ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်ထောင်စုလွှတ်တော်တို့မှာ ဆွေးနွေးခဲ့တဲ့အကြောင်း အရာတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့ ပြန်လည်စတင်ကျင်းပတဲ့ လွှတ်တော်သုံးရပ်မှာ ထူးခြားချက်အနေနဲ့ NLD အစိုးရက ဝန်ကြီးဌာနအသစ် ဖြည့်စွက်ဖွဲ့စည်းဖို့ လွှတ်တော်ရဲ့ သဘောတူညီချက် တောင်းခံလိုက်တဲ့အကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကတိသစ္စာပြုတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံကို တင်ပို့တဲ့ ရေနံတင်သင်္ဘောတွေ ဆိုက်ကပ်တဲ့ မဒေးကျွန်းအနီးက သံဇစ်မြင်ရေပြင် အရောင်ပြောင်းလဲတာနဲ့ ပတ်သက်တဲ့ မေးခွန်းတင်ပြတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
ပထမအချက်အနေနဲ့ နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဝန်ကြီးဌာန အသစ်တစ်ခု ဖြည့်စွက်ဖွဲ့စည်းဖို့ လိုအပ်တဲ့အကြောင်း အခုလိုတင်ပြခဲ့ပါတယ်။
"ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမူတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ထိရောက်စွာမြှင့်တင်ရာမှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်မူမရှိစေတဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေ ဖွင့်ဖြိုးတိုးတက်စေဖို့အတွက် လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို ဖြည့်စွက်ဖွဲ့စည်းရန် လိုအပ်လျက် ရှိသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂ ပါ ပြဌာန်းချက်နဲ့အညီ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခွင့်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြအပ်ပါသည် ခင်ဗျာ"
အဲဒီဝန်ကြီးဌာနအတွက် တာဝန်ပေးခန့်အပ်မယ့် ဝန်ကြီးအမည်ကိုတော့ တင်သွင်းခြင်းမရှိသေးပါဘူး။
နိုဝင်ဘာ ၃ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်နေရာ အနိုင်ရရှိခဲ့တဲ့ ကျားခေါင်းပါတီက လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဥက္ကာ က ကတိသစ္စာပြုပြီးနောက် အခုလို ပြောပါတယ်။
"ဟုတ်ကဲ့ ကျနော် တတ်နိုင်သလောက် ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။ သိပ်မလွယ်ဘူးထင်တယ်ဗျ။ အဲဒါတွေကတော့ သက်ဆိုင်ရာ တပ်မတော်သား သူတို့လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံတာကတော့ ပိုပြီး အဆင်ပြေမယ်ထင်တယ်"
ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က သံဇစ်မြစ်ရေပြင် ညစ်ညမ်းတဲ့ဧရိယာ ကျယ်ပြန့်လာတဲ့အခြေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတဲ့ ဒေသခံတွေကို ဘယ်လိုကူညီဆောင်ရွက်ပေးမလဲဆိုတာ မေးမြန်းခဲ့ပါတယ်။
အဲဒီမေးခွန်းနဲ့ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ငါးခုနဲ့ ရခိုင်ပြည်နယ်အစိုးရကိုယ်စား သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က လာရောက်ဖြေကြားပါတယ်။
ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က အခုလိုဖြေကြားခဲ့ပါတယ်။
"ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရေနမူနာများအား ဓာတ်ခွဲစမ်းသပ်ချက်အရ သက်ရှိများ အသက်ရှင်နေထိုင်ရန် ခက်ခဲကြောင်း၊ ရေထဲတွင် မလုပ်ကိုင်သင့်ကြောင်း လုပ်သားများ အရေပြားယားယံခြင်း၊ ယောင်ရမ်းခြင်း ဖြစ်နိုင်ကြောင်း၊ ဖီနော ပမာဏများခြင်းကြောင့် အရေပြားအရောင်ပြောင်းလဲခြင်း ဆားလောင်ခြင်းများဖြစ်နိုင်ပြီး အဆိုပါ အရေပြား ဆားလောင်သောနေရာတွင် နာကျင်မှုမရှိတတ်ပါကြောင်း၊ ရေထုညစ်ညမ်းမူဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို တောင်းခံခဲ့ရာ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ အမျိုးသမီးလူနာ ၅ ဦးမှာ အဆိုပါ ညစ်ညမ်းရေထုနဲ့ ထိတွေ့ရာမှ အရေပြားအကွက်များဖြစ်ပေါ်ခြင်း ယားယံခြင်းတို့ကြောင့် ပြင်ပလူနာအဖြစ် ကုသခံယူခဲ့ရသည်ကို တွေ့ရှိရကြောင်းနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်ပါအတိုင်း အကြံပြုထားပါတယ်"
သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ဖြေကြားမှုတွေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က အခုလို ပြောပါတယ်။
"ဝန်ကြီးဌာနက လာဖြေတဲ့အထဲမှာ မြေပြင်အခြေအနေနဲ့ လွဲပြီးတော့ ဖြေတဲ့ဟာတွေလည်း ပါသွားတဲ့ အတွက်ကြောင့် လွှတ်တော်ထဲမှာ ဆက်စပ်မေးခွန်းတွေလည်း ပြောလိုက်သေးတယ်။ အမှန်မှာတော့ ဖြေရမှာက ရှင်းရှင်းလေး ဒီညစ်ညမ်းရေဟာ ဘာကြောင့်ဖြစ်သလဲဆိုတာကို စစ်ဆေးဖော်ထုတ်ရမယ်၊ အခုက ဝန်ကြီးဌာနက အဲဒီရေနံတင် တရုတ်ရေနံတင် ဆိပ်ကမ်းကြောင့် မဟုတ်ပါဘူး၊ တရုတ် ရေနံတင်သဘောၤနဲ့ သိုလှောင် ရုံတွေကြောင့် မဟုတ်ပါဘူးဆိုပြီးတော့ အဲဒီလိုလာပြီးတော့ အကာအကွယ်ပေးပြီးတော့ ဖြေကြားထားတဲ့ အဖြေတွေကိုပဲ လာဖတ်သွားတာတွေက ပိုများတယ်"
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မြစ်ရေအရောင်ပြောင်းလဲမှုဖြစ်ပေါ်ခဲ့တဲ့အတွက် ရေနမူနာကို ဓာတ်ခွဲခန်းမှာ စစ်ဆေးရာမှာတော့ မြစ်ရေမှာ ဓာတုပစ္စည်းပါဝင်မှုများနေတာ၊ အောက်ဆီဂျင်ပါဝင်မှုလျော့ကျနေတာနဲ့ အဲဒီလိုရေပြင်မှာ ရေနေသတ္တဝါတွေ ရှင်သန်ဖို့ ခက်ခဲမှုရှိလာနိုင်တယ်လို့ အဖြေထွက်ခဲ့ကြောင်း ဦးဘရှိန်က ပြောပါတယ်။
အဲဒီလိုရေထုညစ်ညမ်းတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှာ မေးခွန်းမေးမြန်းတာတွေရှိပေမဲ့ အစိုးရဘက်က ထိရောက်တဲ့ဆောင်ရွက်ချက်တွေ မတွေ့ရသေးပါဘူး။
ရေထုညစ်ညမ်းမှုဟာ အမ်းမြို့နဲ့ မြေပုံမြို့နယ်မှာရှိတဲ့ မြစ်ချောင်းတွေအထိ ပြန့်နှံ့ရောက်ရှိနေတယ်လို့လည်း ဦးဘရှိန်က ပြောပါတယ်။
မဒေးကျွန်းဟာ တရုတ်ရေနံတင်သင်္ဘောကြီးတွေ ဝင်ထွက်သွားလာတဲ့နေရာဖြစ်ပြီး အဲဒီကျွန်းပေါ်က ရေနံသိုလှောင်ကန်တွေကနေ တရုတ်နိုင်ငံကို ရေနံတွေတင်ပို့တဲ့နေရာလည်းဖြစ်ပါတယ်။
ဒီအကြောင်းတွေကတော့ ဒီနေ့ လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးတင်ပြချက်တွေပဲ ဖြစ်ပါတယ်ခင်ဗျာ။
