ဂီတကို ငယ်စဉ်ကတည်းက ရူးသွပ်ခဲ့သူ သူ့ရဲ့ ဂီတဖျော်ဖြေပွဲတွေကို ခမ်းခမ်းနားနား ကျင်းပနိုင်မဲ့နေ့တစ်နေ့ ရှိလာလိမ့်မယ်လို့ မျှော်လင့်အိပ်မက်တွေ မက်ထားတဲ့ မော်ဖရေးမြာတစ်ယောက် ရန်ကုန်မြို့က ဂီတသင်တန်းကျောင်းတစ်ခုမှာ တယောနဲ့ စန္ဒရားမေဂျာကို တက်ရောက်သင်ကြားခဲ့ပါတယ်။
ဂန္ထဝင်တေးဂီတတွေ တီးခတ်တာကြိုက်တဲ့ မော်မရေးမြာဟာ သူ့အိပ်မက်တွေနဲ့အတူ ပရိတ်သတ်တွေရှေ့မှာ တေးဂီတဖျော်ဖြေဖို့ ပြင်ဆင်နေတာပါ။
"ကျွန်မ အော်ဂတ်စတာအဖွဲ့တွေကို တကယ်စိတ်ဝင်စားတယ်ပေါ့နော်။ ကျွန်မရဲ့ ရည်မှန်းချက်တစ်ခုကလည်း အော်ဂတ်စတာအဖွဲ့မှာ ဝင်တီးဖို့ရယ် ကျွန်မကိုယ်တိုင်တစ်ယောက်တည်း တီးနိုင်ဖို့ရယ် အဲဒီလိုမျိုးလည်း ရည်မှန်းထားတယ်။ သူများတွေကို ပြန်သင်ကြားနိုင်တဲ့ တစ်ယောက်ဖြစ်ဖို့ရယ်။ အေးအေးဆေးဆေး ကျောင်းလေးတစ်ကျောင်း မဟုတ်ရင်တောင်မှ ကိုယ်ပိုင်သင်တန်းလေးတစ်ခုနဲ့ သင်ကြားပေးနိုင်ဖို့ အဲဒီလိုမျိုးလေး ဖြစ်နိုင်ဖို့အတွက် ကျွန်မ ရည်မှန်းထားတယ်ပေါ့။"
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာတော့ တစ်နိုင်ငံလုံး ပြိုကျပျက်စီးသွားသလို သူ့အိမ်မက်တွေလည်း လဲပြိုသွားခဲ့ရပါတယ်။ သူ့ဇာတိဖြစ်တဲ့ ကရင်နီပြည်နယ်ကို ပြန်လာပြီး သူနိုင်တဲ့အားနဲ့ စစ်ဘေးဒုက္ခသည်တွေအရေး ကူညီပေးနေပါတယ်။ အဲဒီမှာ သူတတ်ထားတဲ့ တယောလက်သံလေးတွေကို ဖျော်ဖြေရင်း စစ်ဘေးဒုက္ခသည်ကလေးတွေအတွက် စိတ်ဖြေစရာ စိတ်ခွန်အားဖြစ်အောင် ဂီတသင်ခန်းစာလေးတွေကို သူနိုင်တဲ့အားနဲ့ စတင်သင်ကြားလာခဲ့ပါတယ်။ ဂီတဟာ လူတွေရဲ့ စိတ်ကို ငြိမ်းချမ်းရာအတွက် ကုသပေးနိုင်တယ်လို့ သူယုံကြည်ထားပါတယ်။
"စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရရော ကြမ်းတမ်းတာတွေပဲ မြင်ရဖန်များတဲ့အခါကျတော့ ကျွန်မရဲ့ စိတ်ကိုပြန်ပြီး ထိန်းချုပ်ဖို့ (Control) ဆိုရင် အဲဒီလိုမျိုး နူးညံ့တဲ့အရာတစ်ခု လိုအပ်တယ်လို့ ကျွန်မမြင်တယ်ပေါ့နော်။ ပြီးရင် ဒီဂီတက ပြောရလို့ရှိရင် ဘာသာစကားက အင်္ဂလိပ်ဘာသာစကားက ကမ္ဘာသုံးဘာသာစကားဆိုပေမဲ့ ဒီဂီတက တကယ့်ကမ္ဘာမှာသုံးတဲ့ ဘာသာစကားလို့ ကျွန်မမြင်တယ်။ စကားနဲ့ပြောပိုင်ခွင့်မရှိတဲ့နေရာမှာ ပြောဖို့အဆင်မပြေတဲ့အခါမှာ မြူးဇစ်က ပြောနိုင်အောင် လုပ်ပေးနိုင်တယ်လို့တော့ ကျွန်မမြင်တယ်။"
သူ့ဇာတိမြေလေးဟာ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ကြားက ရှင်သန်နိုးထနိုင်ဖို့ ကြိုးစားနေရတာကို သူမြင်တွေ့ရတဲ့အခါမှာ စိတ်နှလုံးအေးချမ်းစေမဲ့နည်းကတော့ သူတတ်ထားတဲ့ ဂီတပညာကို ကလေးငယ်တွေကို သင်ကြားပေးရတာ လွယ်ကူတာတော့ မဟုတ်ပါဘူး။ လေယာဉ်ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ကြားက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အချိန်ယူပြီး သင်ကြားပေးရတာပါ။
"ကျွန်မတို့က သင်တန်းစဖို့ လုပ်နေတယ်ပေါ့။ နောက်ရက်မှာ သင်တန်းစမယ်ဆိုရင် ဒီရက်မှာ စစ်ကြောင်းထိုးလာတယ်ပေါ့။ စစ်ကြောင်းထိုးလာတဲ့အခါကျတော့ ကလေးတွေက သင်တန်းမသင်လိုက်ရဘဲနဲ့ စစ်ဘေး ပြန်ပြေးလိုက်ရတယ်ပေါ့။ နေရာစွန့်ရတဲ့အခိုက်အတန့်တွေ ရှိတယ်ပေါ့။ အဲအချိန်မှာ ကျွန်မတို့ရဲ့ ပျက်စီးဆုံးရှုံးမှုက ဒီမြူးဇစ်ပိုင်း သူတို့ သင်ကြားခွင့်မရှိတော့တာရယ် နောက်တစ်ခုက တူရိယာတွေ အတော်များများ ပျက်စီးသွားတယ်ပေါ့။ လမ်းခရီးကြောင့် ပျောက်ဆုံးသွားတာတွေ ရှိတယ်။"
ပျက်စီးဆုံးရှုံးမှုတွေရှိပေမဲ့ လက်မလျှော့ဘဲ သင်တန်းဖြစ်အောင် မော်ဖရေးမြာ ထပ်မံကြိုးစားခဲ့ပါတယ်။
"ကျွန်မနောက်တစ်နေရာ ထပ်သွားသင်တဲ့အခါ နေရာက စစ်အာဏာရှင်တွေရဲ့ ကုန်းနဲ့ နီးတယ်လို့ ပြောလို့ရတယ်။ စာသင်နေရင်းနဲ့ လက်နက်ကြီး လှမ်းထုမှာလား။ လေယာဉ်နဲ့ လာကြဲမှာလားဆိုတဲ့ အတွေးမျိုးအမြဲတမ်းရှိတယ်။ ကလေးတွေကို အသံကျယ်တဲ့အရာတွေ သိုသိုသိပ်သိပ်သင်ခဲ့ရတာများတယ်။ ဗုံးခိုကျင်းနဲ့နီးတဲ့နေရာတွေရွေးပြီး သင်ခဲ့ရတယ်။ လုံခြုံတဲ့နေရာတွေ ရွေးပြီးသင်ခဲ့ရတယ်ပေါ့။"
သူ့ရဲ့ စိတ်ဓာတ်အင်အားတက်ကြွမှုနဲ့ သူဖန်တီးသင်ကြားပေးနေတဲ့ ဂီတလက်သံလေးတွေကို အများပြည်သူ မြင်လာတဲ့အခါမှာတော့ သူတစ်ချိန်က မက်ခဲ့တဲ့ ဂီတသင်တန်းကျောင်းလေးကို အသက်သွင်းလာနိုင်ခဲ့ပြီး ထဲဖိုး ဂီတသင်တန်းကျောင်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်လာခဲ့ပါတယ်။

တယော၊ ဂီတာ အစရှိတဲ့ ဂီတပစ္စည်းလေးတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်တွေရဲ့ တီးခတ်ဖျော်သံတွေနဲ့အတူ ထဲဖိုးဂီတသင်တန်းကျောင်းလေးက ငြိမ်းချမ်းသာယာနေခဲ့ပါပြီ။
"အရမ်းကို မထင်ထားခဲ့ဖူးဘူးပေါ့်နော်။ ကိုယ်လုပ်တဲ့အရာတွေကို ဒီလိုမျိုးပုံစံမျိုး မြင်ရမယ်ဆိုတာထက် အဓိကက ပျော်ရွှင်ဖို့ပေါ့နော်။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ကိုယ်နဲ့ထိတွေ့ဆက်ဆံတဲ့ ပတ်ဝန်းကျင်ကသူ ပျော်ရွှင်ဖို့ဆိုပြီး အဓိကထားလုပ်ဆောင်ဖြစ်ပေမဲ့ အခုဆိုရင် အများကမြင်တယ်။ အများက ထောက်ပို့ပေးတယ်။ အများကြီး ဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ အများကြီးပျော်ရွှင်ရတယ်။ ပြီးရင်ကိုယ့်ဟာကိုယ်လည်း ငါလုပ်နိုင်ခဲ့ပြီ ဆိုတဲ့ဟာမျိုးပေါ့နော်။ အောင်မြင်မှုတစ်ခုလိုမျိုး ခံစားခဲ့ရတယ်။"
တစ်ချိန် ပရိတ်သတ်တွေရှေ့ ဖျော်ဖြေနိုင်တဲ့သူဖြစ်ရမယ်ဆိုတဲ့ သူမက်ခဲ့တဲ့အိပ်မက်ကို ဆုပ်ကိုင်ထားရင်းနဲ့ပဲ သူ့ဂီတသင်တန်းကျောင်းက ကလေးငယ်တွေ အကောင်အထည်ဖော်မဲ့တစ်နေ့ ဖြစ်လာဖို့ ဥယျာဉ်မှူးတစ်ယောက်အနေနဲ့ သူမျှော်လင့်ထားပါတယ်။ ဆရာထက် လက်စွမ်းထက်တဲ့တပည့်တွေ ပေါ်ထွန်းလာပြီး ဗုံးသံ၊ ကျည်ဆံသံတွေအစား ဂီတသံတွေ ထုံလွှမ်းနေမဲ့တစ်နေ့ ရောက်လာတော့မယ်လို့ သူယုံကြည်ထားတယ်လို့ ဆိုပါတယ်။
"အခုသင်ကြားပေးနေတဲ့ ကလေးတွေရဲ့ သူတို့ရဲ့ သင်ကြားပေးတဲ့ကာလမှာ သေသေချာချာ တတ်မြောက်ပြီးတော့ သူတို့ရဲ့ ဘဝမှာ ပညာတွေကို သူတို့ကိုယ်တိုင် အကူအညီမပါဘဲ ချပြနိုင်တဲ့အထိ သူများမြင်တဲ့အထိ ချပြနိုင်လောက်တဲ့အထိ ကျွန်မကလေးတွေကို မျှော်မှန်းတယ်။ အဲဒီအချိန်လောက်အထိ ရောက်အောင် ကျွန်မ ဆွဲခေါ်သွားချင်တယ်ပေါ့။"
ကိုယ်ယုံကြည်ရာ တော်လှန်ရေးပန်းတိုင်ဆီ ကိုယ်နိုင်တဲ့အားနဲ့ လျှောက်လှမ်းနေတဲ့ မော်မရေးမြာတစ်ယောက် ဂီတနဲ့ ငြိမ်းချမ်းရေးကို ရှာဖွေပြီး စိတ်ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ ပန်းတစ်ပွင့်အဖြစ် ကရင်နီပြည်မှာ သူဟာ ငြိမ်းချမ်းရေးပန်းတစ်ပွင့်အဖြစ် ပွင့်လန်းနေပါတော့တယ်။