ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မယ်ပ (၈) ရပ်ကွက် သင်္ဘောဦးဘုန်းကြီးကျောင်းတိုက် ဆရာတော် ဦးကေသဝ ရဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာကျရောက်တဲ့ သက်တော် ၆၁ နှစ်ပြည့်မွေးနေ့ပွဲအဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲကို မဲဆောက်မှာ ကျင်းပခဲ့ပါတယ်။
ဆရာတော် ဦးကေသဝဟာ ကရင်တိုင်းရင်းသားဖြစ်ပြီး မဲဆောက်မြို့မှာ အခြေစိုက်နေထိုင်ကြတဲ့ ကရင်တိုင်းရင်း သားတွေသာမက ကရင်ပြည်နယ်ကနေလည်း လာရောက်ကြသူတွေက ကရင်ရိုးရာအဆို၊ အတီး၊ အကတွေနဲ့ ရိုးရာလက်ဝှေ့ပွဲမှာ ဖျော်ဖြေခဲ့ကြပါတယ်။
ဆရာတော်မွေးနေ့ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပပြီး ကရင်တိုင်းရင်းသားတွေနဲ့အတူ ထိုင်းနိုင်ငံသား အလှူရှင် ဒကာ၊ ဒကာမတွေလည်း လာရောက်ကြတယ်လို့ အဲဒီကျောင်းတိုက်တာဝန်ခံ ဘုန်းကြီး ဦးစန္ဒာရိယက မိန့်ကြားပါတယ်။
‘’မယ်ပဆရာတော်ကျောင်းတိုက်ဆိုတာ သက်တော် ၆၁ နှစ် ၂၇ ဝါ၊ နှစ်တိုင်းပဲ လုပ်ကြပါတယ်။ ၁ လပိုင်း ၂၈ ရက်နေ့ ဆရာတော်မွေးနေ့၊ ၂၈ ရက်နေ့ဆိုတာ သံဃာတွေအပါး ၁၀၀ ကျော်လောက် ပင့်ကြွကြတယ်၊ တကယ်လို့ အဲဒီမှာ ပင့်ကြွသံဃာထဲ ရခိုင်ဥက္ကဋ္ဌလည်းပါတယ်၊ တာ့ခ်ခရိုင်ဥက္ကဋ္ဌလည်း ကြွကြတယ်။ ဆရာတော်ဆိုတာလည်း သာသနာပြုတယ်။ သားငယ် သမီးငယ်တို့ ကျောင်းဒကာ၊ ဒကာမတို့ ညီညွတ်တယ်၊ ကျောင်းထိုင်ဆရာတော်က ကရင်လူမျိုး ဒါကြောင့် ဒီပွဲက ကရင်တွေ များကြတယ်’’
ဆရာတော်ရဲ့မွေးနေ့ပွဲကို ဆင်နွှဲကြဖို့အတွက် ကရင်ပြည်နယ် ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီ စတဲ့မြို့နယ်တွေက ဒုံးယိမ်းအကအဖွဲ့တွေ၊ လက်ဝှေ့ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် သူတွေဟာ ကားတွေနဲ့ ကြိုတင်ရောက်လာကြတယ် လို့လည်း ဆိုပါတယ်။
ဝါသနာအရ လက်ဝှေ့ထိုးယှဉ်ပြိုင်ဖို့ရောက်လာတာလို့ ကော့ကရိတ်မြို့နယ် ဒေါနစံလက်ဝှေ့ကလပ်က အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ဖိုးကေ က ပြောပါတယ်။
‘’ဝါသနာအရပေါ့။ ကျွန်တော် ထိုးချင်စိတ်ရှိလို့ပါ။ ပွဲကတော့ အများကြီး ထိုးဖူးပါတယ်။ ဒီပွဲကတော့ ဘုန်းကြီးကိုလာ အားပေးတာ၊ မြန်မာပြည်ကတော့ သုံးချီထိုးရင်တော့ နိုင်သူ သုံးသိန်း၊ ရှုံးသူ နှစ်သိန်းပဲ။ အခုလို ကြည့်ရှုအားပေးတဲ့ပရိ သတ်ကို ကျေးဇူးတင်တယ်။ ဆက်ပြီးတော့ နာမည်ကျော်အောင် ကြိုးစားပါ့တယ်။ အခုမှ ပထမပွဲစဉ်ဆိုတော့ ကျွန်တော် စိတ်လှုပ်ရှားပါတယ်’’
ထိုးကြေးအဖြစ် နိုင်တဲ့သူ ဘတ်တစ်ထောင်၊ ရှုံးတဲ့သူ ဘတ် ၅၀၀ သတ်မှတ်ချီးမြှင့်တယ်လို့ လက်ဝှေ့ပွဲစီစဉ်သူတွေက ပြောပါတယ်။ ပရိသတ် အကြိုက်တွေ့တဲ့ လက်ဝှေ့သမားတွေကို ဆရာတော်အပါအဝင် လာရောက်အားပေး ကြည့်ရှုကြသူတွေက ဆုငွေ သီးသန့်ချီးမြှင့်ကြတာလည်း တွေ့ရပါတယ်။

ထိုင်းနိုင်ငံသားလက်ဝှေ့သမားတွေလည်း ဝါသနာအရ ယှဉ်ပြိုင်ကြသလို အသက် ၁ဝ နှစ်အောက် ကလေးငယ်တွေ၊ အမျိုးသမီးတွေလည်း ပါဝင်ယှဉ်ပြိုင်ကြပြီး အများစုက ကရင်တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။
မြန်မာပြည်မှာ နိုင်ငံရေးအခြေအနေ မကောင်းဘဲ နေရာအနှံ့ တိုက်ပွဲတွေဖြစ်နေလို့ လက်ဝှေ့ပြိုင်ပွဲတွေ ကျင်းပခွင့် မရတဲ့အတွက် မျိုးဆက်သစ် လက်ဝှေ့သမားလေးတွေ အတွေ့အကြုံကောင်းတွေ ရတာမို့ ဒီပွဲက အခွင့်အလမ်းပဲလို့ လက်ဝှေ့ပွဲစီစဉ်သူတွေက ပြောကြပါတယ်။
သုံးရက်တာ ကျင်းပတဲ့ ဆရာတော်မွေးနေ့ပွဲ တက်ရောက်သူတွေကို ထမင်း ကျွေးမွေးဧည့်ခံခဲ့ပါတယ်။