ကချင်မှာ ထူးကဲအအေးဒဏ်ကြောင့် ရှအစ်ယန် ဒုက္ခသည်တွေ ရပ်တည်ရခက်ခဲ

RFA Burmese
2023.01.31
ကချင်မှာ ထူးကဲအအေးဒဏ်ကြောင့် ရှအစ်ယန် ဒုက္ခသည်တွေ ရပ်တည်ရခက်ခဲ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရှအစ်ယန်စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဒေါ်ဂျိုင်ဝါခေါန်မွန်ဟာ ကလေး လေးယောက်နဲ့ အတူ အေးခဲလှတဲ့ ဆောင်းရာသီကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရသူတစ်ဦးပါ။

သူတို့မိသားစုခိုလှုံနေတဲ့ ရှအစ်ယန် (Sha it Yang) စစ်ဘေးဒုက္ခသည်စခန်းဟာ ဝိုင်းမော်မြို့နယ်၊ ပါဂျောင်ရွာအနီးမှာ ရှိပါတယ်။ ဒီဒေသရဲ့ ဆောင်းရာသီဟာ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေနဲ့မတူဘဲ ဆီးနှင်းတွေကျပြီး ရေခဲတဲ့အထိ အေးလွန်းတာကြောင့် အခက်အခဲတွေ ပိုကြုံနေရတာပါ။ ဒါကြောင့် ဒီဒုက္ခသည်စခန်းကို စွန့်ခွာပြီး အခြားခိုလှုံလို့ ရနိုင်မယ့်နေရာတစ်ခုကိုရှာဖို့ စဉ်းစားနေတယ်လို့ ဒေါ်ဂျိုင်ဝါခေါန်မွန်က RFA ကို ပြောပါတယ်။

"ဒီမှာက တအားအေးတော့ ကလေးတွေအတွက် ကျန်းမာရေးလည်းမကောင်းဘူး။ ကောင်းတဲ့အချိန်လည်း ကောင်းတယ်။ ဖျားရင်လည်း အရမ်းဖျားတယ်၊ လုပ်ကိုင် စားသောက်ဖို့လည်း ခက်ခဲတယ်။ ကြက်သွန်ဖြူတွေ စိုက်စားဖို့လည်း ပေးတော့ ပေးတယ်။ ဒါပေမဲ့ အားအရမ်းစိုက်ရတယ်။ အေးလွန်းတော့ အပင်ပေါက်ဖို့ ခက်တယ်။ ဒီမှာက လုပ်ကိုင်စားသောက်ဖို့ခက်ခဲတော့ လုပ်ကိုင်စားသောက်ဖို့လွယ်တဲ့ နေရာကိုပဲ သွားတော့မယ်။ ပြန်ထွက်ပြေးရလျှင်လည်း ဒီဘက်ကိုတော့ မလာချင်တော့ဘူး"

သူ့ခင်ပွန်းက တရုတ်နိုင်ငံကို အလုပ်လုပ်ဖို့ထွက်သွားပေမယ့် အဆင်မပြေတာကြောင့် မိသားစုထံ ငွေမပို့နိုင်သလို ကိုဗစ်ကြောင့် နှစ်နိုင်ငံနယ်စပ် အဝင်အထွက်လမ်းတွေကိုပါ ပိတ်ထားတာကြောင့် နေရပ်ကို ပြန်မလာနိုင်သေးပါဘူး။ ဒါကြောင့် ဒီအေးခဲလှတဲ့ ဒုက္ခသည်စခန်းထဲမှာပဲ သူ့ကလေးတွေနဲ့အတူ ဖြစ်သလို ကြိုးစားရုန်းကန်နေရတာလို့ ဒေါ်ဂျိုင်ဝါခေါန်မွန်က ပြောပါတယ်။

သူ့ရဲ့ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ဒေါ်နူးရာကလည်း တရုတ်ဘက်က နှစ်နိုင်ငံနယ်စပ် ဝင်ပေါက်တွေကို ပိတ်ထားတဲ့အတွက် ဒုက္ခသည်တွေအတွက် ရပ်တည်ရေး ပိုခက်ခဲ စေတယ်လို့ ပြောပါတယ်။

"ကလေးငယ်တဲ့အချိန်မှာတော့ စျေးလည်းရောင်းတယ်။ အခုတော့ မရောင်းတော့ဘူး။ အိမ်မှာပဲဖြစ်တဲ့နည်းနဲ့ သူတို့သားအမိတွေ ထင်းတွေကောက်ပြီး ရောင်းတယ်။ ခြံမှာလည်း ကြိုးစားစိုက်ပျိုးပြီး ရောင်းကြတယ်။ တရုတ်ဘက်လည်း လမ်းပိတ် လိုက်တော့ ဒီမှာက လုပ်ကိုင်စားသောက်ဖို့လည်း ခက်တယ် ။ တခါတလေ ဒီနား တစ်ဝိုက်မှာ နေ့စားခေါ်ရင်သွားတာ ဒီလောက်ပဲ။ တော်တော်တော့ ခက်ခဲတဲ့နေရာပါပဲ"

ဒေါ်ဂျိုင်ဝါခေါန်မွန်တို့ မိသားစုဟာ ၂၀၁၁ ခုနှစ်က မြန်မာစစ်တပ်နဲ့ ကေအိုင်အေ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ်က သူတို့နေထိုင်ရာ ဂါရာယာန်ကျေးရွာကနေ ထွက်ပြေးလာခဲ့ကြတာပါ။ သူတို့မိသားစုဟာ ကနဦး ဇိုင်းအောင် ကျေးရွာမှာရှိတဲ့ ဒုက္ခသည်စခန်းကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်မှာပဲ အဲဒီအနီးတစ်ဝိုက်မှာရှိတဲ့ ကေအိုင်အေ တပ်စခန်းအချို့ကို မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီး ဒုက္ခသည်စခန်းကိုလည်း လက်နက်ကြီးတွေ ပစ်ခတ်ဖျက်ဆီး လာတဲ့အတွက် အဲဒီအချိန်ကတည်းက အခု ရှအစ်ယန် ဒုက္ခသည်စခန်းကို ထွက်ပြေးခိုလှုံ နေကြရတာလည်း ဖြစ်ပါတယ်။

"ထင်းတွေနဲ့ မီးလှုံရပေမယ့် ထင်းကောက်မယ့်နေရာတွေလည်း ရှားလာတော့ ကျနော်တို့ အတွက် ဆောင်းတွင်းမှာ နေရတာအဆင်မပြေဘူး"

ဒီစခန်းက ဒုက္ခသည်တွေဟာ အခြားဒေသက ဒုက္ခသည်တွေထက် အခက်အခဲနဲ့ ပိုမို ရင်ဆိုင်နေကြရတယ်လို့ ရှအစ်ယန်စစ်ဘေးဒုက္ခသည်စခန်း ဒုတိယတာဝန်ခံ ဦးမဝိုင်အောင်ဒီးက ပြောပါတယ်။

"နေ့လယ် ခဏပဲနွေးပြီး တစ်နေကုန်တော်တော်အေးတော့ အားလုံးက ဒုက္ခ ရောက်ကြရတာ။ အနွေးထည်တွေ၊ စောင်တွေလည်း တော်တော်ခက်ခဲကြတာပေါ့။ ထင်းတွေနဲ့ မီးလှုံရပေမယ့် ထင်းကောက်မယ့်နေရာတွေလည်း ရှားလာတော့ ကျနော်တို့ အတွက် ဆောင်းတွင်းမှာ နေရတာအဆင်မပြေဘူး။ သူများတွေထက်တော့ ပိုပြီး ခက်ခဲတယ်လို့ ခံစားရတာပေါ့"

ဒီဒေသဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ်တည်ရှိခဲ့တဲ့ ဒေသတစ်ခုဖြစ်သလို အခုလည်း ကေအိုင်အိုထိန်းချုပ်ရာ နယ်မြေ ထဲမှာ ရှိပါတယ်။

ဒီဒုက္ခသည်စခန်းမှာ ဝိုင်းမော်မြို့နယ်က ဆမ်ပိုင်၊ အောင်ဂျာ၊ ဆွတ်ခေါင်၊ ဒိန်ဂါ စတဲ့ ကျေးရွာ ၂၀ ခန့်က စစ်ဘေးဒုက္ခသည် ၁၃၀၀ ကျော်ရှိပါတယ်။

children-shaityang-refugee-camp.jpg
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရှအစ်ယန်စစ်ဘေးဒုက္ခသည်စခန်းမှ ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သူတို့ရဲ့ မူလကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်ရှိနေပြီး နယ်မြေတည်ငြိမ်မှု မရှိသေး သလို မိုင်းအန္တရာယ်ကလည်း ရှိနေတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ခက်ခဲ နေကြတာလို့လည်း ပြောကြပါတယ်။

လုံခြုံရေးအာမခံချက်မရှိပေမယ့် လက်ရှိခိုလှုံနေရတဲ့ ဒုက္ခသည်စခန်းမှာ အခက်အခဲတွေနဲ့ ပိုကြုံရတာကြောင့် ဒေါ်ဂျိုင်ဝိုင်ခေါန်မွန်တို့ မိသားစုတွေထဲမှာ နေရပ်ပြန်သူအချို့ရှိသလို သူလည်း ဒီစခန်းကို စွန့်ခွာမှာဖြစ်တယ်လို့ ဒေါ်ဂျိုင်ဝိုင်ခေါန်မွန်က ပြောပါတယ်။

"အခုက လုံခြုံမှု အာမခံချက်တော့ မရှိဘူး။ ကိုယ်သတ္တိရှိလို့ ကိုယ်ပြန်တာပေါ့။ သတ္တိရှိရှိပြန်မယ်ပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျမရဲ့အမျိုးသားရဲ့ အဖေကတော့ အရမ်း ပြန်ချင်တယ်။ သူနေရပ်မှာပဲ ခေါင်းချချင်လို့ ပြန်တာပေါ့"

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်နေ့မှာ စတင်လာခဲ့တဲ့ တစ်ကျော့ပြန် စစ်ပွဲတွေကြောင့် ဒီနေ့အထိ ဒုက္ခသည်တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြ ရတယ်လို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။