နေအိမ် ၄၀၀ ကျော်မီးရှို့ခံရတဲ့ ခင်ဦးမြို့နယ် မြို့သစ်ရွာ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြို့သစ်ရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၆ နဲ့ ၂၇ ရက်နေ့တွေကဝင်ပြီး မီးရှို့သွားလို့ ဘာသာရေး အဆောက်အအုံတစ်လုံး အပါအဝင် အိမ် ၄၀၀ ကျော် ဆုံးရှုံးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် လူပေါင်းနှစ်ထောင်လောက် နီးစပ်ရာရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

အဲဒီရွာဟာ ခင်ဦးနဲ့ရေဦး သွားတဲ့ကားလမ်းဘေးက အိမ်ခြေ ၆၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။ အခုတော့ တစ်ရွာလုံးမှာရှိတဲ့ အိမ်ခြေရဲ့ သုံးပုံနှစ်ပုံကျော် မီးရှို့ခံလိုက်ရလို့ မိသားစုပိုင်ဆိုင်မှုတွေ ဘာမှမကျန်တော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့သစ်ရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဘာပစ္စည်းမှကို မယ်မယ်ရရ မရှိတော့ပါဘူး။ အမေကြီးတို့ အဘိုးတွေ အဘွားတွေ လက်ထက်က အိမ်တွေလည်း ပါသွားပါတယ်။ အမေကြီးတို့ လက်ထက်မှာ ဆောက်ထားတဲ့ အိမ်တွေရော အကုန်လုံးကို ပါသွားတယ်။ ဘာမှကို မရှိတော့ပါဘူး။ ဒီမြင်ကွင်းကြီးပါပဲ။ အခုဒီမယ် ဆန်အိုးလေးရှိပါတယ်။ လယ်မလုပ်ရလို့ သူများပေးတဲ့ ဆန်လေးတွေ ဒီထဲစုထည့်ထားတာ ဒါတွေကို မီးရှို့ထားတော့ ဆန်လည်း အကျိုးတွေ၊ စားလို့သောက်လို့ မရတော့ပါဘူး။ ရတဲ့ဟာလေး အခုစုဆောင်းထားရတာ”

မြို့သစ်ရွာကို မီးရှို့သွားတဲ့ စစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ရှင်းလင်းဖို့ဆိုပြီး ရေဦးမြို့နယ်ဘက်ကနေ ဝင်ရောက်လာတာလို့သိရပါတယ်။ အဲဒီစစ်ကြောင်းမှာ အင်အား ၁၅၀ လောက်ပါတယ်လို့ဆိုပါတယ်။ စစ်ကြောင်းက ရွာကိုဝင်ပြီး မီးရှို့တဲ့အချိန်မှာ မြို့သစ်ရွာက ဒေသခံ နှစ်ထောင်ကျော် အပါအဝင် ဘေးပတ်ဝန်းကျင်ရွာတွေက လူတွေပါ ထွက်ပြေးခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့က ဒေသခံတွေ ရွာကိုပြန်ဝင်ကြည့်တဲ့ အချိန်မှာတော့ မီးလောင်ပြင်ကိုသာ တွေ့ရတော့တယ်လို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့သစ်ရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ပျက်စီးဆုံးရှုံးခဲ့တာတွေကတော့ တစ်ရွာလုံးကို ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဘာပစ္စည်းမှကို မကျန်ရစ်ဘူး။ အကုန်ကို မီးရှို့ပြာကျနေတာကိုပဲ တွေ့ရပါတယ်။ အကုန်လုံးသလင်းပြင် ဖြစ်သွားတော့ တံမြက်စည်းလှည်းထားတဲ့ အတိုင်းပဲ။ ဘယ်သူ့အိမ်က ဘယ်ဟာပါ ဆိုတာကို မှတ်လို့မရတော့ဘူး။ သူတို့က ဘာလို့လုပ်သွားလဲ ဆိုတော့ သူတို့က ရွာစဉ်လှည့်ပြီးတော့ ရွာတိုင်းပဲ ဒီလိုပဲ လုပ်သွားတာပါ။ သူတို့စနစ်ကိုက ရွာတိုင်းကို ဆင်းရဲဒုက္ခရောက်အောင် လှည့်လုပ်နေတာပါ”

ရွာထဲမှာ မီးရှို့ခံထားရတဲ့ အသက် ၅၅ နှစ်အရွယ် ကျေးရွာသား ဦးထွန်းဝင်းရဲ့ ရုပ်အလောင်းကိုလည်း ဒေသခံတွေက တွေ့ရှိခဲ့ကြရပါတယ်။

"အမေကြီးတို့ လက်ထက်မှာ ဆောက်ထားတဲ့ အိမ်တွေရော အကုန်လုံးကို ပါသွားတယ်။ ဘာမှကို မရှိတော့ပါဘူး။"

ရွာသူတစ်ဦးဖြစ်တဲ့ အသက် ၅၀ အရွယ် ဒေါ်သန်းခိုင်ကတော့ စစ်ကြောင်းဝင်ရောက်စဉ်မှာ ဖမ်းဆီးခံ လိုက်ရပေမယ့် သေနတ်ဒင်နဲ့ ရိုက်နှက်ခံရပြီးနောက် ဒဏ်ရာတွေနဲ့ ပြန်လွတ်မြောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံထားရတာကြောင့် အနီးအနားရွာတွေက မျှဝေပေးလာမယ့် ထမင်းထုပ်တွေကိုပဲ မျှော်နေရတယ်လို့ မြို့သစ်ရွာသူ အမျိုးသမီးက ပြောပါတယ်။

“အမေကြီးတို့မှာတော့ မကျေနပ်ဘူး။ ကျေနပ်စရာအကြောင်းလားကွယ် တစ်ရွာလုံး။ ဒီလောက်ကြီး ဒုက္ခရောက်အောင် မလုပ်ပါနဲ့ကွယ့်။ ဟိုအစဉ်အဆက်ကတည်းကကွယ် ဒီရွာကြီးကို အခုတစ်ရွာလုံး မြင်ကွင်းကြီး ကြည့်ဦး။ ဘယ်လောက်ရင်နာစရာကောင်း၊ ဘယ်လောက်ရက်စက်တုန်းလို့၊ အဓိက ကတော့ စားဝတ်နေရေးပဲ။ အခုသစ်ပင်လည်း ခိုစရာမရှိဘူး။ စားဖို့ရာဆိုတာလည်း ဘေးရွာက ထမင်းထုပ်လေးတွေပဲ စောင့်စားနေရတာ။ အခုလောလောဆယ်ကတော့ ဘာမှလည်း လှုပ်ရှားလို့ မရဘူး ဖြစ်နေတယ်”

မီးရှို့ဖျက်ဆီးခံရသည့် ခင်ဦးမြို့နယ်ရှိ မြို့သစ်ရွာမှ နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
မီးရှို့ဖျက်ဆီးခံရသည့် ခင်ဦးမြို့နယ်ရှိ မြို့သစ်ရွာမှ နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

မြို့သစ်ရွာကို မီးရှို့သွားတဲ့ အဲဒီစစ်ကြောင်းဟာ ဧပြီလ ၂၅ ရက်နေ့ကလည်း တပင်ကောင်း (တောင်) ရွာက အိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ခံရတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့စစ်ကြောင်းတွေ အနေနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာမရှိဘူးလို့ အရင်က တုံ့ပြန်ငြင်းဆိုထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ခင်ဦးမြို့နယ်မှာ မီးရှို့ခံရတဲ့ အိမ်ပေါင်း ၃၇၀၀ ကျော်ရှိနေပါတယ်။