သေဆုံးသူ ၈ ဦးအထိ ရှိလာ


2016.11.20
muse-refugees-620.jpg မူဆယ်မြို့၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို တွေ့ရစဉ်
Photo: Khin Mg Lwin/ Facebook

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေ ရပ်စွန့်ခွာထွက်ပြေးသူ တစ်ထောင်ကျော် ရှိပြီး သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိတယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ပြောပါတယ်။

တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး သေဆုံးသွားတယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ပြောပါတယ်။

" သေဆုံးတဲ့သူက ၈ ဦး မှန်ပါတယ်၊ တပ်မတော်က ၁ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ကျန်တာက အရပ်သားတွေ၊ ကျား ၃ ဦး မ ၁ ဦးပေါ့။ အဲဒီမှာ သေဆုံးတဲ့ ၈ ဦးက on the spot ပဲ၊ ဒဏ်ရာရတာက ၂၈ ဦးပါ၊ စိုးရိမ်ရတဲ့ ဒဏ်ရာရသူထဲက ၇ ဦးကိုတော့ ရဟတ်ယာဉ်နဲ့ပို့လိုက်တယ်" လို့ မူဆယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းကပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲက စိုးရိမ်ရတဲ့လူနာ ၇ ဦးကို လားရှိုးပြည်သူ့ဆေးရုံတွေကို လေယာဉ်နဲ့ ပို့ဆောင်ကုသပေးနေ တယ်လို့လည်း ပြောပါတယ်။

မူဆယ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူ တစ်ထောင်ကျော်ကို ကုန်သည်ကြီးများအသင်းနဲ့ ဘုန်း ကြီးကျောင်းတွေမှာ လူမှုရေးအဖွဲ့တွေ က နေရာချပေးထားပါတယ်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဟာ မူဆယ်မြို့အဝင်မှာရှိပြီး မူဆယ်မြို့နဲ့ ၇ မိုင်ကျော် ကွာဝေးပါတယ်။

ကုန်သွယ်ရေးဇုန်နဲ့ ဇုန်အနီးတဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့် မပေးတော့တဲ့အတွက် မန္တလေးက တက်လာတဲ့ ကုန်ကားကြီးတွေဟာ လတ်တလော ကွတ်ခိုင်မှာ ပိတ်မိနေတယ် လို့ သိရပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်ကြား ကားလမ်းမှာ ခရီးသည်တင် ဘတ်စ်ကားတွေနဲ့ ကုန်တင်ကားတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ရပ်ခိုင်းပြီး ကားသော့တွေ ယူသွားတဲ့အတွက် ကားတွေ ထွက်မရဘဲ လမ်းတွေ ပိတ်ကုန်ပါတယ်။

ဒီနေ့ မနက်က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကွတ်ခိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)တို့က တပ်မတော် တပ်စခန်းတွေနဲ့ ရဲကင်းတွေကို TNLA, KIA/KIO, MNDAA နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။

မူဆယ်နဲ့ ကွတ်ခိုင်ကိုဆက်သွယ်ထားတဲ့ နမ့်ပေါ်တံတားနဲ့ လားရှိုးနဲ့ သိန္နီကိုဆက်သွယ်ထားတဲ့ နမ္မတူတံတားကိုလဲ တပ်ပေါင်းစုအဖွဲ့က မိုင်းဖောက်ခွဲခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။