သနပ်ဖက်ရာသီ စျေးကောင်းပေမယ့် တောင်သူတွေ ဝမ်းဝရုံသာရှိ

ဆေးပေါ့လိပ် လိပ်တဲ့သနပ်ဖက်ကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိရိုးဖလာလုပ်ငန်းအဖြစ် စိုက်ကြပါတယ်။

ဒီနှစ် သနပ်ဖက်ခူးတဲ့ ရာသီအချိန်မှာတော့ စျေးကောင်းရကြပါတယ်။ ဒါပေမဲ့ အဆမတန် မြင့်တက်လာတဲ့ စိုက်ပျိုးစရိတ် အပါအဝင် အထွေထွေစရိတ်ရဲ့ ရိုက်ခတ်မှုကို သနပ်ဖက်တောင်သူတွေ ခံစားနေရပါတယ်။

သနပ်ဖက်စိုက်ပြီး မိသားစု စားဝတ်နေရေး ရပ်တည်နေကြတဲ့သူတွေထဲမှာ ပင်းတယမြို့နယ် အင်းပလက်ရွာက အသက် ၂၇ နှစ်အရွယ် တောင်ရိုးတိုင်းရင်းသား ကိုဆန်းသစ်တို့မိသားစုလည်း ပါဝင်ပါတယ်။

"ကိုက်လို့တော့မဟုတ်ပါဘူး၊ ခုလိုပဲ ကုန်စျေးနှုန်းကလည်းကြီးလာတော့ ကိုယ့်ဖို့လည်း မကျန်ဘူးလေ။"

ရှမ်းတောင်တန်းတွေပေါ်ကို မနက်ခင်း နေမထွက်ခင်ကတည်းက တောင်ယာခင်းထဲသွားပြီး သနပ်ဖက်ရွက်လေးတွေ ရှင်သန်ကြီးထွားအောင် ပေါင်းသင်မြေဆွတာ၊ မြေသြဇာကျွေး၊ ပိုးသတ်ဆေးဖျန်း၊ သနပ်ဖက်ခူးတာတွေကို မိသားစုထဲမှာ သားကြီးဖြစ်တဲ့ ကိုဆန်းသစ်တစ်ယောက် သူ့မိခင်နဲ့အတူ လုပ်ကိုင်နေတာပါ။ ရေမြေကောင်းပြီး အပင် ၃ နှစ်အရွယ် ရောက်တဲ့အခါတော့ ဖက်တွေ ခူးနိုင်ပါတယ်။

ဒါပေမဲ့ မိုးမကျခင် ပထမဆုံး ခူးရတဲ့သနပ်ဖက်တွေက အရွက်ချွန်ပြီး ကြမ်းတဲ့အတွက် စျေးကောင်းမရဘူးလို့ ကိုဆန်းသစ်က ရှင်းပြပါတယ်။

“ပထမဦးဆုံး စထွက်တဲ့အရွက်က ချွန်ပြီး သိပ်မလှဘူးပွဲစားတွေက ပထမဆုံး လှော်တဲ့အရွက်ကို သိပ်မကြိုက်ကြဘူး။ မကြိုက်ဘူးဆိုတာကလည်း ကြာကြာအထားမခံလို့ ဒါပေမဲ့လည်း သူတို့က အလယ်သားတွေ၊ နောက်တစ်ချီ အရွက်တွေ လိုချင်တဲ့အခါကျတော့ ပထမဦးဆုံး ထွက်တဲ့အရွက်ကို ဝယ်မှရတယ်။ အဲဒါကြောင့် ပထမဆုံး ခူးပြီးလှော်တဲ့အရွက်က စျေးသိပ်မရဘူး။ စျေးနည်းတယ်”

ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၈၀၀ ကျော် တောင်ပေါ်ဒေသတွေမှာ ဝါဆို၊ ဝါခေါင်၊ တော်သလင်း လတွေဟာ မိုးများတဲ့အတွက်ကြောင့် ဖက်ရွက်လည်း အထွက်များပါတယ်။ တစ်နှစ်ကို သုံးကြိမ်ကနေ လေးကြိမ်အထိ ခူးလို့ရပြီး ဒုတိယအကြိမ် သတင်းမကျွတ်ခင်ခူးတဲ့ဖက်ကို အလယ်သားလို့ ခေါ်ပါတယ်။ အဲဒီအချိန် ခူးတဲ့အရွက်တွေကကြီးပြီး ဝိုင်းတဲ့အတွက် ဝယ်တဲ့သူတွေကြိုက်လို့ စျေးကောင်းပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

“အရင့်ရွက်ခူးပြီးလို့ အရင့်ရွက်ရဲ့အပေါ်က တက်လာတဲ့အရွက်ကို အလယ်ရွက်လို့ ခေါ်တယ်။ အဲဒီအရွက်ကိုခူးပြီး လှော်တဲ့အချိန်မှာ အရွက်လည်း လှတယ်။ ဖက်ရောင်ကလည်း ရွှေရောင်လို သန်းပြီးလှတယ်။ အဲဒါတွေမှ ကျွန်တော်တို့လည်း စျေးကောင်းရတယ်။ ပွဲစားတွေလည်းကြိုက်တယ်”

သနပ်ဖက်တွေကိုမလှော်ခင်မှာ အရွက်ရဲ့အကြောလေးတွေကို ဖြတ်ထုတ်ပစ်ရပါတယ်။ ပြီးတာနဲ့ ၂၄ နာရီ ဖိုထားရတဲ့ထင်းမီးဖိုမှာ မိသားစု အလှည့်ကျ လှော်ကြရတာပါ။ လှော်ပြီးတဲ့သနပ်ဖက်တွေကို အရွယ်အစားခွဲ၊ ခြင်းကြားနဲ့ထည့်ပြီး ပွဲစားဆီ ပိဿာချိန်နဲ့ ရောင်းပါတယ်။

လက်ရှိ မိုးများတဲ့ကာလမှာ ထွက်တဲ့အရည်အသွေးကောင်း လှော်ပြီးသားသနပ်ဖက် (အလယ်သား) တွေကို အရွယ်အစား သုံးမျိုးခွဲပြီး ရောင်းရပါတယ်။

အရင်နှစ်က တစ်ပိဿာကို လေးထောင်ကနေ လေးထောင့်ငါးရာအထိပဲ ပေါက်စျေးရှိတဲ့ ဖက်အသေးတွေကို ဒီနှစ်မှာ တစ်ပိဿာ ငါးထောင်ကျပ်ရရှိပြီး၊ ဖက်အလတ်နဲ့ အကြီးတွေကတော့ တစ်ပိဿာ တစ်သောင်းခွဲကျပ်အထိ စျေးပေါက်တယ်လို့ သနပ်ဖက်တောင်သူတွေက ပြောပြပါတယ်။

စျေးကွက်သို့ တင်ပို့မည့် သနပ်ဖက်ရွက်တောင်းများ စီထည့်နေသည်ကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်

ငွေလိုနေတဲ့အချိန်မှာတော့ ရတဲ့စျေးနဲ့ ငွေကြိုယူပြီး ရောင်းရပါတယ်။ ကြိုရောင်းလိုက်ရတဲ့အခါဆိုရင်တော့ တောင်သူတွေမှာတော့ အပိုစုဆောင်းငွေမရှိဘဲ ခက်ခဲတဲ့အကြောင်း အနှစ် သုံးဆယ်ကျော် သနပ်ဖက် စိုက်လာတဲ့ အသက် ၅၉ နှစ်အရွယ် ဦးအောင်မင်းက ပြောပါတယ်။

“ကိုက်လို့တော့မဟုတ်ပါဘူး၊ ခုလိုပဲ ကုန်စျေးနှုန်းကလည်းကြီးလာတော့ ကိုယ့်ဖို့လည်း မကျန်ဘူးလေ။ နည်းနည်းပါးပါးပဲ စားဖို့သောက်ဖို့လောက်ပဲ ကျန်တယ်။ ပွဲစားကတော့ ကိုက်တယ်။ သူတို့က ငွေနဲ့ရင်းရတယ်ဆိုတော့ အဆင်ပြေသွားတယ်။ ဦးလေးမှာတော့ ဒီလိုပဲ စားဖို့သောက်ဖို့နဲ့ပဲ လုံးချာလည်သွားတယ်”

ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာစတဲ့ စိုက်ပျိုးစရိတ် မြင့်တက်လာတာ ထင်း ရှားလာတာ၊ သယ်ယူပို့ဆောင်ရေးအတွက် လောင်စာဆီစရိတ် မြင့်တက်လာတာစတဲ့ အထွေထွေ အသုံးစရိတ်တွေ မြင့်တက်လာတဲ့ အခုအချိန်မှာတော့ သနပ်ဖက်တောင်သူတွေအတွက် ဒီနှစ်ရာသီ သနပ်ဖက်စျေး တက်လာပေမယ့်လည်း ဝမ်းဝရုံပဲရှိတယ်လို့ ကိုဆန်းသစ်ရဲ့ မိခင် အသက် ၅၃ နှစ်အရွယ် ဒေါ်နှင်းဆီကပြောပါတယ်။

“ဒီနှစ် သနပ်ဖက် စျေးကောင်းရတယ်ဆိုတာလည်း အရင်နှစ်ထက်စာရင် သနပ်ဖက်စျေး ကောင်းလာတယ်ဆိုပေမယ့် ငွေပိုငွေလျှံတော့ မရှိသေးဘူးပေါ့။ မနှစ်က အကြွေးတွေ ကျန်တာကို ဆပ်နိုင်သွားတာပေါ့။ စုရဆောင်းရတာတော့ ခုလောလောဆယ်တော့ မစုဆောင်းနိုင်သေးပါဘူး။ စားနေတုန်း သောက်နေတုန်း ဆပ်နေတုန်းဆိုတော့ ပြေလည်ရုံလောက်ပဲ ရှိပါသေးတယ်။ အပိုဝင်ငွေ မရှိသေးပါဘူး။ နောက်တော့ စုရမလား မစုရဘူးလား မသိနိုင်ဘူးလေ”

ဒါကြောင့် တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ပင်းတယ စတဲ့မြို့နယ်တွေက သနပ်ဖက်တောင်သူတွေကတော့ တိုင်းပြည်စီးပွားရေး ပြန်ဦးမော့လာမယ့်အချိန်ကို မျှော်လင့်နေကြပါတယ်။