ဗျတ္တပန်းဆက်လမ်းပေါ်မှာ တောင်းရမ်းနေရတဲ့ အဘွားအိုများ

ကျောက်ပန်းတောင်း-ပုပ္ပားလမ်းမကြီး တစ်လျှောက်မှာရှိနေတဲ့ ရွာတချို့က သက်ကြီး ရွယ်အိုတွေဟာ ကားလမ်းဘေးမှာ တောင်းရမ်းနေတာ အရင်ထက် ပိုများလာနေပါတယ်။

"အဘိုးအိုက အိပ်ယာက မထနိုင်ဘူး။ အဘွားက တောင်းကျွေးနေရတာပဲ။ သူက အိပ်ယာထဲက မထနိုင်ဘူး။ အမှန်ပြောရတာပါ။ သူက အသက် ၇၀ ကျော်ပြီ။ အိမ်မှာ ဖင်တရွတ်ထိုး သွားနေရတာပါ။ လှူသူရှိရင်တော့ ဒီလိုရတာပေါ့။ နောက်တစ်ခါ တစ်ယောက်လာရင်တော့ ဒီလိုပေးခဲ့ရင်တော့၊ ဒီလိုသာမှာပေါ့။ ဒီနေ့အဖို့ကတော့ မလာတော့ဘူး။ ဒီအသက်အရွယ်မှာ တောင်းစားရတာ ပင်ပန်းပါသကော။ အဘွားတို့က ထာဝစဉ် မတောင်းစားပါဘူး"

ဒေါ်ရွှေဥလို့ နာမည်လွှဲထားတဲ့ အသက် ၉၀ အရွယ် အဘွားအို ပြောပြနေတာပါ။ သူက မန္တလေးတိုင်း ပုပ္ပားနယ်ထဲက ခွေးတောက်ပြုတ်ရွာကပါ။ အရင်က မလုပ်ခဲ့ဘူးတာကို အခုလုပ်နေရတာလို့ အဘွား ဒေါ်ရွှေဥက ပြောပါတယ်။

ပြည်သူအများစု စားဝတ်နေရေးခက်ခဲနေတဲ့အခုအချိန်မှာ ကျေးလက်နေပြည်သူတွေ ပိုခက်ခဲနေကြပါတယ်။ ဒါကြောင့် အရင်က သိပ်မတွေ့ရတဲ့ လမ်းဘေးထွက် အကူအညီတောင်းနေတာကို ကျောက်ပန်းတောင်း-ပုပ္ပားလမ်းမပေါ်မှာ အတော်များများမြင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုပ္ပားတောင်ကလပ်သွားတဲ့ လမ်းတစ်လျှောက် ဗျတ္တလမ်းမပေါ်မှာ တောင်းရမ်းစားသောက် နေကြရတဲ့သူတွေဟာ အသက် ၇၀ ကနေ ၉၀ အရွယ်တွေ ဖြစ်နေပါတယ်။ သူတို့ဟာ အကူအညီအထောက်အပံ့မရှိ၊ အလုပ်မရှိလို့ စားဝတ်နေရေးအတွက် မဖြစ်မနေ လုပ်ကိုင်နေကြရတာပါ။

အဲဒီအထဲမှာ ခွေးတောက်ပြုတ်ရွာမှာ နေထိုင်တဲ့ အသက် ၉၀ အရွယ် အဘွား ဒေါ်ရွှေဥ (အမည်လွှဲ) လည်း အပါအဝင်ပါ။ သူဟာ ဗျတ္တလမ်းမကြီးပေါ်ကို သူတို့ရွာကနေ အသွားအပြန် လေးနာရီလောက် လမ်းလျှောက်ရတယ်လို့ ဆိုပါတယ်။

သူတို့ဟာ မိုးလင်းကနေ နေဝင်ချိန်အထိ အဲဒီလမ်းမကြီးပေါ်မှာ ရှိနေတတ်ပါတယ်။ အသက်ကြီးတဲ့သူတွေဖြစ်နေလို့ အလုပ်ခိုင်းမယ့်သူလည်း မရှိတာကြောင့် အခုလို ထွက်တောင်းနေရတာလို့ ဒေါ်ချိုချိုလို့ နာမည်လွှဲထားတဲ့ အသက် ၈၀ အရွယ် အဘွားက ပြောပါတယ်။

"အဘိုးကြီး၊ အမေကြီး နှစ်ယောက်တည်း တောင်းကျွေးရတာ၊ လုပ်ကျွေးမယ့်သူ မရှိတော့ ကိုယ်ကလည်း အသက်ကြီးတော့ သူများတွေက ဘယ်သူမှမခိုင်းတော့ဘူး။ အဲဒါကြောင့် ဒီလမ်းလေးသွားရင်တော့ တစ်ကျပ်၊ တစ်ပြားတော့ရမှာပဲဆိုပြီး ထွက်လာရတာ"

ကျန်းမာရေးမကောင်းတဲ့ အမျိုးသားဖြစ်သူအတွက် တစ်လတစ်ခါ ဆေးကုစရိတ်လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

"အဘိုးကြီး၊ အမေကြီး နှစ်ယောက်တည်း။ တောင်းကျွေးရတာ၊ လုပ်ကျွေးမယ့်သူ မရှိတော့။ ကိုယ်ကလည်း အသက်ကြီးတော့ သူများတွေက ဘယ်သူမှမခိုင်းတော့ဘူး"

အဘွားနောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်မေရီကလည်း အရင်က အခုလို မတောင်းစားဖူးဘူး လို့ ပြောပါတယ်။

"အမေကြီးတို့က အမှန်ပြောရရင် စာလည်း မတတ်ဘူး။ ဟုတ်တာ ပြောတာပါ။ အခုကျတော့ ကိုဗစ်နဲ့ ဘာနဲ့ဆိုတော့လည်း ကြောက်ပေမယ့် တောင်းရတယ်။ ဟိုတစ်လောက မုန်တိုင်းဖြစ်တော့လည်း တောင်းရတယ်။ သမီးတွေက ရန်ကုန် ဈေးရောင်းတော့လည်း အလုပ်တွေမဖြစ်တော့ မပို့ဘူးလေ။ အဒါကြောင့် ငါ့သားတွေ၊ သမီးတွေ လာရင်တော့ ပိုက်ဆံရမှာပဲ။ ငါ့အစ်မတွေ၊ ညီမတွေ သွားရအောင်ဆိုပြီး ခေါ်လာခဲ့တာ။ မဟုတ်တာ မပြောပါဘူး"

ခွေးတောက်ပြုတ်ရွာဟာ စိုက်ပျိုးရေးနဲ့ ထန်းလျက်လုပ်ငန်းကို တစ်ရွာလုံးနီးပါး လုပ်ကိုင်ကြတာပါ။

အရင်ကတော့ လင်ယောကျ်ားက နေ့တိုင်း ထန်းတက်သမား အလုပ်လုပ်ခဲ့လို့ အဆင်ပြေပေမယ့် အခု ထန်းပင်ပေါ်ကပြုတ်ကျပြီး အလုပ်မလုပ်နိုင်တော့တဲ့ နောက်ပိုင်းမှာတော့ နေပူမရှောင်၊ မိုးရွာမရှောင် သူပဲ ရှာကျွေးတော့တယ်လို့ အဘွား ဒေါ်ရွှေဥက ပြောပါတယ်။

"အသက် ၆၀ စွန်းထဲက ပြုတ်ကျတာ။ ထန်းပင်ပေါ်က လျှောကျတာ၊ ကြာပြီ။ အခု ၇၅ နှစ်ရှိပြီ။ အသက် ၆၀ ထဲက မလုပ်နိုင်တာပဲ။ မိုးရွာလည်း ထွက်တာပဲ။ မိုးမိရင် ထီးလေး ယူသွားလိုက်တယ်။ ထီးလေးဆောင်း တောင်းရတာပဲ။ မရဘူးဆို ပြန်လာခဲ့တယ်"

ဒီဗျတ္တလမ်းမကြီးမှာ တောင်းနေတဲ့သူတွေကို ကားနဲ့တိုက်မိလို့ သေဆုံးတာတွေလည်း ရံဖန်ရံခါရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကျောက်ပန်းတောင်း-ပုပ္ပားလမ်းမကြီးတွင် ဖြတ်သန်းသွားလာသည့်ကားများကို လက်တားပြီး တောင်းရမ်းနေသူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကျောက်ပန်းတောင်း-ပုပ္ပားလမ်းမကြီးတွင် ဖြတ်သန်းသွားလာသည့်ကားများကို လက်တားပြီး တောင်းရမ်းနေသူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

NLD အစိုးရလက်ထက်ကတော့ ဗျတ္တလမ်းပေါ်က တောင်းစားနေသူတွေကို ပညာပေးအစီအစဉ်တွေနဲ့ အလှူရှင်တချို့က ထောက်ပံ့ကူညီခဲ့လို့ တောင်းစားတဲ့သူတွေ မရှိသလောက်နည်းသွားတယ်လို့ ပြောကြပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ ကြုံလာရတဲ့ အခက်အခဲမျိုးစုံကြောင့် ရှက်စိတ်၊ ကြောက်စိတ်ကို ချိုးနှိမ်ပြီး အခုလို လမ်းပေါ်ထွက် တောင်းစားလာကြတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"သတိထားမိသလောက်ဆို အာဏာသိမ်းပြီး ၂၀၂၂ နှစ်ဆန်းပိုင်းလောက်ကတည်းက ဒေသခံ သက်ကြီးရွယ်အိုတွေ လမ်းပေါ်ထွက် တောင်းစားလာကြတာပါ။ အာဏာ သိမ်းထားတဲ့ ဒီကာလမှာ အဆိုးဆုံး ကြုံတွေ့နေရတဲ့ အခြေအနေပေါ့။ ဒါပေမဲ့လည်း အပြစ်မပြောရက်ဘူး။ နေပူစပ်ခါးမှာ ထနောင်းပင်ရိပ်လေးခိုပြီး လမ်းပေါ် ဖြတ်သွားတဲ့ကားကို တောင်းကြရတာ။ ဘဝတွေက အတော်ဆိုးပါတယ်။ သူတို့လည်း ရှက်တဲ့၊ ကြောက်တဲ့စိတ် ရှိတာပေါ့။ ဒါပေမဲ့ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် တောင်းစားနေကြရတာ"

တောင်းစားနေကြတဲ့သူအများစုဟာ အသက် ၇၀ ကျော်အရွယ်တွေ အများဆုံးဖြစ်ပြီး အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုများတယ်လို့ ဆိုပါတယ်။

ဗျတ္တလမ်းပေါ်မှာရှိတဲ့ ရွာတော်တော်များများဟာ ခေတ်အဆက်ဆက်မှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခဲ့ပြီး၊ လူငယ်အများစုကတော့ ဝေးရပ်မြေတွေကိုသွားလို့ အလုပ်လုပ်နေကြရတယ်လို့ သိရပါတယ်။