ထီဈေးနှုန်း မထိန်းချုပ်နိုင်မှု အစိုးရ ဝေဖန်ခံရ

ဝေယံမိုးမြင့်
2021-01-29
Share

အမြင့်ဆုံးဆုမဲ ကျပ်သိန်း တစ်သောင်းခွဲရရှိမယ့် မြန်မာ့အောင်ဘာလေထီ တစ်စောင်ကို ငွေတစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းချဖို့ အစိုးရက သတ်မှတ်ထားပေမယ့် ရောင်းချသူတွေက ထီတစ်စောင်ကို အနည်းဆုံး ၁၁၀၀ ကနေ အများဆုံး ၁၃၀၀ အထိ ရောင်းနေပါတယ်။ အစိုးရက ထီဈေးနှုန်းကို မထိန်းချုပ်နိုင်တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ပြည်တွင်းအခွန်များ ဦးစီးဌာနကတော့ အောင်ဘာလေထီ ဥပဒေပြဌာန်းနိုင်ခြင်း မရှိသေးတာကြောင့် ထိထိရောက်ရောက် အရေးမယူနိုင်သေးတာလို့ တုံ့ပြန်ပါတယ်။

မြန်မာ့အောင်ဘာလေထီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကစပြီး အမြင့်ဆုံးဆုမဲ ကျပ်သိန်း တစ်သောင်းခွဲအထိ တိုးမြှင့်လိုက်ပြီး တစ်စောင် ၁၀၀၀ ကျပ်နှုန်းနဲ့သာ ရောင်းဖို့ အစိုးရက ကြေညာထားပါတယ်။ ဒါပေမဲ့ ထီထိုးသူတွေဟာ ထီတစ်စောင်ကို ငွေတစ်ထောင်ထက် ပိုပေးပြီး ဝယ်နေရပါတယ်။ ထီဈေးနှုန်း ကလည်း လဆန်းပိုင်း ထီစရောင်းချချိန်နဲ့ ထီထွက်ခါနီး လကုန်ချိန်တွေမှာ အပြောင်းအလဲတွေ ရှိတယ်လို့ လစဉ် ထီကံစမ်းနေတဲ့ အရှေ့ဒဂုံမြို့နယ်က ဒေါ်တင်တင်ချိုက ပြောပါတယ်။

"လအလယ်လောက် ၁၀၀၀ နဲ့ရောင်းတယ် အစောပိုင်း ၁၁၀၀ ဆိုင်ကြီးတွေက ၁၂၀၀၊ ၁၃၀၀၊ အင်တာနက် ၁၀စောင်တွဲဆို ၁၃၀၀ပေးရတယ်။ အနည်းဆုံးကတော့ ၁၃၀၀၊ အခုနောက်ပိုင်း ၁၂၀၀ ၁၂၅၀၊ ၁၃၀၀ ထီထွက်ခါနီး မနက်ဖြန်ထီထွက်တော့မယ်ဆို ဒီနေ့သွားထိုးတာ ၁၃၀၀ ပေးခဲ့ရတယ်။ မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေ သူ့ဆီမှာထိုးခဲ့ရတာ တစ်စောင်ချင်းလဲ ၁၃၀၀ ပဲတဲ့ ပြောတာပေါ့နော် အစိုးရက တစ်ထောင် သတ်မှတ်ထားတယ်ဆိုတော့ သူတို့ယူရတာဈေးကြီးလို့တဲ့ အဲလို ပြန်ပြောတယ်။"

မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေ ထီကိုယ်စားလှယ်ကို ထီဈေးနှုန်းမြင့်တဲ့ကိစ္စ မေးမြန်းဖို့ ဆက်သွယ်ရာမှာ ဖုန်းကိုင်သူက ပြန်လည်ဆက်သွယ်မယ်သာပြောဆိုပြီး ဒီနေ့အထိ ပြန်လည်ဆက်သွယ်ခြင်း မရှိပါဘူး။ ထီထိုးရာမှာ တစ်ဆိုင်နဲ့တစ်ဆိုင် ရောင်းချတဲ့ဈေးနှုန်း အမျိုးမျိုးရှိပြီး လက်ကား ရောင်းပေးနေတဲ့ မူရင်းဆိုင်က ၁၁၀၀ ကျပ်၊ မြို့နယ်အလိုက် ဆိုင်ခွဲရောင်းချသူတွေက ၁၂၀၀ ကျပ်၊ ရပ်ကွက်ထဲကို လှည့်လည် ရောင်းချသူတွေက ၁၃၀၀ ကျပ် စသဖြင့် အဆင့်ဆင့် ဈေးနှုန်းတက်လာတာ ဖြစ်ပါတယ်။ အစိုးရက ထီလက်မှတ်တွေကို သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချအောင် မထိန်းချုပ်နိုင်တဲ့အပေါ် ဝေဖန်ခံနေရပါတယ်။

ဒီလို ကပ်ဘေးကာလမှာလည်း လူတွေက ထီကို အားကိုးတဲ့အနေနဲ့ ထိုးလာသူတွေ များလာတယ်လို့ ကံစမ်းနေတဲ့ တောင်ဥက္ကလာပမြို့နယ်က ဒေါ်အိသူက ပြောပါတယ်။

"၁၃၀၀ နဲ့ ရောင်းတာ များသောအားဖြင့် ထီလှည်းတွေပဲ ၂၇ လမ်းထဲမှာ အဲမှာ ထီဆိုင်တွေအများကြီးရှိတယ်၊ အဲဒီမှာဆိုရင် ၁၁၀၀၊ ၁၂၀၀ အဲလိုရောင်းတယ် အမြင့်ဆုံးကတော့ ၁၃၀၀ပေါ့၊ တစ်စောင်ချင်းကိုလည်း ၁၂၀၀၊ ၁၃၀၀ အဲလိုပေါ့ များသောအားဖြင့် ထီထွက်ခါနီး နှစ်ရက်အလို သုံးရက်အလိုမှာ ဈေးတက်တယ်။ လူတွေက မျှော်လင့်ချက်တစ်ခုအနေနဲ့ ဒါပဲရှိတော့တယ်ဆိုတော့ တစ်စောင်ချင်းလည်း ထိုးကြတာပဲ ဆိုတဲ့အခါကြတော့ ဒီတစ်ထောင်ဈေးကို တစ်ထောင်နဲ့ ရအောင်ရောင်းနိုင်အောင် အစိုးရက လုပ်ပေးရင်တော့ အကောင်းဆုံးပေါ့။"

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာနေထိုင်တဲ့ ဦးဝင်းမင်းအောင်ကလည်း ထီပေါက်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ထိုးနေတာဖြစ်ပြီး အစိုးရ သတ်မှတ်နှုန်းထားအတိုင်း ရောင်းချတာမျိုး ဖြစ်စေချင်တယ်လို့ ပြောပါတယ်။ ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနက ထီကိုယ်စားလှယ်တွေကို ဖြန့်ဝေရာမှာ ၁၁ စောင်ပါ ထီတစ်အုပ်ကို တစ်သောင်းကျပ်နှုန်းနဲ့ ဖြန့်ဝေပေးတာဖြစ်ပြီး ကိုယ်စားလှယ်တွေက ထီတစ်အုပ်လုံး ရောင်းရရင် တစ်ထောင်ကျပ် အမြတ်ရမှာ ဖြစ်ပါတယ်။

ထီဖြန့်ဝေပေးရာမှာ ထီကိုယ်စားလှယ်တွေ ဝယ်ယူခွင့်ရရှိတဲ့ ထီအုပ်ရေပေါ်မူတည်ပြီး တစ်အုပ်ကို ၂၀၀ ကျပ်နှုန်းနဲ့ သုံးလစာ အာမခံငွေပေးသွင်းခိုင်းပြီး အခွန်ဌာနနဲ့ ထီကိုယ်စားလှယ်တွေက သဘောတူစာချုပ် ချုပ်ဆိုတဲ့ စနစ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ထီကိုယ်စားလှယ်တွေဆီကတဆင့် ပြန်လည်ဝယ်ယူ ရောင်းချသူတွေဟာ မူရင်းဝယ်ချိန်က တစ်ထောင်ကျပ်ထက်ပိုပေးပြီး ဝယ်ရတာကြောင့် ပြန်လည်ရောင်းချရာမှာလည်း ဈေးမြင့်နေတာလို့ ထီရောင်းသူတွေက ပြောတယ်။

ထီကိုယ်စားလှယ်တွေဟာ မိမိကိုယ်ပိုင် နာမည်တပ်ပြီး ရောင်းချတဲ့စနစ်ကြောင့် ပေါက်အားများတဲ့ နာမည်ကြီး ထီကိုယ်စားလှယ်တွေဟာ ဈေးနှုန်း ပိုတင်ရောင်းချတာမျိုးလည်း ရှိနေပါတယ်။ ကိုယ်ပိုင် နာမည်တွေနဲ့ ရောင်းချတာမျိုးကို ပိတ်သိမ်းလိုက်မယ်ဆိုရင် ဈေးနှုန်း တင်ရောင်းချတာကို အထိုက်အလျှောက် ထိန်းချုပ်နိုင်မယ်လို့ ထီကိုယ်စားလှယ်ယူ ရောင်းချနေတဲ့ ကိုဉာဏ်လင်းအောင် က သူ့အမြင်ကို ပြောပါတယ်။

"ထုတ်ထားတဲ့သူတိုင်းက အပြင်လောကမှာ အရောင်းအဝယ်တက်လာရင် ဘယ်သူကမှ တစ်ထောင်နဲ့ ပြန်မရောင်းဘူး ဈေးတက်လာမယ် ပုံမှန်အားဖြင့် ကောက်ဈေးဆိုတာရှိတယ်၊ အဲလိုကောက်ဈေးနဲ့ တစ်ဆင့်တစ်ဆင့်ချင်းဆီမှာ ဈေးတက်တာပဲ၊ နောက်တချို့က ကိုယ်တိုင်ရောင်းဖို့မဟုတ်ဘဲ ပြန်ရောင်းဖို့ပဲ ကိုယ်စားလျှောက်ရောင်းတာတွေရှိတယ်၊ တစ်ထောင့်တစ်ဆယ် နှစ်ဆယ် ဆိုင်ဖွင့်ရောင်းတာမဟုတ်ဘဲ အမြတ်ရနေတာတွေလည်းရှိတယ်။ အဲမှာထီဈေးက အနိမ့်အမြင့်တွေဖြစ်တယ်။ ရှင်းရှင်းပြောရရင် အောင်ဘာလေသိန်းဆုထီကို ဘယ်သူမှ နာမည်တပ်မရောင်းဘဲ အောင်ဘာလေသိန်းဆုထီဆိုပြီးပဲရောင်း အဲခါကျရင် လူတိုင်းထီကို တစ်ထောင်နဲ့ ထိုးနိုင်မယ် ထင်တာပဲ။"

ထီလက်မှတ်ရိုက်နှိပ်ရောင်းချရာမှာ မူလအက္ခရာ အလုံး ၄၀ ရှိပြီး လိုအပ်ရင်လိုအပ်သလို အရန်အက္ခရာ ထပ်တိုးရိုက်နှိပ်ရောင်းချတာဖြစ်ပါတယ်။ ထီကိုယ်စားလှယ်တွေက ဝယ်ယူတဲ့အခါ အက္ခရာစဉ်အကုန်လုံး ရရှိတာမျိုးမဟုတ်ဘဲ အုပ်လိုက်ရတာ ဖြစ်တဲ့အတွက် ကိုယ်စားလှယ်တစ်ဦးရရှိတဲ့ အက္ခရာတွေဟာ မတူညီကြပါဘူး။

အဲဒီလိုအခြေအနေမှာ အက္ခရာစုံဖို့အတွက် အချင်းချင်း ပြန်လည်ဝယ်ယူရတာ ရောင်းချရတာမျိုးရှိပြီး လူကြိုက်များတဲ့ အက္ခရာတွေဆိုရင် မူရင်းဈေး တစ်ထောင်ကျပ်ထက် ပိုပေးဝယ်ယူရတာမျိုးလည်း ရှိတတ်ပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်နာမည်တပ်ပြီး ရောင်းချသူတွေက ထီလက်မှတ်တွေကို တံဆိပ်တပ်တာ၊ အက္ခရာ၊ ဂဏန်း စတာတွေကို ပြန်လည်စီဖို့ အလုပ်သမားလိုအပ်တာ၊ ဆိုင်ခန်းငှားရမ်းခ စသဖြင့် အထွေထွေ ကုန်ကျစရိတ်တွေကလည်း ထီဈေးနှုန်းမြင့်တက်ရခြင်းရဲ့ တစ်စိတ်တစ်ပိုင်း အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနက ထီဈေးနှုန်း တည်ငြိမ်ရေးအတွက် ထီထိုးသူများပြားတဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ မူလအက္ခရာ အလုံး ၄၀ အပြင် ထပ်တိုးအက္ခရာ တစ်လုံးကိုပါ ရိုက်နှိပ်ဖြန့်ဝေနေပါတယ်။

ထီလက်မှတ်တွေကို အစိုးရသတ်မှတ်ဈေးထက် ပိုရောင်းရင် အရေးယူမယ်လို့လည်း ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ စာချုပ်ပါစည်းကမ်း ဖျောက်ဖျက်လို့ ထီကိုယ်စားလှယ် လေးထောင်ကျော်ကို အရေးယူခဲ့တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် က RFA ကိုပြောပါတယ်။

ဌာနနဲ့ စာချုပ် မချုပ်ထားဘဲ ထီရောင်းသူတွေဆိုရင် ဈေးနှုန်းမြှင့်ပြီး ရောင်းနေလဲ အရေးမယူနိုင်ဘူးလို့ ဒေါ်ဆွေဆွေခိုင် က ပြောပါတယ်။

"အောင်ဘာလေသိန်းဆုဌာနခွဲက စာချုပ်ပါ စည်းကမ်းချက်တွေအရ အကြိမ်တိုင်းမှာ အာမခံထားရှိ ငွေသိမ်းတာ၊ ထီဝယ်ယူခွင့်ရုပ်သိမ်းတာ ဆောင်ရွက်နေပါတယ်၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ စာချုပ်ဖောက်ချက်လို့ အရေးယူခဲ့တဲ့ထီလုပ်ငန်းရှင် ၄၂၈၃ ဦး ဝယ်ယူခွင့်ရုပ်သိမ်းခဲ့တဲ့ ထီစာအုပ်က ၂၆ သိန်း၊ အာမခံထားငွေ သိမ်းဆည်းဘဏ္ဍာ ကျပ် ၆၃၄ သန်းဖြစ်ပါတယ်။ လက်လီအရောင်းဆိုင်တွေက ပြန်ရောင်းချတဲ့ လက်ပွေ့၊ လက်တွန်းလှည်း ထီဆိုင်တွေကတော့ ဌာနနဲ့ စာချုပ်ချုပ်တာမရှိသလို ရောင်းချတဲ့နေရာကလည်း အတည်တကျမရှိတဲ့အတွက် အရေးယူနိုင်ခြင်းမရှိပါဘူး"

အောင်ဘာလေ ထီဥပဒေပြဌာန်းနိုင်ခြင်း မရှိသေးတာကြောင့် ဌာနနဲ့ စာချုပ်မချုပ်ထားတဲ့ အရောင်းကိုယ်စားလှယ်တွေကိုတော့ အရေးယူနိုင်ခြင်းမရှိဘဲ ဥပဒေပြဌာန်းပြီးရင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

အောင်ဘာလေထီဥပဒေကို ၂၀၁၄ ခုနှစ်က လွှတ်တော်မှာ တင်သွင်းထားပြီး လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားခဲ့တာကြောင့် ဥပဒေပြဌာန်းဖို့ လွှတ်တော်က ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာ့အောင်ဘာလေထီကို ၁၉၃၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စတင်ဖွင့်လှစ်ချိန်က ထီတစ်စောင်ကို တစ်ကျပ်နဲ့ အမြင့်ဆုံးထီဆုငွေ ကျပ်တစ်သိန်းဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ ထီတစ်စောင် ငါးကျပ် အမြင့်ဆုံးဆုငွေ ကျပ် သုံးသိန်း၊ ၁၉၉၁ မှာ ထီတစ်စောင် ၁၀ ကျပ် အမြင့်ဆုံးဆုငွေ ကျပ် ၁၀ သိန်း၊ ၁၉၉၇ မှာ ထီတစ်စောင် ၅၀ ကျပ် အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၅၀၊ ၂၀၀၅ ခုနှစ်မှာ ထီတစ်စောင် ၁၀၀ ကျပ် အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၅၀၀၊ ၂၀၀၉ ခုနှစ်မှာ ထီတစ်စောင် ၂၀၀ ကျပ် အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၁၀၀၀၊ ၂၀၁၂ ခုနှစ်မှာ ထီတစ်စောင် ၂၀၀ ကျပ်ကိုပဲ အမြင့်ဆုံးငွေ ကျပ်သိန်း ၁၅၀၀ တိုးမြှင့်ပေးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ထီတစ်စောင် ၅၀၀ ကျပ် အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်းကနေ ၂၀၁၉ ခုနှစ်မှာ ထီတစ်စောင် ၁၀၀၀ ကျပ် နဲ့ အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်းခွဲကို တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့