ဖခင်ဖြစ်သူ မြေမြှုပ်မိုင်းနင်းမိလို့ စိတ်ထိခိုက်နေတဲ့ မိသားစု

RFA Burmese
2024.11.23
ဖခင်ဖြစ်သူ မြေမြှုပ်မိုင်းနင်းမိလို့ စိတ်ထိခိုက်နေတဲ့ မိသားစု မြေမြှုပ်မိုင်း‌ကြောင့် ခြေထောက်ပြတ်သွားခဲ့ရသည့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က ဦးလှဟန်အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
AFP

စစ်ကောင်စီက မိုင်းအသုံးပြုတာတွေ မကြာသေးခင်နှစ်တွေအတွင်း သိသာထင်ရှားစွာ တိုးလာခဲ့ကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ မြေမြှုပ်မိုင်းနင်းမိလို့ အရပ်သားတွေ သေဆုံးရသလို ကိုယ်လက်အင်္ဂါထိခိုက်ပြီး အနာဂတ်အတွက် စိတ်ပူပန်နေရသူတွေလည်း အများအပြားပါ။ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားတာကြောင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က ဒေသခံတောင်သူ ဦးလှဟန်တစ်ယောက် စိတ်ထိခိုက်နေပါတယ်။

“အရင်လိုတော့မဟုတ်တော့ဘူးပေါ့နော်။ ကိုယ့်အတွေးအမြင်နဲ့ အရင်လိုမဟုတ်တော့ဘူး။ ကိုယ်လုပ်ချင်လည်း လုပ်လို့မရဘူး။ သူများစားလို့ ကိုယ်စားလို့ရပေမဲ့ သူများလုပ်သလို ကိုယ်အကုန်လိုက်မလုပ်နိုင်တဲ့အခါကျတော့ တစ်ခါတလေကျတော့ကိုယ်လည်း အားငယ်တယ်ပေါ့။ အဲဒီလိုမျိုးဖြစ်တယ်”

မိသားစုဝင်ခြောက်ယောက်ရှိတဲ့ အသက် ၅၂ နှစ်အရွယ် ဦးလှဟန်ဟာ အလုပ်လုပ်ဖို့ ခက်ခဲသွားတာကြောင့် မိသားစု စားသောက်နေထိုင်ရေးကို စိုးရိမ်နေပါတယ်။

စစ်ကောင်စီတပ်သားတွေ တပ်စွဲထားခဲ့တဲ့ ရွာကို စားနပ်ရိက္ခာပြန်ယူချိန်မှာ ဦးလှဟန် မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိချိန်က ကြုံတွေ့ခဲ့တာကိုလည်း သူက ပြန်ပြောပြပါတယ်။

“အဲဒီအချိန်က ရွာမှာတပ်စွဲထားတော့ တပ်မရှိတော့ဘူးအခါမှာ ပြန်တာ။ စပါးရှိသေးတယ်ဆိုပြီး စပါးပြန်သယ်၊ စက်ရှိသေးတယ်ဆိုပြီး ပြန်သယ်။ အဲဒီလိုနဲ့ မိုင်းနင်းမိတယ်ပေါ့။ မေ့တယ်။ ပြီးတော့ ခနမေ့ပြီးတော့ နောက်မှပြန်သတိရတယ်။ လဲတဲ့အချိန်တော့ မသိဘူးပေါ့။ တစ်မိနစ်လောက်တော့မကြာဘူး။ နည်းနည်းသတိပြန်ရတာပေါ့။ မိုးပေါ်ကြည့်လိုက်တော့လည်း သစ်ပင်တွေက လည်နေတယ်”

ဦးလှဟန်တို့ မိသားစုဟာ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်သုံးသန်းကျော်ထဲမှာ ပါဝင်ပါတယ်။ ဦးလှဟန်ရဲ့ သမီး မအေးမာကတော့ ဖခင်ဖြစ်သူ မသန်စွမ်းဖြစ်ခဲ့ရတာကြောင့် စိုးရိမ်ပူပန်နေပါတယ်။

“အကုန်လုံးကွာခြားတယ်ပေါ့နော်။ အရင်ကထက်အများကြီးပေါ့နော်။ အဖေက လုပ်နိုင်သွားနိုင်တုန်းကဆိုရင် အဲ့ဒီလောက်ထိ စိတ်ပူစရာမလိုဘူးပေါ့နော်”


ဆက်နွှယ်သောသတင်းများ

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက အများဆုံးဖြစ်လာ

မြေမြှုပ်မိုင်းကြောင့် ခြောက်လအတွင်း အရပ်သားတစ်ရာကျော် သေဆုံး

ကျိန္တလီမြို့မှာ မြေမြှုပ်မိုင်းကြောင့် တစ်ဦးသေ


မြေမြုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ဦးလှဟန်ကတော့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ မိုင်းတွေရှင်းလင်းပြီးမှသာ နေရပ်ကိုပြန်ကြဖို့ကို သတိပေးပါတယ်။

“ဖြစ်လာမယ်ဆိုရင်မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြန်ပြင်လို့မရတော့ဘူးလေ။ အရင်လိုပြန်ဖြစ်လို့မရတော့ဘူး။ ဘယ်လိုပဲဖြစ်လာပစေ ဒုက္ခိတဘဝထဲရောက်သွားပြီပေါ့။ အရင်ဆုံး အကုန်လုံးရှင်းပြီးမှ ပြန်သွားတယ်ဆို ပိုကောင်းတယ်ပေါ့နော်”

မြေမြှုပ်မိုင်းအသုံးပြုမှုကို တားမြစ်ထားတဲ့ နိုင်ငံတကာ သဘောတူညီချက်စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်မရေးထိုးထားပါဘူး။

မြေမြှုပ်မိုင်းနဲ့ အခြားစစ်အကြွင်းအကျန်တွေကြောင့် မနှစ်ကထက် မြန်မာနိုင်ငံမှာ သေဆုံးသူဦးရေ ပိုများလာကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့စာရင်းအရ သိရပါတယ်။

တစ်ပတ်မှာ လေးဦးထက်မနည်းနဲ့ အနည်းဆုံး လူ ၂၂၈ ဦး သေဆုံးပြီး ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံမှာ ၇၇၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ICBL က ထုတ်ပြန်တဲ့စစ်တမ်းက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။