လိုင်ဇာက အထက်တန်းကျောင်းတွေမှာ ကျောင်းသားနှစ်ဆတိုးလာ

RFA Burmese
2023.07.21
လိုင်ဇာက အထက်တန်းကျောင်းတွေမှာ ကျောင်းသားနှစ်ဆတိုးလာ လိုင်ဇာမြို့ပေါ်မှ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့က အထက်တန်းကျောင်း နှစ်ကျောင်းမှာ ၂၀၂၃ - ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) လာတက်သူ အရင်နှစ်တွေထက် နှစ်ဆနီးပါးတိုးလာတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

လိုင်ဇာမြို့မှာရှိတဲ့ ကျောင်းအားလုံးမှာ စစ်အာဏာသိမ်းပြီးနောက် ကျောင်းသားဦးရေ နှစ်ဆကျော်တိုးလာခဲ့တာပါ။ လိုင်ဇာမြို့အနီး တရုတ်နယ်စပ်မှာဖွင့်ထားတဲ့ အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းရဲ့ လက်ထောက်ကျောင်းအုပ်ဆရာမ ဆိုင်းခေါ်က

“အရင်ကတော့ ဆယ်တန်းမှာ ပုံမှန်နှစ်ရာကျော်ပဲရှိတယ်။ မနှစ်တုန်းကတော့ ခုနစ်ရာကျော်တယ်။ ဒီနှစ်မှာက ၁၁၀၀ ကျော်ရှိတယ်။ ဒီနှစ်က ဘာလို့ထူးထူးခြားခြား ဆယ်တန်းပိုများလာလဲဆိုရင် ဒီနှစ်က စနစ်ဟောင်းကို နောက်ဆုံးသင်မှာပေါ့။ ဒီတော့ ဒီစနစ်ဟောင်းမှာ ဆယ်တန်းအောင်ချင်ကြလို့ တက်တာများတယ်လို့ ထင်တယ်။ အရင်က ကျောင်းမတက်ဘဲ နားလိုက်တဲ့သူတွေလည်း ဒီနှစ်ကြိုးစားမယ်ဆိုပြီး လာကြတာများတယ်။ အဲဒါကြောင့် ဆယ်တန်း ပိုပြီးများလာတာပေါ့”

အာဏာမသိမ်းခင်က သူတို့ကျောင်းမှာ အတန်းအားလုံးပေါင်း ကျောင်းသားခုနစ်ရာကျော် သာရှိပေမယ့် အာဏာသိမ်းပြီးနောက် နှစ်ထောင်ကျော်အထိတိုးလာပြီး အခုနှစ်မှာ ဆယ်တန်းကျောင်းသားဦးရေ သိသိသာသာ တိုးလာတာလို့ ဆိုပါတယ်။

"ဒီနှစ်နောက်ဆုံးနှစ်ဆိုတော့ ဘာဖြစ်ဖြစ် အောင်ကိုအောင်ရမယ်ဆိုပြီး လာခဲ့တာ”

၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ KIA ရဲ့ တစ်ကျော့ပြန်စစ်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ကလေးတွေအတွက်ရည်ရွယ်ပြီး အလျဲန်ဘွမ်ကျောင်းကို KIO က ၂ဝ၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။

KIO က အဓိက ထောက်ပံ့ပေးထားတဲ့ အဲဒီကျောင်းဟာ ကျောင်အိပ်၊ ကျောင်းစား ဘော်ဒါကျောင်းဖြစ်တာကြောင့် ကျောင်းသားဦးရေများလာချိန်မှာ နေရာမလုံလောက်တဲ့ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

အလျဲန်ဘွမ်ကျောင်းမှာ ကျောင်းတက်နေတဲ့ ဗန်းမော်မြို့ဇာတိ မောင်မျိုးဂျတ်အောင်က ဒီမှာစနစ်ဟောင်း နောက်ဆုံးနှစ်ဖြစ်တာကြောင့် တစ်နှစ်နဲ့ ဆယ်တန်းအောင်ချင်လို့ ဒီကိုလာခဲ့တာလို့ ပြောပါတယ်။

“ဒီနှစ်က ဒီမှာလည်း စနစ်ဟောင်းနောက်ဆုံးဆိုတော့ ဒီနှစ်အောင်အောင်လုပ်မယ်ဆိုပြီး လာခဲ့တာ။ ဟိုဘက်မှာတက်ရင်တော့ စနစ်သစ် ပြန်တက်ရမယ်။ စနစ်သစ် ပြန်တက်ရင်တော့ ကြာနေလို့ မတက်ချင်တော့ဘူး။ စနစ်ဟောင်းကနေ စနစ်သစ်ပြန်တက်တော့ သုံး၊ လေးနှစ်လောက် ပြန်ကြာသွားတော့ တစ်နှစ်နဲ့ပြီးအောင် ဒီကိုလာတာ။ အခုဒီမှာက ဒီနှစ်မှ ဆယ်တန်းတက်တဲ့ သူတွေလည်းပါတယ် ကျောင်းနားထားတဲ့သူနဲ့ နှစ်ကျတွေလည်း ပါတယ်”

သူဟာ အခုကျောင်းကိုမရောက်ခင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်က ဗန်းမော်မြို့မှာပဲ ကျောင်းတက်ခဲ့တာဖြစ်ပြီး အဲမှာကျောင်းတက်နေချိန် ဗုံးပေါက်ကွဲမှာစိုးရိမ်စိတ်နဲ့ ကျောင်းတက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ဆယ်တန်းလာတက်နေတဲ့ မဂျီးဆမ်ကတော့ သူတို့ဘက်ကကျောင်းတွေမှာ အသက်အန္တရာယ် လုံခြုံမှုမရှိတာကြောင့် ဒီကျောင်းမှာလာတက်တာလို့ ပြောပါတယ်။

“ကိုဗစ်ဖြစ်တော့ ကျောင်းနားလိုက်တာ။ ကိုဗစ်လည်းဖြစ်တယ် အာဏာသိမ်းတော့ ကျောင်းတွေသေချာ တိတိကျကျ မဖွင့်တော့ဘူး။ အသက်လည်း လုံခြုံမှုလည်းမရှိဘူး။ အဲဒါတွေကြောင့် ဒီကိုပြောင်းလာလိုက်တာ။ ဒီမှာက အိမ်နဲ့ဝေးတော့ ဖျားနာရင် ခက်ခဲမှုတွေတော့ရှိတယ်။ ကျွန်မက ကိုယ်တွေယားတတ်တော့ ဆေးတွေလည်း ကျွန်မနဲ့တည့်တာ ရှာယူဖို့ခက်ခဲတယ် ဒီမှာက။ ဟင်းတွေလည်း နည်းနည်းပါးပါးတော့ အိမ်ကမှာစားရတယ်။ စာသင်တာကတော့ကောင်းတယ် မြန်မာကျောင်းတွေထက်စာရင်။ ကျောင်းမှာတော့ အကူအညီတွေလည်းပေးတော့ အဆင်ပြေတယ်။ စာလည်း လိုက်နိုင်တယ်”

အဖေနဲ့ မောင်လေးကို အချိန်မီဆေးမကုနိုင်ဘဲ ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကြောင့် ဆယ်တန်းအောင်ရင်တော့ ဆရာဝန်ဖြစ်အောင်ကြိုးစားပြီး ဆေးဝါးလက်လှမ်းမမီတဲ့ ဒေသတွေကို ကူညီသွားမယ်လို့ ဆိုပါတယ်။

အရင်က ကျောင်းသား တစ်ထောင်ဝန်းကျင်သာရှိတဲ့ လိုင်ဇာမြို့ပေါ်က အထက်တန်းကျောင်း နောက်တစ်ခုမှာလည်း အာဏာသိမ်းပြီးနောက် အနယ်နယ် အရပ်ရပ်က ကျောင်းလာတက်သူတွေ ပိုများလာတာကြောင့် မနက်နဲ့ညနေ အတန်းခွဲသင်နေရတယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျမိုင်က RFA ကို ပြောပါတယ်။

“ကျွန်မတို့ကျောင်းမှာကတော့ ခါတိုင်းကတော့ ၁၁၀၀ ပတ်ဝန်းကျင်ပဲ တက်တာပေါ့နော်။ ဒါပေမဲ့ ဒီနှစ်ကတော့ ၁၈၀၀ ကျော်တက်သွားတဲ့ အခါကျတော့ ကျောင်းခန်းမလုံလောက်မှုတွေဖြစ်တယ်။ ပြီးရင် စာရေးခုံကအစ ကျောင်းသုံး ပရိဘောဂတွေ မလုံမလောက်ဖြစ်တာပေါ့နော်။ အဲဒီတော့ မနက် ၇ နာရီကနေ ၁၁ နာရီ ၁၅ အထိ တစ်သုတ်၊ ပြီးရင် ညနေပိုင်း နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီ ၁၅ အထိတစ်သုတ် နှစ်သုတ်ခွဲသင်ရတာပေါ့”

သူတို့ကျောင်းမှာလည်း အခုနှစ်မှာ ဆယ်တန်းကျောင်းသားဦးရေ ၃ဝဝ ကျော်ရှိတယ်လို့ ဆရာမကြီးဒေါ်ဂျာမိုင်က ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ကနေ လိုင်ဇာအထက်တန်းကျောင်းမှာ လာရောက်သင်ယူနေတဲ့ မောင်နန်နော်ကတော့ ဒီနှစ်စာမေးပွဲ အောင်ကိုအောင်ရမယ်လို့ ပြောပါတယ်။

“ဒီနှစ် ဆယ်တန်းပြန်လာတက်တာက အောင်ကိုအောင်ရမယ်လို့ ခံယူထားလို့ပေါ့။ ဘာလို့လဲဆိုရင် အပြင်တွေမှာ အလုပ်တွေရှာရင်လည်း ဆယ်တန်းမအောင်ရင် စိတ်အားငယ်တာတွေရှိတယ်။ မနှစ်တုန်းကလည်းဖြေတယ်၊ မအောင်တော့ အခုနှစ်က အောင်ရမယ်ဆိုပြီး ပြန်တက်တာ။ ဒီနှစ်နောက်ဆုံးနှစ်ဆိုတော့ ဘာဖြစ်ဖြစ် အောင်ကိုအောင်ရမယ်ဆိုပြီး လာခဲ့တာ”

လိုင်ဇာမြို့နယ် စစ်ဘေးဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသည့် အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
လိုင်ဇာမြို့နယ် စစ်ဘေးဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသည့် အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အာဏာသိမ်းပြီးနောက်ပိုင်း KIO ထိန်းချုပ်နယ်မြေကို ကျောင်းလာတက်သူတွေထဲမှာ နယ်စပ်တစ်လျှောက်က ကျောင်းသားတွေသာမက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းအပြင် မြန်မာပြည်အလယ်ပိုင်းနဲ့ အောက်ပိုင်းက လာရောက်သင်ကြား နေသူတွေလည်း ပါဝင်နေပါတယ်။

အဲဒီအထဲမှာ ကချင်လူမျိုးတွေသာမက ဗမာနဲ့ ရှမ်းလူငယ်တွေပါ ပါဝင်ပြီး သူတို့ကို KIO ရဲ့ ပညာရေးဌာနက ဆရာ၊ ဆရာမတွေအပြင် CDM ဆရာ၊ ဆရာမတွေပါ သင်ကြားပေးနေတာပါ။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမှာ အထက်တန်းကျောင်း နှစ်ကျောင်းသာရှိပြီး မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကတော့ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရေအတွက် အတိအကျကိုတော့ မသိရပါဘူး။

အဲဒီက ဆယ်တန်းအောင်သူတွေဟာ မိုင်ဂျာယန်မြို့မှာရှိတဲ့ မိုင်ဂျာယန်ကောလိပ်၊ ဖက်ဒရယ်ဥပဒေကော်မတီ (Federal Law Academy)၊ မိုင်ဂျာယန်ပညာရေးကောလိပ် (Mai Ja Yang Institute of Education - MIEd)၊ လစ်ဘရယ်ဝိဇ္ဇာနဲ့ သိပ္ပံအင်စတီကျူ (Institute of Liberal Arts and Sciences - ILAS)၊ လိုင်ဇာမြို့မှာရှိတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) နဲ့ ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။