ရန်ကုန်မှာ ညသပိတ်မှောက်နေကြ

2021-03-12
Share

ရန်ကုန်က မြို့နယ်တွေမှာ မတ်လ ၁၂ ရက် ဒီနေ့ ညသပိတ်မှောက်နေကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့မတ်လ ၁၂ ရက်နေ့အထိ စစ်တပ်အာဏာသိမ်းထားတာ ရက်ပေါင်း ၄၀ ရှိသွားပါပြီ။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေပေမယ့် ဆန္ဒပြတဲ့သူတွေကတော့ နေ့ရော ညပါလမ်းမတွေပေါ်မှာ ဆက်သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

ညဘက်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးတဲ့ လှုပ်ရှားမှုတွေကို ဆက်လုပ်နေကြသလို ဒီမိုကရေစီတောင်းဆိုတိုက်ပွဲဝင်ရင်း ကျဆုံးသွားသူတွေအတွက် ဖယောင်းတိုင်မီးတွေထွန်းပြီး ဆုတောင်းနေကြပါတယ်။

ဒီလိုညဘက်သပိတ်မှောက်ခြင်းကို လူထုရွေးချယ်တင်မြောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကို အာဏာပြန်မလွဲပေးမချင်း နေ့တိုင်း ဆက်လုပ်သွားကြမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်လိုပဲ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ညသပိတ်မှောက်တာတွေရှိနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကလည်း စစ်အာဏာရှင် ဆန့်ကျင်ရင်း ကျဆုံးသွားသူတွေ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ မတ်လ ၁၂ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့ထိ အချိန်ကာလ တစ်လသတ်မှတ်တယ်လို့ ကြေညာထားပါတယ်။

ကျဆုံးသွားသူတွေအတွက် ဒီတစ်လအတွင်း မနက်နဲ့ ညတိုင်းမှာ ဆုတောင်းမေတ္တာပို့တာတွေ၊ စစ်အာဏာဆန့်ကျင်ရေး သီချင်းဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်ကြဖို့နဲ့ ဆန္ဒပြပွဲတွေ မစခင်မှာလည်း ငြိမ်သက်အလေးပြုကြဖို့ တိုက်တွန်းထားတာပါ။

RFA က ကောက်ယူထားတဲ့စာရင်းတွေအရ ဒီနေ့အထိ သေဆုံးတဲ့သူ ၇၃ ယောက်ရှိသွားပြီဖြစ်ပြီးတော့ နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့ AAPP အဖွဲ့ရဲ့စာရင်းအရ စစ်အာဏာသိမ်းအပြီး အဖမ်းဆီးခံထားရသူ အရေအတွက်ဟာ (၁၇၀၀)ကျော် ရှိသွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့