စစ်ဘေးဒုက္ခသည် သားပျောက်မိခင်တစ်ဦးရဲ့ သောက
2025.01.31
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်း ပဋိပက္ခတွေကြားမှာ ဖမ်းဆီးခံလိုက်ရပြီး ပျောက်ဆုံးနေတဲ့ သားဖြစ်သူကို ပြန်တွေ့နိုင်ဖို့ မိခင်ဖြစ်သူ ဒေါ်ဗစ်ဂျီးနီးယား အမြဲမျှော်လင့်နေပါတယ်။
“မမေ့နိုင်ဘူး။ အင်္ကျီတစ်ထည်တွေ့တိုင်း မျက်ရည်ကျတယ်ပေါ့။ အဲဒီလို။ ခံစားရတယ်။ ထမင်းစားတဲ့အချိန်ကအစ။ ထမင်းစားတော့မယ်ဆို မျက်ရည်ကကျ။ သားဘယ်လိုနေတော့မလဲ၊ ဘာစားမလဲ၊ ဘယ်လိုနေထိုင်မလဲ။ ဒီလိုတွေးပြီးမှ ခံစားရတယ်”
အသက် ၄၈ နှစ်အရွယ် ဒေါ်ဗစ်ဂျီးနီးယားက ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကနေ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က လွိုင်နန်းဖမြို့ မှာ စစ်ဘေးရှောင်နေတဲ့ ဒုက္ခသည်တစ်ယောက်ပါ။ သူ့မှာ သားသမီး ခုနစ်ယောက် ရှိပါတယ်။ အဲဒီထဲက တတိယမြောက်သားဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လက်နက်ကိုင်တပ်တွေ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ အသက် ၁၈ နှစ်အရွယ် သားဖြစ်သူဟာ ဖမ်းဆီးခံရပြီးတဲ့နောက် လိုဏ်ဂူတစ်လုံးထဲမှာရှိတဲ့ ချောက်ထဲကို ပစ်ချခံခဲ့ရပါတယ်။
“ဂူထဲ ကန်ချပစ်တယ်ပေါ့။ လက်ထိပ်ခတ်ပြီးမှ ပစ္စည်းတွေ အကုန်လုံးချွတ်ပြီးမှ အကုန်လုံး သိမ်းပြီးမှ သားကွန်ပျူတာ တစ်လုံးလည်း ပါသွားသေးတယ်လေ။ အဝတ်တောင်၊ အဝတ်အရှည်တောင် မပါတော့ဘူးပြောတယ်။ သူတို့ လွတ်လာတဲ့ မိန်းကလေး တစ်ယောက်ပြောတာ။ အားကစားဘောင်းဘီနဲ့ လက်တိုနဲ့ပဲ။ တကယ်တော့ သားအကြောင်း မြင်မကောင်းဘူးပေါ့နော်။ ဂူထဲမှာနေ အေးတယ်၊ အေးတယ်။ သူတို့ပြောကြတယ်”
ဒေါ်ဗစ်ဂျီးနီးယားရဲ့ သားဟာ ရန်ကုန်မြို့မှာ ဂျပန်စာ သင်နေရာကနေ ဆီဆိုင်မြို့မှာရှိတဲ့ မိသားစုဆီ ပြန်လာချိန်မှာ ဒီလိုအခြေအနေ ကြုံတွေ့ခဲ့ရတာပါ။
အဲဒီနေ့က ဒေါ်ဗစ်ဂျီးနီးယားရဲ့ သားအပါအဝင် ဒေသခံ ရှစ်ယောက်ကို PNO အဖွဲ့က ဖမ်းဆီးပြီး ချောက်ထဲ ပစ်ချခဲ့တာပါ။ အဲဒီထဲမှာ အမျိုးသမီး နှစ်ဦးလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မပြီး သူတို့အားလုံးဟာ ချောက်ရဲ့ ပေနှစ်ဆယ်လောက်နက်တဲ့ ပထမအဆင့်ကိုပဲ ကျခဲ့ပါတယ်။ သူတို့ထဲက ခုနစ်ယောက်က အသက်ဘေးက လွတ်မြောက်ခဲ့ပြီး တစ်ယောက်ကတော့ ချောက်ထဲကိုကျတဲ့အရှိန်နဲ့ ခါးရိုးကျိုးကာ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒီဒေသခံ ရှစ်ဦးကို PNO က ဖမ်းဆီးပြီး ချောက်ထဲပစ်ချခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး PNO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းကြွယ်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒါတစ်ဖက်သတ်စွပ်စွဲတာဖြစ်ကြောင်းနဲ့ အဲဒီအချိန်ကာလဟာ တိုက်ပွဲပြင်းထန်နေချိန်ဖြစ်တာကြောင့် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးသွားတယ်ဆိုတာကို ဒေသခံရွာသားတွေက အတိအကျပြောဆိုနိုင်မှာမဟုတ်ကြောင်း တုံ့ပြန်ပါတယ်။
ဖမ်းဆီးခံရပြီး ချောက်ထဲပစ်ချခံခဲ့ရပေမဲ့ အသက်မသေဘဲ ပြန်လွတ်လာသူတွေထဲမှာ ဦးအက်ဒွပ်လည်း ပါဝင်ပါတယ်။ သူတို့ကို အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ PNO က ဖမ်းဆီးပြီး သတ်ဖြတ်ဖို့ ကြိုးစားခဲ့တာလို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ ဘာအပြစ်မှ မရှိဘဲနဲ့ ဘာဖြစ်လို့ ဖမ်းလဲ။ ကျွန်တော်တို့ သေနတ်ထမ်းသမား မဟုတ်ဘူး။ ရဲဘော်မလုပ်ဘူး ကျွန်တော်တို့ ပြောတယ်။ နင်တို့ သိချင်ရင် ငါပြောပြမယ် သူ့ဗိုလ်တစ်ယောက်လာပြောတယ်။ နင်တို့ ကယန်း၊ ကယား၊ ကယောတွေ တစ်ယောက်မှ ကြည့်ရတာ မဟုတ်ဘူး။ ငါတို့ကို သတ်ထားတာ မနည်းဘူး သူအဲဒီလိုပြောတယ်။ အဲဒါ ကျွန်တော်နဲ့ မဆိုင်ဘူး ကျွန်တော်ပြောတယ်။ ကျွန်တော်တို့နဲ့ ဘယ်ဆိုင်မလဲ။ ကျွန်တော်တို့ တစ်နေ့လုပ် တစ်နေ့စား ပြည်သူတွေပဲ သေနတ်ထမ်း တစ်ယောက်မှ မပါဘူး။ အဲဒီလို ပြောတယ်။ နောက်သူက ဒီအတိုင်းပဲ ပအိုဝ်းနဲ့ပြော နားမလည်တော့ဘူး။ အဲဒီလိုပေါ့။ နောက်တစ်ခါလည်း ကြိုးတုပ်ပြီးမှ အောက်ဆင်းခိုင်း။ အရှေ့ဆုံး နှစ်ယောက် အရင်ဆွဲခိုင်း၊ ဆွဲပြီးခါကျတော့ ဂူထဲမှာ မပစ်နဲ့။ ဂူအောက်မှာ ပစ်သေလိုက်တာ။ ပစ်သေတဲ့ နှစ်ယောက်ကတော့ ဟိုခဲရဲ့ ဥက္ကဋ္ဌ အတွင်းရေးမှူး ဖြစ်နေတယ်။ အဲဒါကျတော့ ဂူထဲမှာ ကျွန်တော်တို့ကို တွန်းချတယ်။ တွန်းချတဲ့အခါကျတော့ တစ်ယောက်တစ်လှည့်စီ တွန်းချတယ်ပေါ့”
သူက ဒေါ်ဗစ်ဂျီးနီးယားရဲ့သားကို ကောင်းကောင်းသိပါတယ်။ ဒေါ်ဗစ်ဂျီးနီးယားရဲ့သားဟာ ဒဏ်ရာ နည်းနည်းရထားပေမယ့် အသက်မသေခဲ့ဘူးလို့ သူက ပြောပါတယ်။
“သူက ဒဏ်ရာတော့ မျက်နှာနည်းနည်းပဲရတယ်။ သွားနည်းနည်း ထိသွားတယ်။ လမ်းလျှောက်နိုင်သေးတယ်။ သူက ကျပေမယ့် ကျွန်တော်တို့ကို ဆွဲထုတ်တာလည်း သူတို့ပဲ ဆွဲထုတ်တာလေ”
ချောက်ထဲက ပြန်တက်လာနိုင်ပြီးတဲ့နောက်မှာ PNO လက်က လွတ်အောင် သူတို့ လူခွဲပြီး ထွက်ပြေးခဲ့ရပါတယ်။ အဲဒီနောက် အခြားသူတွေ အိမ်ကို အသီးသီးပြန်ရောက်ခဲ့ကြပေမယ့် ဒေါ်ဗစ်ဂျီးနီးယားရဲ့သားကတော့ ပြန်ရောက်မလာခဲ့ပါဘူး။ ဒါ့အပြင် အဆက်အသွယ်လည်း လုံးဝ မရတော့ပါဘူး။
အဲဒီလိုဖြစ်ပြီး နှစ်လလောက်အကြာမှာပဲ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီ PNO ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေကြောင့် ဒေါ်ဗစ်ဂျီးနီးယားတို့ မိသားစု သူတို့နေရပ်ကိုစွန့်ပြီး ကယားပြည်နယ်ကို စစ်ဘေးရှောင်ခဲ့ရပါတယ်။
ဆက်နွှယ်သော သတင်းများ
ပအိုဝ်းဒေသမှာ တိုက်ပွဲတွေကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ နီးပါး သေဆုံး
စစ်သည်အင်အား နှစ်သောင်းကျော် နဲ့ PNA စစ်သင်တန်းဆင်း
ရှမ်းတောင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားအသစ်တွေ ပိုသုံးလာနေကြောင်း PNLO ပြော
သူတို့မိသားစုဟာ စစ်ဘေးရှောင်ရင်း အခက်အခဲတွေကြား ရုန်းကန်နေရပေမယ့်လည်း ပျောက်ဆုံးနေတဲ့ သားဖြစ်သူရဲ့သတင်းကို ရဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်။
“ပြန်တွေ့ရဖို့ဆို သူများနဲ့ သွားစုံစမ်းခိုင်းသေးတယ်။ သူတို့လည်း သွားရလာရတာ လမ်းစရိတ်စျေးကြီးတယ်။ ပိုက်ဆံလည်း မရှိဘူး။ ဒါပေမယ့် ရှာပြီးတော့ ပေးသွားတာလည်း စုံစမ်းခိုင်းတာလည်းရှိတယ်။ အရင်ကပေါ့နော်။ ဒီလိုပဲ နေနေခါကျတော့ မရှိတော့ဘူးထင်တယ်။ နောက်ဘုရားလက်ထဲမှာပဲဆို ဆုတောင်းပြီးမှ နေတယ်။ နောက်ပြီးမှ သူတို့ ကောလာဟလတွေ ပြောလာခါကျ ဒီနောက်ပိုင်းမှာလည်း ထပ်ပြီး စုံစမ်းခိုင်းတယ်။ ကိုယ်လည်း မရှိဘူးပေါ့နော်။ တအား ခက်ခဲတယ်။ ဒါပေမဲ့ သားပြန်ရလာဖို့ အဓိကပဲဆို တစ်ခါထပ်ပြီး စုံစမ်းခိုင်းတယ်။ သူတို့ကို ဆီဖိုးတော့ ပို့ပေးတယ်ပေါ့နော်”
အခုတော့ သူ့သားပျောက်နေတာ တစ်နှစ်ပြည့်ပါတော့မယ်။ ဒေါ်ဗစ်ဂျီးနီးယားတစ်ယောက် မိသားစု စားဝတ်နေရေး အကျပ်အတည်းကို ရုန်းကန်ဖြေရှင်းနေရသလို တစ်ဖက်မှာလည်း ပျောက်ဆုံးနေတဲ့ သားအတွက် စိုးရိမ်သောက များနေရပါတယ်။ ဒါပေမဲ့ သားဖြစ်သူအတွက် ဘုရားမှာ ဆုတောင်းရုံကလွဲလို့ သူဘာမှ မတတ်နိုင်တော့ပါဘူး။
“မတွေ့ရဘူး၊ မတွေ့ရတော့ဘူးဆိုလည်း ဘယ်လိုခံစားရလဲဆိုတော့ ဒီလိုပဲပေါ့။ ရှိများ ရှိပါတော့မလားလို့ ဒီလို ခံယူချက်ရှိတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါက ဒေါ်ဒေါ်လည်း ဘုရား တရားဘက်မှာဆို မမေ့ဘူးလေ။ အဲလို ဘုရားလက်ထဲမှာဆိုတော့ ရည်စူးပြီးမှ ပြောလိုက်တယ်။ သေရင်လည်း လွတ်မြောက်ပါစေ။ ရှင်ရင်လည်း ကျမဆီ ပြန်လွှတ်လာပေးတော့လို့။ မိသားစုထဲ အမေတို့နားမှာ ပြန်လာတော့ ဒီလိုပဲ ဆုတောင်းလိုက်ရတော့မှာပေါ့။ ဒီလိုပဲ ကျိတ်မှိတ် ကြေကွဲပြီး ဒီလိုပဲ လုပ်ရတော့မှာပေ့ါ”