လွတ်လပ်မှုအတွက် ညီအစ်ကိုလေးဦး

RFA Burmese
2025.01.16
လွတ်လပ်မှုအတွက် ညီအစ်ကိုလေးဦး ကရင်ပြည်နယ်တစ်နေရာတွင် စစ်ကောင်စီကိုတော်လှန်နေသူ ကိုသူဇော်ကြည်ဝင်းအား တွေ့ရစဉ်။
သူဇော်

စစ်တပ်အာဏာသိမ်းထားတာ လေးနှစ်ပြည့်တော့မှာဖြစ်သလို စစ်ကောင်စီကို နည်းမျိုးစုံတဲ့ ဆန့်ကျင်တော်လှန်နေကြတဲ့လူငယ်တွေ ဒုနဲ့ဒေး ရှိနေပါတယ်။

ဒီလိုလူငယ်ထောင်ပေါင်းများစွာတွေထဲမှာ ရန်ကုန်မြို့ သာမန်မိသားစုတစ်စုထဲက တစ်အူထုံ့ဆင်း ပေါက်ဖွားလာတဲ့ ကိုသူဇော်ကြည်ဝင်း၊ ကိုနိုင်ဇော်ကြည်ဝင်းနဲ့ အမြွှာတွေဖြစ်တဲ့ ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုရန်နိုင်ကြည်ဝင်းလို့ခေါ်တဲ့ ညီအစ်ကိုအရင်းလေးဦးလည်း ပါဝင်ပါတယ်။

"၂၀၁၆ မှာကျတော့ ကျွန်တော်တို့ ကိုယ့်တိုင်းပြည် ကျွန်တော်တို့လိုချင်တဲ့ အစိုးရတစ်ရပ်လည်း ဖြစ်လာတယ်။ ကျွန်တော်တို့ စီးပွားရေးဖြစ်တဲ့ ဘေထုပ် Second Hand လေးတွေ အင်္ကျီလေးတွေ ရောင်းတယ်။ ပြီးတော့ ကျွန်တော်က ကားမောင်းတယ်။ တော်လှန်ရေးဖြစ်လာကြတဲ့အခါ ရန်ကုန်မှာ ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ရော ကျွန်တော်တို့ သူငယ်ချင်းတွေ၊ အပေါင်းအသင်း တွေ၊ ကျောင်းသားသမဂ္ဂတွေ စသည်ဖြင့်ပေါ့နော် စုပေါင်းပြီးတော့ သပိတ်စခန်းစဖွင့်ကြရင်းနဲ့ ဒီတော်လှန်ရေးထဲ ရောက်လာတာပေါ့"

အာဏာမသိမ်းခင်က ရန်ကုန်မြို့လမ်းမတွေပေါ် ဂစ်တာတီး သီချင်းဆိုရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ သူတို့ညီအစ်ကိုတွေဟာ အာဏာသိမ်းလိုက်တဲ့အချိန်မှာ ခေတ်ကပေးလိုက်တဲ့ တာဝန်အတွက် ညီအစ်ကို လေးဦးလုံး ရွှေပြည်သာမြို့နယ်ထဲမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာတော့ အကြီးဆုံးဖြစ်တဲ့ ကိုသူဇော်ကြည်ဝင်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ဘက်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ အမြွှာညီတွေထဲက အကြီးဖြစ်တဲ့ ကိုရန်နောင်ကြည်ဝင်းက သူ့နောက်လိုက်လာရင်း ၂၀၂၁ သင်္ကြန်အကြတ်နေ့က ပဲခူး ဘုရားကြီးနားမှာ အဖမ်းခံလိုက်ရပါတယ်။ အဲဒီအချိန်က ညှဉ်းပန်းနှိပ်စက်ခံရတဲ့ဒဏ်ကြောင့် သူ့ညီလေး အောက်ပိုင်းချည့်နေတယ်လို့ ကိုသူဇော်ကြည်ဝင်းက ပြောပြပါတယ်။

ညီအစ်ကိုလေးဦးတွင် ဒုတိယမြောက်ဖြစ်သူ ကိုနိုင်ဇော်ကြည်ဝင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - သူဇော်)
ညီအစ်ကိုလေးဦးတွင် ဒုတိယမြောက်ဖြစ်သူ ကိုနိုင်ဇော်ကြည်ဝင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - သူဇော်)

အဲဒီနောက်မကြာခင်မှာပဲ ဒုတိယမြောက်ညီဖြစ်တဲ့ ကိုနိုင်ဇော်ကြည်ဝင်းကလည်း ရွှေပြည်သာမှာပဲ အဖမ်းခံရပြီး ထောင်ချခံရသလို ၂၀၂၃ ခုနှစ်မှာမှ ပြန်လွတ်ခဲ့ပါတယ်။ ဒုတိယမြောက်ညီ အဖမ်းခံရပြီး သုံးလေးလလောက်အကြာမှာပဲ အမွှာထဲကအငယ်ဖြစ်တဲ့ ကိုရန်နိုင်ကြည်ဝင်းကိုလည်း ရွှေပြည်သာမှာ သပိတ်တိုက်ပွဲတွေကို ဦးဆောင်တဲ့အတွက် စစ်ကောင်စီက ဖမ်းလိုက်ပါတယ်။

လက်ရှိမှာတော့ ညီအစ်ကိုလေးဦးထဲက အကြီးဆုံး ကိုသူဇော်ကြည်ဝင်းက ရန်ကုန် PDF အမှတ် (၅၁၀၁) ရဲ့ တပ်ရင်းမှူးတာဝန် ထမ်းဆောင်နေပါပြီ။ ညီအစ်ကိုလေးဦးလုံး စစ်ကောင်စီကို တော်လှန်နေတဲ့အတွက် သူ့တို့ရဲ့မိခင်ကိုလည်း ထောက်လှမ်းရေးတွေက အလွတ်မပေးပါဘူး။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလလောက်မှာ သူတို့အမေ ဒေါ်ခင်ကြည်ကိုဖမ်းပြီး တစ်ပတ်ကျော်လောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ထပ်အဖမ်းခံရမဲ့ အန္တရာယ်ကနေလွတ်အောင် ဒီနေ့အထိ ရှောင်တိမ်းနေရပါတယ်။ ဒါပေမဲ့ သားတွေရဲ့ ယုံကြည်ချက်နဲ့ လုပ်ရပ်ကို မတားခဲ့ဘူးလို့ ကိုသူဇော်ကြည်ဝင်းက ပြောပါတယ်။

"အရင်ကတည်းက ကျွန်တော်တို့က လုပ်လာတာဖြစ်တဲ့အတွက် တားမရတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ သားတွေလုပ်တဲ့ဟာကို။ သူလည်း အသက်အရွယ်က ကြီးပြီဖြစ်တဲ့အတွက်ကြောင့် တားမရတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ပြီးလို့ရှိရင် ဒီအပေါ်မှာလည်း သူ့သားတွေက ဒီဟာလုပ်တဲ့အပေါ်မှာ ဒါ မဟုတ်တာလုပ်တာမဟုတ်ဘူးလို့ သတ်မှတ်ပြီးတော့ ကျွန်တော်တို့ကို မတားတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်"

သူတို့ရဲ့ဖခင် ဦးကြည်ဝင်းကတော့ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက ဆုံးသွားပြီဖြစ်တဲ့အတွက် ရွှေပြည်သာမှာ အမေနဲ့ပဲ နေကြတာပါ။ အခုတစ်ခါ ညီအငယ်ဆုံး ကိုရန်နိုင်ကြည်ဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့က ရန်ကုန်မှာ ဆန္ဒပြတဲ့အတွက် ထပ်ပြီး အဖမ်းခံထားရပါတယ်။

အမြွှာညီအစ်ကိုဖြစ်ကြသည့် ကိုရန်နောင်ကြည်ဝင်း (ဝဲဘက်) နှင့် ကိုရန်နိုင်ကြည်ဝင်း (ယာဘက်) တို့အား တွေ့ရစဉ်။ (ဓာတ်ပုံ - သူဇော်)
အမြွှာညီအစ်ကိုဖြစ်ကြသည့် ကိုရန်နောင်ကြည်ဝင်း (ဝဲဘက်) နှင့် ကိုရန်နိုင်ကြည်ဝင်း (ယာဘက်) တို့အား တွေ့ရစဉ်။ (ဓာတ်ပုံ - သူဇော်)

ကိုသူဇော်ကြည်ဝင်းကလည်း သူယုံကြည်တဲ့ လယ်သမားအရေး၊ အလုပ်သမားအရေးတွေမှာ ပါဝင် လှုပ်ရှားခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာ ထောင်ချခံရပြီး ၂၀၁၆ ခုနှစ်မှာတော့ NLD အစိုးရရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်ခဲ့ပါတယ်။

အခုတော့ ကိုသူဇော်ကြည်ဝင်းတစ်ဦး လက်နက်ကိုင်တော်လှန်ရေးမှာပါနေတဲ့အတွက် သူ့ညီတွေ အညှိုးအတေးခံရမှာစိုးရိမ်ပြီး အဆက်အသွယ် မရှိတော့ပါဘူး။ သူတို့ညီအစ်ကိုတွေဟာ ကျရာနေရာကနေ အသက်တွေ၊ ဘဝတွေပေးပြီး သူတို့ယုံကြည်ရာကို ဆက်လုပ်နေကြတဲ့သူတွေဖြစ်တယ်လို့ ရန်ကုန် ပြောက်ကျားသပိတ်တွေ ဦးဆောင်နေတဲ့ ကိုနန်းလင်းက ပြောပါတယ်။

"ညီအစ်ကိုလေးဦးလုံးက ယုံကြည်မှုတူတယ်၊ ပိုင်းဖြတ်မှုတူတယ်။ တော်လှန်ရေးအပေါ်မှာ ငါတို့တတ်နိုင်သမျှ တတ်နိုင်တဲ့ပုံစံ၊ စွမ်းနိုင်သမျှပုံစံနဲ့ ပါဝင်ပေးဆပ်မယ်ဆိုတဲ့ ခံယူချက်တွေ တူကြတယ်။ ဒါကတော့ တော်တော်ကို ထူးခြားတယ်လို့ ပြောရမယ်"


ဆက်နွှယ်သောသတင်းများ

လူ့အခွင့်အရေးနေ့ လှုပ်ရှားခဲ့တဲ့ ရန်ကုန်မြို့က လူငယ်နှစ်ဦး ဖမ်းဆီးခံထားရ

အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြသူနှစ်ဦး စစ်ခွေးတိုက် ပို့ခံရ

အလုပ်သမားသပိတ် ကူညီမှုနဲ့ ဖမ်းဆီးခံရသူ မိသားစုနဲ့တွေ့ခွင့်မရ


အခုလို ညီအစ်ကိုလေးဦးစလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရပေမဲ့ စိတ်ပျက်အားမငယ်ဘဲ လွတ်လပ်မှုပဲ ပြန်လိုချင်တာလို့ ကိုသူဇော်ကြည်ဝင်းက ပြောပါတယ်။

"ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့အပြန်ကျရင် ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ရန်ကုန်လမ်းမကြီးပေါ်မှာ ရန်ကုန်ရဲ့ ရပ်ကွက်တွေရဲ့ လမ်းမတွေပေါ်မှာ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ဂစ်တာတီးကြမယ်၊ သီချင်းတွေအော်ဆိုကြမယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ၊ ကျွန်တော်တို့ ညီအစ်ကိုတွေ လွတ်လပ်မှုကို ပြန်လိုချင်တယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။