အာဏာရှင်စနစ် တိုက်ဖျက်ရေးကြိုးစားနေတဲ့ အညာဒေသက ကျောင်းဆရာမ

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2025.01.20
အာဏာရှင်စနစ် တိုက်ဖျက်ရေးကြိုးစားနေတဲ့ အညာဒေသက ကျောင်းဆရာမ အညာဒေသကစစ်မြေပြင်တွင် စစ်အာဏာရှင်ကို တော်လှန်ရင်း စာသင်ကြားနေသည့် ကျောင်းဆရာမ မမေ။
Citizen Photo

ကျောင်းဆရာမလေး မမေဟာ အညာဒေသကစစ်မြေပြင်မှာ တော်လှန်ရေး ဆောင်ရွက်နေသူတစ်ယောက်ပါ။ မမေဟာ အာဏာမသိမ်းခင်က ပုဂ္ဂလိကဆရာမတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းခဲ့ပြီး အာဏာသိမ်းချိန်မှာတော့ စစ်အာဏာရှင်ကိုတော်လှန်ဖို့ သပိတ်စစ်ကြောင်းတွေနဲ့အတူ တော်လှန်ရေးမှာ စတင်ပါဝင်လာခဲ့ပါတယ်။

တော်လှန်ရေးမှာ အဆုံးထိပါဝင်မယ်ဆိုတဲ့စိတ်နဲ့ မိသားစုနေအိမ်ကနေ ထွက်ခွာလာပြီး မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦးအနေနဲ့ရော အမျိုးသမီးမဟာမိတ်အင်အားစု (WAB) ဦးဆောင်သူတစ်ဦးအနေနဲ့ပါ တော်လှန်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေပါတယ်။

“ဝမ်းနည်းစရာကောင်းတဲ့အရာမျိုးတောင် ကျွန်တော်တို့ ဝမ်းမနည်းတော့ဘူးဆိုတော့ ကျွန်တော်တို့စိတ်တွေအရမ်းကို မာသွားတဲ့အနေအထားမှာရှိနေတယ်"

နွေဦးတော်လှန်ရေး ကာလလေးနှစ်တာအတွင်း သပိတ်တော်လှန်ရေးနဲ့အတူ စစ်ဘေးသင့်ပြည်သူတွေကို ကူညီတာ၊ ဖက်ဒရယ်ဆိုင်ရာ၊ အမျိုးသမီးရေးရာ သင်တန်းတွေပို့ချတာအပါအဝင် သူနိုင်တဲ့အားနဲ့ ပါဝင်ဆောင်ရွက်နေဆဲပါ။

အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူတစ်ယောက်အနေနဲ့ သပိတ်တော်လှန်ရေးတွေမှာပါဝင်ရာမှာလည်း ရှေးရိုးစွဲအမြင်တွေကို ပယ်ဖျက်ဖို့ကတော့ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရတာတွေရှိနေတယ်လို့ ဆိုပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် တော်လှန်ရေးလုပ်ရတာက အမျိုးသမီးလည်း ခက်ခဲတယ်။ အမျိုးသားလည်း ခက်ခဲတယ်။ အားလုံးခက်ခဲကြတာမှန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အမျိုးသမီးတွေက ဟိုးကတည်းက အမြင်တွေကြောင့် ကျွန်တော်တို့မှာပိုပြီးတော့ တစ်ဖက်မှာ တော်လှန်ရေးကြောင့် အသက်ဘေး ဒုက္ခဘေး ဘယ်နေ့သေမလဲ ဘယ်နေ့ရှင်မလဲ ဘယ်နေ့ ငါတို့ဆီကို လက်နက်ကြီးကျမလဲ။ ခွေးတွေရဲ့ ဖမ်းတာခံရမလဲ ကြားထဲက ဘယ်သူတွေကတော့ ဘယ်လိုပြောဆိုနေမလဲဆိုတဲ့ နှစ်ဖက်ပေါ့နော် ဖိအားတွေအများကြီးခံရတယ်”

တော်လှန်ရေးအောင်ပွဲ နီးကပ်နေပြီလို့ ယုံကြည်ချက်တွေနဲ့လုပ်ဆောင်နေသလို အညာမြေရဲ့ စစ်တလင်းမြေကနေ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအရေးအတွက်လည်း သူတို့နိုင်တဲ့အားနဲ့ ကူညီနေရတာပါ။ လူထုသပိတ်လှုပ်ရှားမှုတွေကို ဝေဖန်မှုတွေရှိနေပေမဲ့လည်း ပြည်သူတွေရဲ့ အသံတွေကို ဖော်ထုတ်တဲ့အနေနဲ့ ပြည်သူတွေရဲ့အားကို မြှင့်တင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေ စစ်ရေးအခြေအနေကို ပြည်သူတွေက မသိဘူး။ မသိတဲ့အခါကျတော့ အားငယ်လာတဲ့ပြည်သူတွေရှိတယ်။ ငါတို့ တော်လှန်ရေးက ဘယ်များရောက်နေလဲမသိဘူး။ တော်လှန်ရေးက အောင်မှအောင်ပါ့မလားမသိဘူး။ လုပ်သာလုပ်တယ် အဆင်မပြေဘူး။ ငါတို့ကသာ ရွာတွေမီးရှို့ခံထားရလို့ ပြေးရလွှားရ စစ်ကြောင်းတွေထိုးလို့ ပြေးရလွှားရနဲ့ တော်လှန်ရေးက ဘယ်တော့မှပြီးမှာလဲမသိဘူးဆိုတဲ့ တချို့ရဲ့ စိတ်ထဲမှာ တော်လှန်ရေးအပေါ်မှာ ဝေဝါးလာတဲ့အမြင် ဒါတွေကို ချပြဖို့က လူထုသပိတ်တွေကနေ ပြန်ချပြဖို့ လိုတယ်”

တော်လှန်ရေးခရီးကြမ်းကို လျှောက်လှမ်းရာမှာ ခက်ခဲမှုတွေရှိနေပေမယ့် သူဝါသနာပါတဲ့ စာသင်ကြားတာကို တော်လှန်ရေးတပ်ဖွဲ့တွေမှာ သိထားသင့်တဲ့ ဖက်ဒရယ်ဆိုင်ရာ အသိအမြင်တွေကို မျှဝေသင်ကြားတာတွေကိုလည်း သူဆောင်ရွက်နေပါတယ်။

တော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်တိုက်ထုတ်ရေးနဲ့အတူ အမျိုးသမီးအရေးလှုပ်ရှားမှုတွေနဲ့ပြည်သူတွေရဲ့ ရှေးရိုးစွဲအမြင်တွေကို ပြေပျောက်နိုင်ဖို့ သူနိုင်တဲ့အားနဲ့ ကြိုးစားနေပါတယ်။ အမြင်မတူမှုတွေနဲ့ အခက်အခဲတွေကြုံရလည်း လက်လျော့ပြီး နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အားလုံးကြိုးစားပြီးတော့ ရင်ဆိုင်ကြတယ်။ အခက်အခဲတွေကို ကြောက်ပြီး ဒီနေရာမှာရပ်တန့်လိုက်ရင် တော်လှန်ရေးမှာ အားလျော့သွားတာပဲရှိမယ်။ နောက်တစ်ခုက ဂျန်ဒါလို့ ခေါ်တဲ့ အမြင်တွေ ရှေးရိုးစွဲအမြင်တွေ ဘယ်တော့မှ ဖျောက်ဖျက်နိုင်မှာမဟုတ်ဘူး။ အာဏာရှင်သာပြတ်သွားမယ်ပေါ့နော် အာဏာရှင်ကို သက်ဆိုးရှည်စေတဲ့ ရှေးရိုးစွဲအယူဝါဒီတွေ လွဲမှားနေတဲ့အယူတွေက ပျောက်ပျက်သွားမှာမဟုတ်ဘူး။ ကျွန်တော်တို့ကတော့ ကြိုက်သလိုပြောပါစေ။ ဆက်သွားမယ်။ မှန်တာကို ဆက်လုပ်မယ်။ ကျွန်တော်တို့လည်း လုပ်နိုင်တယ်။ စိန်ခေါ်ချက်တွေလည်း အများကြီးရှိပေမဲ့ ဒါတွေကို ရင်ဆိုင်ပြီး ကျော်လွှားနေပါတယ်”


ဆက်နွှယ်သော သတင်းများ

လွတ်လပ်မှုအတွက် ညီအစ်ကိုလေးဦး

တိုက်ပွဲတွေကြား သံတွဲအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တဲ့ ပန်းချီဆရာမ ဒေးဒေး

စစ်ဘေးဒုက္ခသည်တွေကို စိတ်ဒဏ်ရာကုစားပေးနိုင်ရေး ဆွေးနွေး


အညာမြေနယ်တစ်ဝန်း တော်လှန်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးတွေကို သွားလာလှုပ်ရှားနေရင်း သူချစ်တဲ့အညာမြေလည်း လွတ်လပ်အေးချမ်းမယ့်နေ့ကို ရောက်လာမယ်လို့ သူယုံကြည်ထားပါတယ်။ တော်လှန်ရေးအောင်မြင်တဲ့တစ်နေ့မှာ လည်း သူချစ်တဲ့ကျောင်းဆရာမတစ်ယောက်အနေနဲ့သာ သူ့အနာဂတ်တွေကို ဖြတ်သန်းဖို့ကိုပဲ သူစိတ်ကူးထားပါတယ်။

“ဝမ်းနည်းစရာကောင်းတဲ့အရာမျိုးတောင် ကျွန်တော်တို့ ဝမ်းမနည်းတော့ဘူးဆိုတော့ ကျွန်တော်တို့စိတ်တွေအရမ်းကို မာသွားတဲ့အနေအထားမှာရှိနေတယ်။ အရင်လိုစိတ်ပြန်ရဖို့ အခြေအနေပြန်ရဖို့ တော်တော်လေးပြန်ကြိုးစားရမယ့် အပိုင်းမှာ ရှိတယ်။ ဒါပေမဲ့ တော်လှန်ရေးပြီးသွားရင်လည်း စာပဲပြန်သင်မှာပဲပေါ့နော်။ အရင်ကတည်းက ဆရာမဖြစ်ချင်တာဆိုတော့ စာပဲ ပြန်သင်မယ်”

ပြည်သူတွေနဲ့အတူ ခက်ခဲနေ့ရက်တွေကို ကျော်ဖြတ်လာရင်း စိတ်ဒဏ်ရာတွေကို တွေ့ကြုံလာရတဲ့သူ့အတွက် အောင်ပွဲအတွက်သာ စိတ်အားတင်းလို့ နေထိုင်နေတယ်လို့ ဆိုပါတယ်။

မိသားစုနဲ့ပြန်ဆုံမယ့်နေ့နဲ့ လွတ်လပ်ပေါ့ပါးခဲ့တဲ့နေ့ရက်တွေ အမြန်ဆုံးပြန်ပိုင်ဆိုင်ရမယ့်နေ့ကို မျှော်လင့်ရင်း သူချစ်တဲ့အညာ‌ဒေသမှာ ပြည်သူတွေ အောင်ပွဲရမယ့်နေ့ကို သူစောင့်မျှော်လို့ နေပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။