လက်မှုအနုပညာနဲ့ ထိုင်းနိုင်ငံမှာ ရပ်တည်နိုင်ရေး ကူညီပေးတဲ့သင်တန်း
2024.10.02

ဒီဘက်ခေတ်မှာ တန်ဖိုးထား အသုံးပြုလာကြတဲ့ Handmade လို့ခေါ်တဲ့ လက်မှုပစ္စည်းလေးတွေထဲက နားကပ်၊ နားဆွဲ၊ လက်ပတ်လေးတွေနဲ့ ဆွဲကြိုးလေးတွေလုပ်နည်းကို အခမဲ့သင်တန်းတစ်ခုမှာ လေ့လာသင်ယူနေကြတာပါ။
ဒီထဲမှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာလာရတဲ့ အသက် ၂၅ နှစ်ဝန်းကျင်ကနေ ၅၀ ကျော်အရွယ် ကျောင်းသူလေးတွေနဲ့ အိမ်ရှင်မ အမျိုးသမီးတွေ ပါဝင်ပါတယ်။
“ထိုင်းနိုင်ငံထဲမှာ စားဝတ်နေရေးအတွက် အလုပ်အကိုင်ရဖို့၊ ရပ်တည်ဖို့ ခက်ခဲကြပါတယ်”
ဒီသင်တန်းကိုတော့ ချင်းမိုင်မြို့မှာရောက်ရှိနေတဲ့ မြန်မာ့ရိုးရာ မုန့်နဲ့ ချည်ထည်တွေ ရောင်းချနေတဲ့ “ဇင်းမယ်ချို” စားသောက်ဆိုင်နဲ့ အဝတ်အထည်ဆိုင်ကို တည်ထောင်သူ မဇင်မီချို ဖွင့်လှစ်သင်ကြားပေးနေတာပါ။
“ဒီ Handmade ကလေးကို ကိုယ်စိတ်ညစ်တဲ့အချိန်မှာ လုပ်မယ်ဆိုရင် အဲဒီရဲ့ အတွေးလေးတွေက ခဏတာ လျော့သွားတယ်ပေါ့နော်။ အဲဒီတစ်ချက်ရယ်၊ နောက်တစ်ခုက ချင်းမိုင်ရဲ့ သူရဲ့ Culture အရ Handmade လုပ်ငန်းတွေက အရမ်းခေတ်စားတယ်ပေါ့နော်။ ခေတ်စားတဲ့အတွက် ညီမတို့က ဒီ Handmade ပညာလေးကို တတ်ထားတယ်ဆိုရင် ဘယ်အချိန်မှာဖြစ်ဖြစ် ငွေရှာလို့ ရတယ်ပေါ့နော်။ အဲဒါကြောင့် ဒီသင်တန်းလေးကို လုပ်ဖြစ်တယ်”
ပထမဦးဆုံး ပညာဒါန သင်တန်းဖွင့်ရာမှာ သင်တန်းသားတွေလည်း စိတ်ပါဝင်စားစွာနဲ့ သင်ယူကြတဲ့အတွက် ဝမ်းသာပီတိဖြစ်ရသလို တတ်မြောက်သွားတဲ့အခါ ထိုင်းဥပဒေအတိုင်း ထိုင်းနိုင်ငံဈေးကွက်မှာ ရောင်းချစေချင်တယ်လို့ သူကဆိုပါတယ်။
“ဒါပေမဲ့ ဒီဟာတွေ တော်တော်များများကတော့ ထိုင်းနိုင်ငံသားတွေ လုပ်တာပေါ့နော်။ အဲဒီအတွက် ကျွန်မတို့က ဖြည်းဖြည်းလေးနဲ့ သူတို့ဆီကို တိုးဝင်ရမှာပေါ့နော်။ သူတို့နိုင်ငံ၊ သူတို့ဥပဒေဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ဥပဒေကို လိုက်နာပြီးတော့ Night Market တွေမှာ ရောင်းလို့ရတဲ့ဆိုင်လေးတွေ ရှိပါတယ်။ သူတို့ရဲ့ဥပဒေနဲ့အညီ လုပ်လို့ရတဲ့ဆိုင်လေးတွေရှိတယ်။ အဲဒီဆိုင်လေးတွေမှာ ပထမဦးဆုံး ရောင်းစေချင်တယ်။ ကျွန်မဖွင့်တဲ့ ဆိုင်တိုင်းမှာ ချည်ထည်ကကျတော့ Handmade တွေနဲ့ အရမ်းလိုက်ဖက်တာ ဖြစ်တဲ့အတွက် သူတို့လုပ်ထားတဲ့ဟာလေးတွေကို ကျွန်မဆိုင်မှာ လာတင်လို့ရတယ်။ ကျွန်မ သူတို့ကို ဘယ်လောက်ဆိုပြီးတော့ ရာခိုင်နှုန်းနဲ့ ပေးမယ်ပေါ့နော်”
လက်မှုအနုပညာတွေကို စိတ်ဝင်စားသလို ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ မနာနာကလည်း ချင်းမိုင်မြို့က ဈေးတွေမှာ ကိုယ်တတ်ထားတဲ့ လက်မှုပစ္စည်းလေးတွေနဲ့ ဈေးကွက်ရှာလို့ရတဲ့အတွက် တက်ရောက်ဖြစ်တာလို့ ဆိုပါတယ်။
“မြန်မာပြည်မှာကတော့ Handmadeက လုပ်ကြတယ်။ ဒါပေမဲ့ Handmade က အဲဒီလောက် ဈေးကွက်မရှိဘူး။ တော်တော်များများက Handmade တွေ လုပ်တာပဲရှိတယ်။ ညီမအမြင်မှာကျတော့ ဈေးကွက် သိပ်မရှိသလို ခံစားရတယ်။ ဒီမှာကျတော့ ကိုယ့် Handmade ကို လုပ်တတ်သလို ကိုယ်လုပ်တတ်တဲ့ဟာနဲ့ ဈေးကွက်ရှာလို့ ရတယ်ပေါ့နော်။ ကိုယ်က လက်ကောက်ပဲ လုပ်တတ်တာလား၊ အခုလို နားကပ်ပဲ လုပ်တတ်တာလား။ ဒီဟာ ကိုယ်လုပ်တတ်တဲ့ပညာနဲ့ တော်တော်လေး ဈေးကွက်ရှာလို့ရတယ်။ ချင်းမိုင်မှာကြည့်ရတာ ဈေးတွေထဲမှာ များသောအားဖြင့် အဓိက Foreigner Market တွေမှာလည်း Handmade တွေပဲ ရောင်းကြတာ များတယ်”
ချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ အသက် ၅၃ နှစ်အရွယ် အန်တီခိုင် ဆိုသူက မြန်မာနိုင်ငံမှာ လက်မှုအနုပညာရှင်တွေ ပေါများပြီး တန်ဖိုးထားမှု လျော့နည်းကြပေမဲ့ ထိုင်းနိုင်ငံမှာတော့ လက်မှုအနုပညာကို တန်ဖိုးထားကြတာ တွေ့ရတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ပညာရှင်တွေ ပိုပေါတယ်နော်။ ဒါပေမဲ့ သူတို့လုပ်ရတာနဲ့ ပြန်ရတဲ့တန်ကြေးက အရမ်းကွာဟတယ်။ ဒီမှာဆိုရင် ထွက်လာတဲ့ ပစ္စည်းအပေါ်မှာ လုပ်ရတဲ့လူအပေါ်မှာ အရမ်း တန်ဖိုးထားကြတယ်။ Handmade ဆိုတော့လေ။ ဒီပစ္စည်းတစ်ခု ထုတ်ဖို့အတွက် ဘယ်လိုပင်ပန်းလဲ၊ ဘယ်လိုလုပ်ရတယ်၊ ကြိုးစားရတယ်ဆိုတာ တန်ဖိုးထားကြတာကို ပိုတွေ့ရတယ်။ ဟို (မြန်မာပြည်) မှာကတော့ တန်ဖိုးထားတာ လျော့တယ်လို့ ခံစားရတယ်။ ဒါကတော့လည်း ပြောရရင် နိုင်ငံရေးအခြေအနေတွေကြောင့်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေကြောင့်လို့လည်း ထင်တယ်ပေါ့”
ဒီလက်မှုပစည်းတွေကို အသက်အရွယ်၊ အမျိုးသား အမျိုးသမီးမရွေးဘဲ အခမဲ့သင်ပေးမှာဖြစ်သလို တတ်မြောက်သွားတဲ့အခါ ဒီအတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ မျှော်လင့်တယ်လို့လည်း မဇင်မီချိုက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
အိမ်လွမ်းသူတွေအတွက် ချင်းမိုင်မြို့က မြန်မာမုန့်ဆိုင်
ထိုင်းနဲ့ မြန်မာ ဖန်တီးမှုနဲ့ ယဥ်ကျေးမှုဆိုင်ရာပွဲတော် ချင်းမိုင်မှာပြုလုပ်
ထိုင်းနိုင်ငံက ရွှေ့ပြောင်းမြန်မာကလေးငယ် တစ်ယောက်ရဲ့ ဖြတ်သန်းမှု
မြန်မာနိုင်ငံက အကြောင်းအမျိုးမျိုးနဲ့ ထွက်လာကြတဲ့ အမျိုးသမီးတွေဟာ ထိုင်းနိုင်ငံထဲမှာ စားဝတ်နေရေးအတွက် အလုပ်အကိုင်ရဖို့၊ ရပ်တည်ဖို့ ခက်ခဲကြပါတယ်။
ဒီလက်မှုအနုပညာ သင်တန်းလေးဟာ စစ်ဘေး၊ သဘာဝဘေးဒဏ် အမျိုးမျိုးကြားက ကိုယ့်မွေးရပ်မြေနဲ့ မြန်မာပြည်သူတွေအတွက် နာကျင်ဖိစီးရမှုတွေထဲကနေ ခဏတာ စိတ်အနားရစေသလို ရပ်တည်ရေးအတွက်လည်း တစ်နည်းတစ်ဖုံ အထောက်အကူပေးနိုင်တဲ့ လုပ်ငန်းလေး ဖြစ်တဲ့အတွက် သင်တန်းသူ မြန်မာအမျိုးသမီးတွေက ဝမ်းသာကြိုဆိုကြပါတယ်။