ရန်ကုန်မှာ ပေါ်တာဆွဲတဲ့ သတင်းတွေကြောင့် ညဘက် အသွားအလာနည်း
2025.01.03

နိုင်ငံတစ်ဝန်း စစ်ပွဲတွေကြောင့် တပ်သားလိုအပ်နေတဲ့ စစ်ကောင်စီက ရန်ကုန်မြို့မှာ ပေါ်တာဆွဲ ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့အတွက် လူထုကြားမှာ စိုးရိမ်နေကြသလို ညဘက် အပြင်ထွက်တာတွေ နည်းလာပါတယ်။
“ကျွန်တော့်အလုပ်သမားတွေက အခုလောလောဆယ် ပျောက်သွားတယ်ဗျ။ ပျောက်သွားတဲ့အပေါ်မှာက အခု ကျွန်တော်တို့ စုံစမ်းနေတဲ့အရဆိုရင်တော့ အဆက်အသွယ်က လုံးဝတော့ မရသေးဘူး။ အဆက်အသွယ်က လုံးဝ မရဘူး။ အခုပြန်ပြီးတော့ စုံစမ်းတဲ့အချိန်မှာကျတော့ အိမ်စီးကားနဲ့လာပြီးတော့ အိမ်စီးကားနဲ့ ဆွဲတင်သွားတဲ့ဟာမျိုး ဖြစ်တယ်ဗျ။ အခု လိုက်နေတဲ့အချိန်မှာ အခက်အခဲကတော့ ဒီဘက် မြို့နယ်တွေမှာတော့ မရှိဘူး။ အခုလက်ရှိမှာကတော့ စစ်ကြောရေးဘက်ကို ပို့ထားတယ်လို့ သတင်းလေးတော့ အစအနလေးတော့ ရှိနေတယ်ဗျ”
လုံခြုံရေးအရ ကိုအောင်လို့ အမည်လွှဲထားတဲ့ လုပ်ငန်းရှင်တစ်ဦးက အသက် ၃၀ ဝန်းကျင်အရွယ် သူ့ရဲ့ဝန်ထမ်းနှစ်ဦး ဒီဇင်ဘာ နောက်ဆုံးပတ်ထဲမှာ ပေါ်တာဆွဲခံလိုက်ရတဲ့အကြောင်း ပြောပြတာပါ။
“ဒီဇင်ဘာလအတွင်း သူ့ရဲ့ဝန်ထမ်းတွေ အပါအဝင် လူငယ်သုံးဆယ်ကျော် ပေါ်တာဆွဲဖမ်းဆီးခံရပါတယ်”
ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ ည ခုနစ်နာရီနောက်ပိုင်း လူအသွားအလာ မရှိသလောက် နည်းသွားတာကို ဒီဇင်ဘာလထဲမှာ သိသိသာသာ မြင်ခဲ့ရပါတယ်။ ဒါဟာ စစ်ကောင်စီက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းစကားတွေ ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့နောက်ပိုင်း ဖြစ်နေတာပါ။
ကိုအောင်တို့နေတဲ့ မြို့နယ်မှာ ဒီဇင်ဘာလအတွင်း သူ့ရဲ့ဝန်ထမ်းတွေ အပါအဝင် လူငယ်သုံးဆယ်ကျော် ပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။
ပေါ်တာဆွဲနေတဲ့အတွက် လူငယ်တွေရော မိဘတွေပါ စိုးရိမ်နေကြတယ်လို့ ဒီသတင်းမှာ ဦးမြင့်လို့ နာမည်လွှဲထားတဲ့ အငှားယာဥ်မောင်းကလည်း ပြောပြပါတယ်။
“ဆွဲတာကတော့ သားရေ မြို့နယ်အနှံ့ ဖြစ်နေပြီ။ စမ်းချောင်းဘက်ရော၊ ဒီတောင်ဒဂုံရော၊ သာကေတဘက်တွေရော။ အရင်တုန်းကတော့ သားရယ် လွတ်လွတ်လပ်လပ် သွားကြလာကြတာပေါ့ကွာ။ အခုကျတော့ လွတ်လွတ်လပ်လပ် မသွားရဲကြတော့ဘူးလေ သားရဲ့။ မိဘတွေကြားမှာလည်း ကိုယ့်သားသမီး ပါမှာ စိုးရိမ်ကြတာပေါ့ မိဘတွေကလည်း။ အဲဒီတော့ တော်ရုံတန်ရုံ ပေးမထွက်ကြဘူးကွာ။ ပေးမထွက်ကြပေမဲ့ တော်ကြာကျတော့ ညဘက်အိပ်တဲ့အချိန်တောင်မှ တံခါးလာခေါက်မှာ ကြောက်နေကြတယ်”
ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေက လက်နက်ကိုင် တော်လှန်စစ်တွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တပ်သားလိုအပ်ချက် များနေပါတယ်။
“အရပ်ဝတ်နဲ့ စစ်ကောင်စီဘက်က လူတွေက လူငယ်တွေကို အိမ်စီးကားတွေပေါ်တင်ပြီး ဖမ်းဆီးနေတာပါ”
ဒါကြောင့် လတ်တလောမှာ စစ်မဲ့ဇုန်အဖြစ် ရှိနေသေးတဲ့ ရန်ကုန်မြို့ကြီးမှာ လူငယ်တွေ တိတ်တဆိတ် ပျောက်ဆုံးနေတာပါ။
ပေါ်တာအဆွဲခံရရင် ဘဝအနာဂတ် ပျောက်ဆုံးသွားမှာ ဖြစ်တဲ့အတွက် ညဘက် သွားစရာရှိရင် စိုးရိမ်စိတ်နဲ့ သွားလာနေရတယ်လို့ ကိုနိုင်လို့ အမည်လွှဲထားတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
“ပေါ်တာဆွဲရင်တော့ ဘယ်သူမှတော့ အပါမခံချင်ကြဘူးလေ။ ပါပြီးသွားရင်လည်း ပြန်ထွက်ဖို့ကလည်း လုံးဝမလွယ်တော့ အကုန်လုံးကတော့ သူ့ဟာနဲ့သူတော့ ကြည့်ရှောင်နေကြတာပဲ။ ဘယ်သူကမှ မပါချင်ကြဘူး။ ပါသွားလို့ရှိရင်လည်း ကိုယ့်ရဲ့အနာဂတ်ကို လုံးဝပြန်တွေးလို့တောင် မရတဲ့အထိ ဖြစ်သွားမှာဆိုတော့ ဟိုကြည့် ဒီကြည့်နဲ့ သေချာကြည့်ပြီး ဂရုစိုက်ပြီး သွားနေရတာပေါ့ အစ်ကိုရယ်”
ဒါကြောင့် ညနက်တဲ့အထိ အပြင်မှာ သွားလာမနေကြဖို့ လုပ်ငန်းရှင် ကိုအောင်က တိုက်တွန်းပါတယ်။
“ခုနစ်နာရီ နောက်ပိုင်းဆိုရင် သိပ်ပြီး လုံခြုံတဲ့အနေအထား မရှိတော့ဘူးဗျ။ ပြည်သူတစ်ယောက်အနေနဲ့ ပြောချင်တာဆိုရင်တော့ အကုန်လုံး သွားတာ၊ လာတာကို ဂရုစိုက်ကြပါ။ အဓိကအားဖြင့် လူငယ်တွေ သွားတာ လာတာတွေ ဂရုစိုက်ပေးကြပါ။ ပြီးသွားလို့ရှိရင် အတတ်နိုင်ဆုံး မလိုအပ်ရင် အပြင် မထွက်ကြပါနဲ့”
လူငယ်တွေ ပေါ်တာဆွဲခံနေရတယ် ဆိုတာနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က ဒီဇင်ဘာ ၃၁ ရက်နေ့က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ဆက်နွှယ်သောသတင်းများ
စစ်မှုထမ်းဥပဒေကပေးတဲ့ ဒုက္ခတွေနဲ့ ၂၀၂၄
မြို့ကြီးတွေမှာ လူငယ်တွေဖမ်းဆီးခံရမှု ဆက်တိုက်ကြုံနေရ
ညောင်ဦးမှာ စစ်မှုထမ်းသင်တန်းအတွက် အရပ်သား တစ်ရာဝန်းကျင် ဖမ်းဆီးခံရ
စမ်းချောင်း၊ သာကေတ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ လှိုင်သာယာ စတဲ့မြို့နယ်တွေမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီဘက်က လူတွေက လူငယ်တွေကို အိမ်စီးကားတွေပေါ်တင်ပြီး ဖမ်းဆီးနေတာလို့ မြို့ခံတွေက ပြောပါတယ်။
ပေါ်တာဆွဲခံရတဲ့သူတွေကို နယ်မြေခံရဲစခန်းတွေမှာ ထိန်းသိမ်းထားတာမျိုး မဟုတ်ဘဲ နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေနဲ့ စစ်ကြောရေးစခန်းတွေကို ပို့နေတာလို့လည်း မြို့ခံတွေက ပြောပါတယ်။
ဒါကြောင့် အဖမ်းခံရပြီး ပျောက်နေတဲ့လူငယ်တွေရဲ့ မိသားစုတွေက နယ်မြေခံရဲစခန်းတွေမှာ လူပျောက်တိုင်ကြားတာရှိပေမဲ့ စုံစမ်းဖော်ထုတ်တာတွေ မရှိဘူးလို့လည်း ပြောကြပါတယ်။