။ ကုလားအော်ဆိုလို့ရှိရင် အခုဆို ပုံစံတူလောက်ပဲ မြင်ရတော့ တယ်လေ။ ကျွန်တော်တို့အရင်က ကုလားအော်က အတောင့်သေးရင် တစ်တောင့်စား တစ်တောင့်သိသာတာကိုး။ အဲဒီလိုမျိုးလေးတွေဆိုတော့ နည်းနည်းတော့ ပျောက်ကွယ် လာတာပေါ့။ စားပြောင်းမှာ ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ငယ်ငယ်က နတ်ပြည်မွှေးဆို အိုးထဲပြုတ်လိုက်တာနဲ့ နည်းနည်းရေလေး ဆူပြီဆိုတာနဲ့ သူတို့က မွှေးနေတဲ့ အနံ့ထွက်လာတယ်။ အဲဒီမျိုးဆိုရင် ကျွန်တော်တို့ ရှာမရတော့ဘူး။ အဲဒီလိုတွေတော့ ရှိတာပေါ့။ ဒေသမျိုးတွေလည်း ပျောက်တဲ့မျိုးတွေလည်း ပျောက်ကုန်ပြီ။ စိုးရိမ်စရာရှိတာတွေကတော့ အများကြီးပေါ့။ ပြည်ပမျိုးတွေ ရိုက်ခတ်လာပြီဆိုတာနဲ့ သူတို့ဆီကမျိုးကိုပဲ ကျွန်တော်တို့က အားထားရမလို ဖြစ်သွားမှာပေါ့။ ကျွန်တော်တို့မျိုးတွေ ပျောက်လာရင်"
မြန်မာစိုက်ပျိုးရေးကဏ္ဍမှာ ပြည်ပက မျိုးစေ့တွေနဲ့ ဓာတုပိုးသတ်ဆေးတွေသာ အသုံးပြုနေရတဲ့အတွက် အကျိုးဆက်မကောင်းနိုင်သလို ဆုတ်ယုတ်မှုကိုသာ ဦးတည်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စိုက်ပျိုးရေးပညာရှင်တစ်ဦးက RFA ကို ပြောပါတယ်။
အဲဒါကြောင့် တောင်သူတွေကို တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်မျိုးစေ့ထုတ်တဲ့ နည်းပညာတွေကို ဒေသအလိုက်ပေးဖို့လိုသလို မျိုးစေ့စျေးကိုလည်း အဖွဲ့အစည်းဖွဲ့ပြီး ဝယ်ယူတာတွေ ဖြန့်ဖြူးရောင်းချတာတွေ လုပ်ဖို့လိုတယ်လို့လည်း အကြံပြုထားပါတယ်။