ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းတိုက်ပွဲ နှစ်နှစ်ပြည့်
2023.07.16
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ဟာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာမှာ လူပေါင်း ၃၀ နီးပါး သေဆုံးခဲ့ရတဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ် ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီး ငါးလအကြာ ဇူလိုင်လ ၂ ရက်နေ့မှာ ဆပ်ပြာကျင်း ကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်တွေ ဝင်လာတာကို ဒေသခံပြည်သူတွေက ရရာလက်နက်နဲ့ ပထမဆုံးစပြီး ခုခံတော်လှန်ခဲ့တဲ့နေ့ ဖြစ်တယ်လို့ ကိုဘလော့ကပြောပါတယ်။
“ကျွန်တော်တို့ တော်လှန်ရေးအစ ပထမဆုံးဖြစ်ခဲ့တဲ့တိုက်ပွဲလည်းဖြစ်တယ်။ တစ်မြို့နယ်လုံးမှာရှိတဲ့ ရွာတိုင်း တော်တော်များများ၊ ရပ်နည်းရပ်ဝေး တော်လှန်ရေးစိတ်ဓာတ်ရှိတဲ့သူတိုင်း ပုဆိုး လည်ပင်းရောက်ပြီးတော့ ညှပ်ဖိနပ်စီး၊ ဓားလွတ်ကိုင်ပြီးတော့ ချီတက်တဲ့တိုက်ပွဲမျိုး မြင်လည်း မမြင်ဖူးပါဘူး”
စစ်တပ်က မတရားအာဏာသိမ်းတာကို မခံချင်တဲ့စိတ်နဲ့ စခဲ့ကြတာလို့လည်း ဒီပဲယင်းဒေသခံတွေက ပြောပြပါတယ်။
“အဲဒီတုန်းကတော့ မတော်မတရား အာဏာသိမ်းတဲ့ကိစ္စကို ကျွန်တော်တို့ဘက်က ဆန္ဒတွေပြပြီးတော့ တူမီးတွေ စလုပ်တဲ့အချိန်။ အဓိက စိတ်ဓာတ် ဘာစိတ်ဓာတ်လဲဆိုတော့ အဓိက မခံချင်တဲ့စိတ်ဓာတ်ပဲ။ သေသေရှင်ရှင်ဆိုပြီး သွားကြတဲ့ အတိုင်းအတာပေါ့။”
မောင်းပြန်သေနတ်တွေ ကိုယ်စီနဲ့ စစ်ပညာသင်ထားတဲ့ တပ်ကြီးကို တူမီးသေနတ်လေးတွေကိုယ်စီနဲ့ စစ်ပညာ မသင်ခဲ့ဖူးတဲ့ အရပ်သားတွေက အဲဒီမနက်မှာစပြီး ခုခံခဲ့ကြပါပြီ။
“မနက် ၈ နာရီလောက်က ဆပ်ပြာကျင်းကို ဝင်ပြီတဲ့။ အဲဒီမှာရှိတဲ့ လက်လုပ်တူမီးလေးနဲ့ ယမ်းထောင်း ထည့်ရတဲ့ တူမီး အလက်၂ဝ လောက်နဲ့ ကျွန်တော်တို့သွားကြတယ်”
အင်အားချင်းမမျှတာကို ဘယ်လိုစိတ်မျိုးနဲ့ ခုခံရဲတာလဲဆိုတော့ ဆပ်ပြာကျင်းရွာသား ကိုဘလော့က ...
“တူမီးတောင် တစ်ချက်ပစ်မှ ထွက်ချင်မှ ထွက်မယ့် မသေချာတဲ့ သေနတ်မျိုး ပြီးတော့ ဓားလွတ်ကိုင်ပြီး တက်တဲ့ စိတ်ဓာတ်ကို တွက်ကြည့်ရင် အတော်ရှားပါတယ်”
အဲဒီနေ့မနက်က ဆပ်ပြာကျင်းဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီး လူငယ် ခြောက်ယောက် အသက်ပေးလိုက်ရတယ်လို့ ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကိုကောင်းကင်ကြီး က ပြန်ပြောပြပါတယ်။
“ဒီဟာက စစ်ခွေးတွေ ပစ်လိုက်တဲ့ ကျည်ဆန်တွေ လာထိတာ။ ဒါဆိုရင် MA11 တို့နဲ့ပစ်လိုက်တာ။ ကျွန်တော်တို့က စစ်ခွေးလာပြီဆိုတော့ကျေးရွာကနေ ရွာအပြင်ကို ထွက်လိုက်တယ်။ တိုက်ပွဲဖြစ်တဲ့ ဒီနေရာကို လာပြီးရှောင်လိုက်တာပေါ့။ ဒါပေမဲ့ တည့်တည့်တိုးတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က တူမီးဆိုတော့ သူတို့ဘက်မောင်းပြန်တွေလို တောက်လျှောက်ပစ်လို့မရဘူး။ တချို့တူမီးတွေကကျည် မထွက်ဘူး။ တချို့ကလေးတွေက လက်ဗလာနဲ့ ဖြစ်တဲ့အခါကျတော့ ဘာမှမတုံ့ပြန်နိုင်ဘူး။ အဲဒီမှာ ကျွန်တော့်ကလေးခြောက်ဦး ကျသွားတယ်”
လူငယ်တွေ အပစ်ခံရပြီး သေဆုံးသွားတဲ့သတင်းဟာ ဒီပဲယင်းတစ်နယ်လုံးကို တစ်မဟုတ်ချင်း ပျံနှံ့သွားပါတော့တယ်။ ဒါကြောင့် စစ်ကောင်စီတပ်စွဲထားတဲ့ ဆပ်ပြာကျင်းကျေးရွာအုပ်စု ကျွန်းတောလေးရွာ ဘုန်းကြီးကျောင်းကို အနားတစ်ဝိုက်ရွာတွေက ပြည်သူတွေ ထောင်နဲ့ချီပြီး ရောက်သွားခဲ့ကြပါတယ်။ သူတို့မှာ တစ်တောင့်ထိုး တူမီးသေနတ်နည်းနည်းနဲ့ ဓား၊ လေးခွတွေပဲ ကိုင်ထားကြတာလို့ အဲဒီတိုက်ပွဲမှာပါခဲ့တဲ့ ကိုခန့်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။
“ကျွန်တော်တို့က ဒီဘက်မှာရှိတယ်။ သုံးဘက်ပေါ့နော်။ ဒီလယ်ကန်သင်းကနေ အနီးဆုံးအထိရောက်အောင် ရအောင်ကပ်ပြီး ဝိုင်းတယ်။ ကျွန်တော်တို့ဆီက ဒါတစ်တောင့်ထိုးတူမီးပေါ့။ ဒီ ကျည်ဆန်တွေထဲမှာ အသင့်ယမ်းသိပ်ထားတဲ့ ဒါမျိုးလေး။ ကျွန်တော်တို့ဘက်ကတော့ ဒါမျိုးတွေချည်းပဲ။ ဒါမျိုးတွေချည်းကိုမှ တစ်တောင့်ပါတယ်။ အများဆုံးပါမှ ၁ဝ တောင့်။ ငါးတောင့်ဝန်းကျင်က အများဆုံးပဲ။ ဒါကသူတို့ဘက်က ပစ်လို့ မကွဲတာကို ကျွန်တော်တို့ကောက်ထားတာ။ သူတို့ဘက်က ဒါမျိုးတွေ အများဆုံးပစ်တယ်။ လယ်ကွင်းတွေဆိုတော့ မြေပျော့ပြီး စိုက်ကျန်ခဲ့ပြီး မကွဲတာတွေပေါ့။ ဒါမျိုးပြန်ရတာလည်း အလုံး ၂၀ လောက်ရတယ်”
အဲဒီအချိန်တုန်းက သေသွားတဲ့သူတွေကို နွားလှည်းတစ်စီးနဲ့တင်လာတဲ့ မှတ်တမ်းဓာတ်ပုံက ဆိုရှယ်မီဒီယာမှာ အတော့်ကို ပျံ့နှံ့ပြီး လူသိများသွားခဲ့ပါတယ်။ စုစုပေါင်း အသက်ပေးလိုက်ရတဲ့သူ အယောက် ၂ဝ ကနေ ၃၀ ကြားရှိတယ်လို့ ဒေသခံနှစ်ဦးက ပြောပါတယ်။
“သေတာ ၂ဝ ကနေ ၃ဝ ကြားလို့ သိထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင် မြှုပ်ခဲ့ရတာတော့ ဆယ့်နှစ်ယောက် ဆယ့်သုံးယောက်။အဲဒီညက မိုးကသည်းကြီးမည်းကြီးရွာတယ်။နောက်ရက်မှ တိုက်ပွဲမှာ ကျခဲ့တဲ့သူတွေကို လိုက်ရှာရတာ။ သူတို့မှာတိုက်ပွဲကို သူတစ်ပြန်ကိုယ်တစ်ပြန် ပစ်ရင်းကျသွားတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ သူတို့အနေနဲ့ နောက်ကိုဆုတ်လို့ မရလို့လားမသိဘူး။ တစ်နေရာရာမှာ ပုန်းနေတဲ့အချိန်မှာ နောက်ကနေ ခြောက်ယောက်စလုံးကို တေ့ပစ်သွားသလိုပဲလို့ တွေ့လိုက်ရတယ်”
ဆပ်ပြာကျင်းတိုက်ပွဲဟာ စစ်ကျွန်မခံလိုတဲ့ ဒီပဲယင်းသားတွေ ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရေး ခရီးစခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ဂုဏ်ယူကြပါတယ်။ အဲဒီတုန်းက ထားခဲ့ကြတဲ့ ညီညွတ်ရေးစိတ်ဓာတ်နဲ့ ဆက်ပြီး လျှောက်လှမ်းမယ်ဆိုရင် အောင်ပွဲမဝေးတော့ဘူးလို့လည်း ယုံကြည်နေကြပါတယ်။
“မှန်ရင်တော့သေမယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့စိတ်ထဲမှာက စစ်အာဏာရှင်ကို အမြစ်ဖြုတ်မယ်။ တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ထက်သန်နေတဲ့အချိန်မှာ သေခြင်းတရားကို ဘယ်သူမှ မမှုတော့ဘူး။ အဲဒါကတော့ ညီညွတ်ရေးစိတ်ဓာတ်ပဲ။ အဲဒီဆပ်ပြာကျင်းတုန်းကတော့။ အခု ဆပ်ပြာကျင်းတုန်းကလိုသာ ညီညွတ်မယ်၊ စိတ်ဓာတ်တွေကလည်း ညီညီညွတ်ညွတ် ရှိမယ်ဆိုရင် အဲဒီလို ဆပ်ပြာကျင်းစိတ်ဓာတ်မျိုးသာရှိရင် တော်လှန်ရေးက မကြာခင်အောင်မယ်”