PDF တွေကို စစ်သင်တန်းပေးနေတဲ့ စစ်သားဟောင်း ဗိုလ်ယက္ခ

ခင်မိုးညို
2023.05.25
PDF တွေကို စစ်သင်တန်းပေးနေတဲ့ စစ်သားဟောင်း ဗိုလ်ယက္ခ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်သင်တန်းပေးနေသည့် ဗိုလ်ယက္ခ။
RFA

“ရှေ့တန်းစစ်မြေပြင်ထွက်သွားတယ်။ အဲဒီမှာခြေကျိုး၊ လက်ပြတ်နဲ့ နောက်ဆုံးတော့ စာအုပ်ရောင်းရတာပဲ အဖတ်တင်တယ်။ မိမိတို့ရဲ့ကျောတစ်ခင်းစာတောင်မရတဲ့ဘဝတွေနဲ့ ကြုံတွေ့ရတယ်။ အဲဒါ စစ်တပ်ရဲ့လောကပဲ။ အဲတော့ ဒီလောကတွေ မမျှတတဲ့လောကကြီးထဲမှာ တစ်သက်လုံးရှင်သန်ကြမလား။ ဘဝတွေအကုန်လုံးနစ်မြှုပ်ခံရမလား။ တရားမျှတတဲ့မိုင်တိုင်တစ်ခုကို သွားကြပါ။”

ဒါကတော့ စစ်ကောင်စီတပ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ကူးပြောင်းလိုက်တဲ့ ဗိုလ်ယက္ခပြောနေတာဖြစ်ပါတယ်။ သူက မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို စစ်ပညာပို့ချပေးနေတဲ့ နည်းပြဆရာဖြစ်နေပါပြီ။

ဧရာ၀တီတိုင်းဇာတိဖြစ်တဲ့ ဗိုလ်ယက္ခဟာ လသား ကတည်းက အမိမဲ့သားအဖြစ် ကြီးပြင်းလာရသူပါ။ ရုပ်ရှင်ဗီဒီယိုတွေထဲကမြင်ရတဲ့ တပ်မတော် သားတွေကိုအားကျရာကနေ သူ့အသက် ၁၅ နှစ်အရွယ်မှာ သူ့သဘောဆန္ဒနဲ့ တပ်ထဲဝင်ခဲ့တာပါ။

တပ်ထဲမှာ အနေကြာလာတဲ့အခါ သူထင်ထားတာနဲ့ ပကတိအခြေအနေမတူတာကို သိလိုက်ရတဲ့အချိန်မှာ တပ်ထဲက ထွက်ခွင့်တောင်းခဲ့ပေမယ့် မရတော့ပါဘူး။ သူဟာ တပ်ထဲမှာ တပ်ကြပ်ကြီးရာထူးနဲ့ အသက် ၅၀ အရွယ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီကို ပြည်သူတွေ လက်နက်ကိုင်ခုခံတော်လှန်လာတဲ့အချိန်မှာတော့ သူက တပ်ကိုကျောခိုင်းလိုက်ခဲ့တာပါ။

စစ်သားဘဝနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရန်သူလိုသဘောထားတိုက်ခဲ့ရပြီး အခုတော့ တိုင်းရင်းသား တွေက ပြည်သူ့ဘက်ကဆိုတာ နားလည်လာတယ်လို့ ဗိုလ်ယက္ခက ပြောပြပါတယ်။

“ကျွန်တော် ၁၅ နှစ်သားနဲ့စစ်တပ်ထဲကိုဝင်ခဲ့တယ်။ တအားကြီးကိုဆိုးဝါးတယ်လို့ပြန်ခံစားရတယ် ကျန်ခဲ့တဲ့အတိတ်က။ ဘာလို့ဆိုတော့ ကျွန်တော်တစ်ချိန်တုန်းက သတ်မှတ်ခဲ့တဲ့ရန်သူတွေဆိုပြီးတော့သဘောထားမိပြီးတော့မှ ကျွန်တော်ကြမ်းတမ်းခဲ့တဲ့သူတွေက အခုအချိန်မှာ ကျွန်တော်တို့နဲ့ မဟာမိတ်ဖြစ်နေပြီး ပြည်သူ့ဘက်ကရပ်တည်နေတာ။ အဲဒါတစ်ကယ်မှန်ကန်ပါလားဆိုတာအခုချိန်မှ ကျွန်တော် ပေါ်ပေါ်တင်တင်သိလိုက်ရတာ။ အခုဆိုရင် KNU၊ KIA တို့က ကျွန်တော်တို့ PDF အားလုံးကို လေ့ကျင့်ရေးပညာတွေ၊ စစ်ရေးပညာတွေ၊ ဒါအကုန်လုံးသင်ပေးနေကြတယ် တိုက်ခိုက်ရေးစနစ်တွေမြင့်တက်အောင်လို့။ ကျွန်တော်တို့ PDF တွေကို သင်တန်းတွေပို့ချပေးနေတယ်။”

ဒါကြောင့် တိုင်းရင်းသားတွေကို တောင်းပန်တယ်လို့ သူကပြောပါတယ်။

“အဲဒီတော့ သူတို့ကို ကျွန်တော်ပြောချင်တာ ကျွန်တော်လုံးဝတောင်းပန်ပါတယ်။ တစ်ချိန်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း ဂျင်းထည့်ခံခဲ့ရတဲ့အတွက် ကျွန်တော်စစ်တပ်ထဲမှာထဲထဲဝင်ဝင်လုပ်ခဲ့တယ်။ ပြည်သူ့ဘက်ကရပ်တည်တဲ့ စစ်တပ်ဆိုပြီးတော့မှ ကျွန်တော်အကြွင်းမဲ့ယုံကြည်ခဲ့လို့ ကျွန်တော် မှားယွင်းခဲ့တာကို KNU၊ KIA မိတ်ဆွေများကိုလည်း ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။”

ဗိုလ်ယက္ခ စစ်တပ်ထဲမှာရှိခဲ့တုန်းက သူတို့နာခံခဲ့ရတဲ့ တပ်တွင်းဝါဒဖြန့်ချီရေးတွေအကြောင်းကိုလည်း ပြောပြပါတယ်။

“ကျွန်တော်တို့ ဧရာဝတီတိုင်း တိုင်းမှူးဖြစ်ခဲ့တဲ့ ဦးသူရရွှေမန်းဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ခမရ ၅၃၄ ခြေမြန်တပ်ရင်းကိုလာတယ်။ ဒါဘာတွေ စီးကော်တွေလုပ်တယ်။ ဒါဘာမှာလည်း ကျွန်တော်တို့ကိုအမြဲတမ်းပြောတယ်။ နင်တို့ကို တပ်မတော်ကပဲ ထောက်ပံ့ပေးတာ၊ လစာပေးတာ။ တပ်မတော်ကို အကြွင်းမဲ့ယုံကြည်ဖို့။ တပ်မတော်မပါဘဲနဲ့ ဘယ်အရာမှမပြီးဘူးဆိုတဲ့အတိုင်းအတာမျိုးတွေကို ခဏခဏ ပြောတယ်။ ဗုဒ္ဓဘာသာနိုင်ငံကို မိန်းမအုပ်ချုပ်လို့မရဘူး။ မိန်းမအုပ်ချုပ်ခဲ့လို့ရှိရင် တိုင်းပြည်ပျက်မှာတို့ ဘယ်ပုံစံဖြင့် ငလျင်အကြီးအကျယ်ကြီးလှုပ်မှာတို့ ဒီလိုမျိုးတွေ ခင်ဗျားတို့မြင်ချင်လား အဲဒီလိုမျိုးတွေကအစ မေးခွန်းတွေထုတ်ပြီးတော့မှ သူတို့ဘက်ကပြောဆိုလာတယ်။"

SDW 1.jpg
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်သင်တန်းပေးနေသည့် ဗိုလ်ယက္ခ။ (Photo: RFA)

အခုဆိုရင် ဗိုလ်ယက္ခဟာ လူငယ်ပေါင်း နှစ်ထောင်လောက်ကို စစ်ပညာသင်ပေးခဲ့ပြီးပြီလို့ဆိုပါတယ်။ မြိုင်ဒေသက လူငယ်တွေဘာကြောင့် စစ်ကောင်စီကိုတော်လှန်ချင်တဲ့သူတွေဖြစ်လာရတာလဲဆိုတာနဲ့ပတ်သက်လို့ သူ့အမြင်ကိုပြောပြပါတယ်။

“ဂိမ်းဆော့တဲ့လက်ကလေးတွေ နောက်ပြီးတော့မှ စာကျက်တဲ့ဦးနှောက်နဲ့ကလေးတွေက အဲဒီစာတွေ၊ ဂိမ်းတွေဆီကိုမရောက်နိုင်တော့ဘဲနဲ့ တောထဲလာပြီးတော့မှ လူသတ်လက်နက်တွေကိုင်နေရတာ ဘာကြောင့်လဲ။ သူတို့က ဒီတိုင်းတော့ ကျွန်တော်တို့မခံနိုင်တော့ဘူး ဆရာရေတဲ့ ကျွန်တော်တို့ ဒီအတိုင်းသာဆိုရင်တော့ ကျွန်တော်တို့မှာလည်း နှမတွေရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့အိမ်တွေလည်းမီးရှို့ခံနေရပြီ။ နောက်ပိုင်း လူသတ်၊ မုဒိမ်းကျင့်တွေပါဖြစ်လာပြီ ဆရာ။ ကျွန်တော်တို့လည်း တိုက်ပွဲဝင်မယ်ဆိုတော့ သူတို့တွေတင်မဟုတ်ဘူး သူတို့နှမတွေပါ အဲ့သလိုဝင်ခိုင်းတာ။ အဲဒါမြင်တော့ ကျွန်တော့်ရင်ထဲမှာတောင် ငိုမိတယ်။”

သူဟာ မတူတဲ့လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုမှာ ပါဝင်ဖြတ်သန်းခဲ့တဲ့သူဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူနဲ့ဆက်ဆံတဲ့အခါမှာ သတိပြုသင့်တဲ့အချက်တွေကိုလည်း ပြောပြပါတယ်။

“ပြည်သူမပါရင်ဘယ်အရာမှ အဆင်မပြေဘူးဆိုတာတစ်ခုထဲပဲ ကျွန်တော်တို့မှာရှိတယ်။ အဲတော့ ပြည်သူမပါရင် ဘယ်အရာမှ အဆင်မပြေတာတွေ အကုန်လုံးသိနေတဲ့အတွက် ပြည်သူလူထုအပေါ်ကို လက်နက်အားကိုးနဲ့အနိုင်ကျင့်တာ၊ ထမင်းကျွေးတဲ့ပြည်သူကို ပြန်ပြီးတော့မှ သေနတ်ပြောင်း အဲဒီပြည်သူ့ဘက်ကိုပြန်မလှည့်မိဖို့ကို အမြဲသတိရှိရှိနဲ့ စောင့်ထိန်းကြပါလို့လည်း ကျွန်တော်ပြောချင်ပါတယ် ခင်ဗျာ့။”

SDW 3.jpg
တပ်ကြပ်ကြီးဘဝကနေ တပ်မတော်ကို ကျောခိုင်းစွန့်ခွာခဲ့ပြီး PDF များကို စစ်သင်တန်းပေးနေသည့် ဗိုလ်ယက္ခ။ (Photo: RFA)

တော်လှန်ရေးဘယ်တော့ပြီးမလဲဆိုတော့ လက်ရှိ စစ်တပ်ထဲက လူတွေအသိစိတ်ဝင်လာရင် ပိုမြန်မယ်လို့ ဗိုလ်ယက္ခက ပြောပါတယ်ရှင်။

“တော်လှန်ရေး အမြန်ဆုံးပြီးနိုင်မယ့်အနေအထားကတော့ စစ်တပ်ထဲက လက်ရှိစစ်မှုထမ်းနေတဲ့ စစ်သားတွေအသိစိတ်တွေ ဝင်လာရင် အမြန်ဆုံးပြီးပါလိမ့်မယ်။ အသိစိတ်တွေဝင်လာကြပါ။ ဘာကြောင့်လဲဆိုတော့ အမှားအမှန်ခွဲခြားနိုင်ရမယ့်အချိန်လည်းရောက်နေပါပြီ။"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။