တိုက်ပွဲတွေကြား သံတွဲအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တဲ့ ပန်းချီဆရာမ ဒေးဒေး

RFA Burmese
2025.01.14
တိုက်ပွဲတွေကြား သံတွဲအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တဲ့ ပန်းချီဆရာမ ဒေးဒေး ပန်းချီဆရာမ မဒေးဒေးဇိုရာအား ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက တွေ့ရစဉ်။
RFA

မဒေးဒေးဇိုရာဟာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်ကတည်းက သံတွဲမြို့မှာ ပန်းချီပညာနဲ့ အသက်မွေးနေသူပါ။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်အရေး၊ စစ်ဘေးဒုက္ခသည်တွေကူညီရေးကိစ္စတွေမှာ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ပါဝင်ကူညီနေတာလည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူ့ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နဲ့ အလုပ်နဲ့ ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခဲ့တာပါ။

"စစ်ဘေးရှောင်တို့ ဘာတို့ အရမ်းမုန်းတာ သူတို့(စစ်ကောင်စီ)ကလေ၊ အဲဒီလိုမျိုး ကိုယ့်စိတ်ထဲကခံစားရတာ၊ အဲ့ဒီဟာ တကယ်ကဘာများမှားနေလို့လဲ၊ ပြည်သူအချင်းချင်းလေ၊ ဒုက္ခရောက်နေတဲ့ပြည်သူကို ဒီပြည်သူက သာမာန်ပြည်သူက ကူညီတဲ့ဟာလေ၊ အဲ့ဒီဟာကို သူတို့က မကြားချင်ဘူးပေါ့၊ နင်က ဒါတွေလုပ်ခဲ့တာပဲ၊ နင်က ဒီလူတွေနဲ့ သိနေတာပဲ၊ အဓိကကတော့ ကျွန်မကို ဒီလူတွေနဲ့ သိနေလို့ သတိထားရမဲ့လူပေါ့နော်၊ အန္တရာယ်ရှိတဲ့လူပေါ့၊ သူတို့အဲ့လိုမျိုး ဆုံးဖြတ်တယ်၊ အဓိကကတော့ ကျွန်မကို ထောက်ပို့လုပ်တယ်ပေါ့၊ NUG၊ PDF ကို ထောက်ပို့လုပ်တယ်ဆိုပြီး ဖမ်းတာ၊ ဒါပေမဲ့ ထောက်ပို့လုပ်တယ်ဆိုတဲ့ သက်သေ သူတို့မှာ မရှိဘူး"

ထောင်ချခံရပြီး နှစ်နှစ်အကြာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်ည ၁၁ နာရီမှာ တိုက်ပွဲတွေကြောင့် သံတွဲထောင်လက်နက်ကြီးထိမှန်ပြီး ထောင်ပွင့်သွားချိန်မှာ သူပြန်လွတ်မြောက်လာခဲ့ပါတယ်။

"သေတွင်းထဲက လွတ်လာတယ်လို့ ပြောရမှာပေါ့နော်၊ ကိုယ်တွေကို မထိမခိုက်ဘဲနဲ့ အပေါက်လေး တစ်ပေါက်တောင် မရခဲ့ဘူးပေါ့၊ ဒဏ်ရာရတဲ့လူတွေအတွက်တော့ တကယ်စိတ်မကောင်း ခံစားရတယ်၊ ဆုံးသွားတဲ့လူတွေရဲ့ သေသွားတဲ့ခန္ဓာကိုယ်လည်း ကျွန်မတို့ပဲ သယ်ရတယ်၊ အပြင်ကိုရောက်အောင် ထုတ်ခဲ့တယ်၊ ကိုယ့်အိမ်ကို ပြန်ကြတာပေါ့နော်၊ ကိုယ့်အိမ်ပြန်ကြတဲ့နေရာမှာဆို ပြန်စရာအိမ်တော့ မရှိဘူးပေါ့၊ မိသားစုတွေလည်း မရှိကြတဲ့အခါကျတော့၊ အဆင်ပြေတဲ့နေရာပေါ့၊ ငါတို့ပြန်ဆုံမယ်ဆိုပြီးတော့၊ အဲ့နေ့က တစ်ညလုံးအပြင်မှာ ညသန်းခေါင်ကြီးဆိုတော့လေ ကြောက်ကြောက်လန့်လန့်နဲ့ အပြင်မှာပဲ ခိုနေပြီးတော့ မနက်လင်းမှပဲ ခွဲပြီးထွက်လာကြတာပေါ့"

ထောင်ကလွတ်လွတ်ချင်း ကျန်းမာရေးမကောင်းပေမဲ့ မိခင်ဖြစ်သူရှိရာကို ခြေလျင်ခရီး နှင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

"အဲ့ဒီမှာတင် ခြေလျင်ခရီးကို လျှောက်ရတယ်၊ လမ်းလည်း အဝေးကြီးလျှောက်ခဲ့ရတယ်၊ လူကလည်း နေမကောင်းဖြစ်နေတယ်ဆိုတော့ တော်တော်ကြီးကို အခြေအနေမဟန်၊ ကျွန်မဆို စပြီးတော့ ထွက်ကတည်းကပေါ့နော် နေမကောင်းဖြစ်နေတယ်၊ ပြီးရင် အနာတွေလည်း၊ အနာတွေဆိုတာ အထဲမှာဖြစ်နေတဲ့ အရေပြားရောဂါတွေဆိုရင် ရောင်ကိုင်းပြီးတော့လေ အဲ့လိုတွေ ဖြစ်နေတယ်ဆိုတော့ အမေ့ဆီကို ခက်ခက်ခဲခဲ သွားခဲ့ရတယ်၊ အမေ့ဆီရောက်တဲ့အခါကျတော့ ခြေထောက်ကအရွတ်တွေ အရမ်းနာပြီးတော့ လမ်းလည်း မလျှောက်နိုင်တော့ဘူး၊ အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်၊ ရောက်တဲ့ရွာမှာပဲ ကျန်းမာရေးမှူးတွေခေါ်ပြီးတော့ ဆေးတွေဘာတွေ သူတို့ထိုးပေးလိုက်တယ်၊ ယာယီပေါ့၊ အဲ့ဒါနဲ့ လူတွေနဲ့ တွဲပြီးတော့ပဲ တစ်ဆင့်ချင်းတစ်ဆင့်ပေါ့၊ တစ်ရွာပြီးတစ်ရွာ ဖြတ်ပြီးတော့ လာခဲ့တာပေါ့နော်"


ဆက်နွှယ်သောသတင်းများ

မဲဆောက်က မြန်မာအမျိုးသမီးတွေရဲ့ အိုချစ်ရာလက်မှုလုပ်ငန်း

အနုပညာနဲ့ မြန်မာ့အရေးကို ပုံဖော်နေသူ

ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ပန်းချီနဲ့ပြသ


သံတွဲထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု မရှိဘဲ ဖိနှိပ်ခံခဲ့ရတဲ့အကြောင်းလည်း သူပြန်ပြောပြပါတယ်။

"သူများတွေဆို အခုထောင်ထဲထွက်လာတဲ့အခါ မေးတယ်၊ ထောင်ထဲမှာ ပန်းချီမရေးခဲ့ဘူးလားဆို အရမ်းရေးချင်တယ်၊ ခဲတံတိုလေးတစ်ခုကို ကိုယ့်လက်ထဲမှာရှိတယ်ဆို နောက်အမှုတပ်လို့ရတယ်၊ အဲ့လိုပေါ့နော်၊ သူတို့က အကြီးအကျယ်တွေ အရမ်းကို ဖိနှိပ်ခဲ့တာ၊ ဘာမှ လုပ်ခွင့်မရှိဘူး၊ ကိုယ်ကြားဖူးတာ ထောင်ထဲကနေ ၁၀ တန်းဖြေခွင့်ရတယ်တို့၊ ထောင်ထဲမှာ စာရေးလို့ရတယ်ပေါ့၊ အဲ့လိုမျိုးတွေ ကြားဖူးတဲ့အခါကျတော့ တကယ့်ကိုမှ လက်တွေ့ဘဝမှာ လုံးဝမဟုတ်ပါဘူး အဲ့ဒါက၊ ကျန်းမာရေးစောင့်ရှောက်မှုလည်း အားနည်းတယ်၊ ကျွန်မဆိုရင် အရေပြားရောဂါဖြစ်တယ်ပေါ့နော် ထောင်တွင်းထဲမှာ၊ အရေပြားရောဂါတွေ တော်တော်ဖြစ်ကြတယ်ပေါ့ အထဲမှာ၊ ဖြစ်ကြတော့ ပေးတဲ့ဆေးနဲ့ အနာနဲ့က လွဲနေပြီးပေါ့၊ ကိုယ့်အိမ်ကပဲ ဆေးတွေမှာရတယ်၊ ကိုယ့်စရိတ်နဲ့ကိုယ် ထောင်ကျတာပေါ့၊ အဲ့လိုပြောရမှာပေါ့၊ ကိုယ့်စရိတ်နဲ့ကိုယ် ထောင်ကျတယ်၊ အိမ်က လုံးဝကို ကိုယ့်ကို ပံ့ပိုးပေးရတယ်၊ တော်တော်လည်း ခက်ခဲပါတယ်၊ ထောင်ထဲက အတွေ့အကြုံပြောရမယ်ဆိုလို့ရှိရင်"

ထောင်ထဲကနေ မိသားစုနဲ့ ဆက်သွယ်တဲ့ စာပေး၊ စာယူ ကိစ္စတွေကို ထောင်တာဝန်ရှိသူတွေက လျစ်လျှူရှုတာကိုလည်း သူအတော်လေးခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

"စာရေးတယ်ဆိုတာကလည်း ဆရာတို့ သိတဲ့အတိုင်းပဲ ခံစားချက်ကို ထုတ်ပြီး ရေးရတာလေနော်၊ ကိုယ်ကတော့ရေးရေး၊ ဒါပေမဲ့ ဘယ်တော့မှ မရောက်သွားဘူး အဲ့ဒီစာတွေက၊ အိမ်ကစာလည်း ကိုယ့်ဆီမရောက်လာခဲ့ဘူး၊ နောက်ပိုင်းကျတော့ ရုံးထုတ်တဲ့တစ်ယောက်က ပြောတယ်၊ ငါတို့စာတွေ အမှိုက်ပုံးထဲမှာတဲ့ သူက အဲလိုပြောတယ်၊ အဲ့ဒီကလည်း တော်တော်ဝမ်းနည်းတယ်သိလား၊ လူကလေ ရိုက်ခံရထက်တောင် ခံစားရတယ်၊ ငါတို့က ငါတို့စာလေးတွေ အိမ်ကိုရောက်အောင်ရေးလိုက်တာ၊ သူတို့ကတော့ ဒီစာကို မပေးပေးဘူးပေါ့နော်၊ အဲ့ဒီဟာကိုရင်ထဲမှာ အခုထိမမေ့နိုင်ဘူး၊ မုန်းတီးနေတာ၊ ကိုယ်တွေခံစားချက်ကို ရိုက်ချိုးတယ်ပေါ့နော်၊ အဲ့လိုခံစားရတယ်၊ အဲ့ဒီဟာတော့ မမေ့နိုင်တဲ့ အချက်ပဲ"

ပန်းချီဆရာမ မဒေးဒေးဇိုရာအား ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက တွေ့ရစဉ်။ (Photo: RFA)
ပန်းချီဆရာမ မဒေးဒေးဇိုရာအား ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက တွေ့ရစဉ်။ (Photo: RFA)

အခုတော့ မဒေးဒေးဟာ ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးတဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ နေထိုင်ရင်း သူ့ရဲ့ပန်းချီပညာနဲ့ စစ်ဘေးရှောင်နေရတဲ့ ရခိုင်ဒေသက ပြည်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပံ့ပိုးကူညီဖို့ ကြိုးစားနေပါတယ်။

"နိုင်ကျဉ်းတွေကို ဘယ်လို ကူညီပေးနိုင်လဲ တစ်ချက်ရယ်၊ နောက်တစ်ချက်ကတော့ ရခိုင်ပြည်ရဲ့ နောက်လာမဲ့ မျိုးဆက်တစ်ခုပေါ့နော် အခုကိုယ်ဝန်ဆောင်နေတဲ့ ကလေးမိခင်တွေ သူတို့ဒီကလေးတွေကို ကျန်းကျန်းမာမာနဲ့ မွေးဖွားလာအောင် ဘယ်လိုမျိုး လုပ်မလဲပေါ့၊ အဲ့ဒီတစ်ချက်ကတော့ ရင်ထဲမှာရှိနေတဲ့ အချက်ဖြစ်ပါတယ်၊ အဲ့ဟာကိုလည်း ကျွန်မလုပ်ဖို့အတွက်ကို ကိုယ့်ကိုယ်ကိုလည်း အရမ်းကို တွန်းအားတွေပေးပြီးတော့ ငါသည် ဒီပန်းချီနဲ့ ပိုက်ဆံအများကြီး မရှာနိုင်ရင်တောင်မှ ကိုယ်ရှာနိုင်တဲ့ အတိုင်းအတာလေးနဲ့ ငါ့ရဲ့ အထောက်အပံ့ ဖြစ်ပါသည်ပေါ့နော်၊ အဲ့လိုမျိုး စိတ်မျိုးနဲ့ ကျွန်မ တကယ့်ကို ကြိုးစားရုန်းကန်နေပါတယ်၊ ကိုယ့်ပြည်နယ်အတွက် ကိုက အသုံးဝင်တဲ့သူဖြစ်ချင်တယ်၊ ပြန်လည်ထူထောင်ရေးကာလမှာလည်း ကိုဘာလုပ်နိုင်တာရှိလဲ၊ ပါဝင်ချင်တယ်၊ အဲ့ဒီအတွက်လည်း ကျွန်မတကယ်ကို ကြိုးစားနေပါတယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။