ရန်ကုန်-မော်လမြိုင်လမ်း ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ကားရာနဲ့ချီပိတ်နေ

2022.11.28

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကနေ ရန်ကုန်ဘက်ကိုဝင်ရင် အဓိက ဖြတ်သန်းသွားလာရတဲ့ ပဲခူးတိုင်း ဝေါမြို့နယ်၊ စစ်တောင်းတံတားရှိ ညောင်ခါးရှည်ဂိတ်မှာ ခရီးသွားကားတွေရော ကုန်တင်ကားတွေပါ ရာနဲ့ချီပိတ်မိနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။

စစ်အာဏာဆန့်ကျင်ရေးအဖွဲ့တွေက ဒီဂိတ်ကိုဖြတ်ပြီး ရန်ကုန်ဘက်ကို လက်နက်တွေသယ်နေတာကြောင့် တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ရဲအရာရှိတစ်ဦးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

မနေ့မနက်ပိုင်းကစလို့ အဲဒီဂိတ်နားမှာ ကားတွေပိတ်နေတာကြောင့် အချိန်အကြာကြီး စောင့်ဆိုင်းနေရတယ်လို့ တန်းစီနေတဲ့သူတွေက လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားနေကြပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက အသုံးပြုနေတဲ့ X-Ray စက် ပျက်နေတာကြောင့် ကားတွေကို ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ဆို့ထားတာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ရန်ကုန်အဝင်ဘက်ရော ရန်ကုန်ကနေ မော်လမြိုင်၊ မြဝတီဘက် အထွက်မှာပါ ကားတွေပိတ်နေတာ ဖြစ်ပါတယ်။

"မနက်ကိုးနာရီခွဲ ရန်ကုန်က ထွက်လာတာ ညဆယ်နာရီခွဲတဲ့အထိ စစ်တောင်းတံတားအခြေကိုပဲ ရောက်သေးတယ်" လို့ မြဝတီဘက်ကို ခရီးသွားထွက်လာသူ တစ်ဦးက ပြောပါတယ်။

ပုံမှန်ဆိုရင် နေ့ချင်းရောက်တဲ့ခရီးဟာ အခုကားတွေပိတ်နေလို့ ခရီးတဝက်လောက်ပဲ ရောက်တာဖြစ်ပါတယ်။

အခုပိတ်မိနေတဲ့ နေရာဟာ မွန်ပြည်နယ်ဘက်နေ ပဲခူး၊ ရန်ကုန်ဘက်ဝင်တဲ့ အဓိကလမ်းကြောင်းဖြစ်ပါတယ်။ ရန်ကုန်ကနေ မြဝတီဘက်ကို ကုန်တင်၊ ကုန်ပို့တွေလည်း ဒီလမ်းကို ဖြတ်သွားရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။