တစ်နိုင်ငံလုံးမှာ အမျိုးသမီးတွေ သီးသန့်အပျော်တမ်း စုဖွဲ့ထားတဲ့ မြန်မာ့ရိုးရာ ခြင်းလုံးအသင်း နှစ်သင်းရှိပြီး အသင်းနှစ်သင်းစလုံးက မန္တလေးမြို့မှာပဲ ရှိပါတယ်။ အဲဒီအသင်းနှစ်သင်းထဲက အနှစ် နှစ်ဆယ်ကျော် သက်တမ်းရှိတဲ့ "ဆောင်းစံပါယ်ဖြူ" ရိုးရာခြင်းလုံးအသင်းဟာ ဆယ်ကျော်သက်အရွယ်ကနေ အသက်ငါးဆယ်အရွယ်ရှိတဲ့ အမျိုးသမီးခြောက်ယောက်နဲ့ စုဖွဲ့ထားတာပါ။
ခြေဖျား၊ ခြေခွင်၊ ဒူး၊ ဖနောင့်၊ ဖမျက်တို့နဲ့ အချိန်အဆကျကျ၊ အပေးအယူမျှမျှ ကစားရတဲ့ ရိုးရာခြင်းလုံး အားကစားနည်းကို ဒီလို အမျိုးသမီးတွေ သီးသန့်စုဖွဲ့ ကစားတာမျိုးက ရှားပါးပါတယ်။
"အန်တီတို့ ဘောင်းဘီတွေဝတ်ပြီး ကွင်းထဲဝင်တာနဲ့ အတိုတွေ၊ ဘောင်းဘီအရှည်တွေ စိတ်ထဲဘာမှ မရှိတော့ဘူး"
ဒီအသင်းမှာ တစ်ကိုယ်တော် စွမ်းရည်ပြရတဲ့ တပင်တိုင် ခြင်းအလှခတ်သူက အသက် ၂၃ နှစ်အရွယ် မမိုးမြင့်ကြယ်ပါ။
“ခြေဖျားကတော့ မိန်း (main) ပေါ့ တပင်တိုင်ခတ်ရင်။ ခြေဖျား တစ်တော့၊ နှစ်တော့ကနေ၊ တစ်သောင်းထိ ရအောင်ခတ်ရတယ်။ အဲဒါပြီးမှ ကြိမ်ကွင်း။ ကြိမ်ကွင်းတွေ၊ ကလပ်ပေါ်တွေ၊ ပုလင်း မျှော်စင်ပေါ်တွေ ခတ်ရတာ။ အဓိကကတော့ ခြေဖျားငြိမ်ဖို့ပါပဲ။ စိတ်ငြိမ်ရမယ်၊ ခြေဖျား ငြိမ်ရမယ်”
ဒီအသင်း မူလဖြစ်တည်လာတဲ့ နာမည်က "အမရသူလေးများ" ဖြစ်ပြီး အသင်းတည်ထောင်သူကတော့ ဦးကျော်အေးပါ။
ဦးကျော်အေးဟာ လွန်ခဲ့တဲ့ နှစ် သုံးဆယ်ကျော်က သားသမီးတွေနဲ့ နီးစပ်ရာလူငယ်တွေကို ခြင်းလုံး ပညာသင်ပေးရင်းကနေ "အမရသူလေးများ" နာမည်နဲ့ အသင်းကို စတင်တည်ထောင်ခဲ့တာပါ။
“ခက်ခဲတယ်။ ခက်ခဲတယ်ဆိုတာ ခြင်းသင်ရတာလည်း ခက်ခဲတယ်။ ပြီးတော့ အခုလို အမျိုးသမီးတွေ တစ်သင်းဖြစ်လာဖို့ကလည်း ခက်ခဲတယ်။ တစ်စုတစ်စည်းတည်း ဖြစ်လာဖို့ကလည်း ခက်ခဲတယ်”
ဆယ်နှစ်ကျော်လောက်အကြာမှာ အမရသူလေးများ အသင်း မရှိတော့ဘဲ ဆောင်းစံပါယ်ဖြူ ဆိုတဲ့နာမည်နဲ့ ဦးကျော်အေး သမီးဖြစ်သူ ဒေါ်စုစုလှိုင်က ပြန်လည်ဖွဲ့စည်းပြီး ဦးဆောင်နေတာ အခုဆို အနှစ်နှစ်ဆယ်ကျော်ရှိနေပါပြီ။
ဒေါ်စုစုလှိုင်ဟာ မျိုးဆက်သစ် ကလေးငယ်တွေကို အမရပူရမြို့နယ် အိုးတော် ရပ်ကွက်၊ ကြေးသွန်းရပ်က နေအိမ်မှာ မြန်မာ့ရိုးရာခြင်းလုံးပညာ အခမဲ့သင်ပေးနေပါတယ်။
တစ်နိုင်ငံလုံးမှာ အမျိုးသမီးခြင်းလုံးအသင်းဆိုလို့ "ဆောင်းစံပါယ်ဖြူ" အသင်းနဲ့ "ဒို့ ၆ ယောက်" အသင်းဆိုပြီး နှစ်သင်းပဲ ရှိပါတယ်။ ဒေါ်စုစုလှိုင်နဲ့ ခြင်းအတူခတ်ခဲ့ဖူးတဲ့ အမျိုးသမီးတော်တော်များများကတော့ အိမ်ထောင်ပြုပြီးတဲ့နောက်မှာ ခြင်းလုံးလောကနဲ့ အလှမ်းဝေးသွားကြပါတယ်။
“မိန်းကလေးတွေဆိုတော့ အရင်ကတော့ ကလေးတွေ အပျိုပေါက်လေးတွေတုန်းကတော့ တော်တော် ထိန်းရတာပေါ့နော်။ အိမ်ထောင်ကျသွားတော့ မထိန်းရတော့ဘူး။ အများကြီး ခတ်စေချင်တာပေါ့နော်။ ဒီ့ပြင်အသင်းတွေလည်း ဖြစ်တော့ ဖြစ်စေချင်တာပေါ့။ မိန်းကလေးတွေ မရှိတော့ရင် ဒီနှစ်သင်းတောင်မှ ရှိပါ့မလားဆိုပြီး အဲ့လိုတော့ စိတ်ပူရတယ်”
ဒီအသင်းမှာပါတဲ့ အမျိုးသမီးတွေက တိုင်းအဆင့်မှာ ပုဂ္ဂလိက တစ်ဦးချင်းအလိုက် ပြိုင်ပွဲဝင်တာတွေ၊ ရွာအလှူပွဲတွေမှာ အလှပြ ခြင်းခတ်တာတွေ ရှိပါတယ်။
ဒေါ်စုစုလှိုင်နဲ့အတူ "အမရသူလေးများ" အမျိုးသမီး ခြင်းလုံးအသင်းမှာကတည်းက ကစားခဲ့တဲ့ ဒေါ်သီတာကတော့ အခု အသက် ငါးဆယ်အရွယ်အထိ ခြင်းလုံးကစားနေဆဲပါ။

အမျိုးသမီးတွေ ခြင်းခတ်တာကို ချီးကျူးတာတွေရှိသလို အထင်အမြင်သေးတာမျိုးလည်း ကြုံခဲ့ရဖူးတယ်လို့ ဒေါ်သီတာက ပြောပါတယ်။
“အန်တီတို့ ဘောင်းဘီတွေဝတ်ပြီး ကွင်းထဲဝင်တာနဲ့ အတိုတွေ၊ ဘောင်းဘီအရှည်တွေ စိတ်ထဲဘာမှ မရှိတော့ဘူး။ ခြင်းခတ်မှု တစ်ခုပဲ၊ ကိုယ်ခတ်တဲ့ခြင်းကို ရမှု၊ မရမှုပဲ စိတ်ထဲမှာ အာရုံထားတော့တာ။ တချို့အမျိုးသားတွေကကျတော့ ဒီလို ဘောင်းဘီတိုနဲ့ ဝိုင်းထဲ ကွင်းထဲဝင်ရင် အထင်သေး၊ အမြင်သေး အဲလိုမျိုးတွေ အမျိုးမျိုး ကြုံရတယ်ပေါ့ ဒါတွေက”
ရိုးရာ ခြင်းလုံးကစားနည်းက တစ်ခြားအားကစားတွေလို အနိုင်အရှုံး သတ်မှတ်တာ မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှမျှ၊ နားလည်မှုရှိရှိနဲ့ ကစားရတာဖြစ်လို့ ခြင်းခတ်ရတာကို ဒေါ်သီတာက ကြိုက်နှစ်သက်တာလို့ ဆိုပါတယ်။
မြန်မာ့ရိုးရာ ခြင်းလုံးအားကစားဟာ ဇွဲရှိပြီး သင်ယူလိုစိတ်ပြင်းပြမှ တတ်မြောက်တဲ့ ပညာရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတော့ ရိုးရာခြင်းလုံးခတ်ပညာ သင်ယူလိုတဲ့ မျိုးဆက်သစ်ရှားပါးလာတယ်လို့ ဒေါ်စုစုလှိုင်က ပြောပါတယ်။
“အခုနောက်ပိုင်းတော့ ခြင်းလုံးနဲ့ လုပ်ကိုင်စားလို့ သိပ်မရလောက်ဘူး ထင်တော့ကြတော့ မခတ်ကြတော့ဘူး။ မခတ်ကြတော့ ဆရာက ခတ်နေရသလိုဖြစ်နေတာ။ ပြာယာတွေကို ခတ်လို့။ လာပါလာပါ အဲလိုဖြစ်နေတာ။ ဘာလို့ဆို မြန်မာ့ခြင်းပညာ ကိုယ်က ပြန့်ပွားချင်တာဆိုတော့လေ။ မျိုးတုန်းသွားမှာစိုးတော့ကျတော့ ဇွတ်ကို အဲလို လုပ်နေရတာ”
တိုင်းပြည် အေးချမ်းတည်ငြိမ်ချိန်၊ ပွဲလမ်းသဘင်တွေ ပေါများချိန်ကတော့ မြန်မာ့ရိုးရာ ခြင်းလုံးအသင်းအဖွဲ့တွေဟာ နယ်တကာလှည့်ပြီး ခြင်းလုံးအလှ ပြဖျော်ဖြေရင်း ဘဝရပ်တည်ရေးအတွက် ဝင်ငွေကောင်းခဲ့ကြပါတယ်။
အခုတော့ ကစားသမားတွေက ခြင်းခတ်တာ မဟုတ်တဲ့ တစ်ခြားလုပ်ငန်းတွေလုပ်ရင်း မိသားစုအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေကြရပါတယ်။
ဒီအသင်းတွေဟာ နိုင်ငံရေးမတည်ငြိမ်တာကြောင့် ပွဲလမ်းသဘင်တွေ နည်းပါးလာတဲ့နောက် အရင်လို နယ်လှည့်ဖျော်ဖြေခွင့် မရကြတော့တဲ့အပြင် မြန်မာ့ရိုးရာ ခြင်းလုံးပညာဆက်ခံ သင်ယူတဲ့ လူငယ်မျိုးဆက်သစ်တွေလည်း ရှားပါးလာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။