ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ် မကျီးပင်ကျေးရွာကို ဧပြီလ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့ ညနေပိုင်းမှာ စစ်တပ်က ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းခဲ့တဲ့ နတ်တလင်းမြို့ အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လက်ရှိအချိန်အထိ စစ်ကြောင်းထိုး နေတာကြောင့် ဒေသခံတွေ ဝင်ရောက် မကြည့်ရှုနိုင်သေးတဲ့အတွက် မီးလောင်ပျက်စီးမှု အသေစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။
သင်္ကြန်မရောက်ခင် ရက်ပိုင်းကတည်းက အဲဒီရွာတွေကို စစ်ကြောင်းထိုး တိုက်ခိုက်မီးရှို့နေတာလို့ နတ်တလင်း ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဧပြီလ ၁၁ ရက်နေ့ထဲက ပါရာမော်တာ သုံးစီးနဲ့ မကျည်းပင်အောင်သုခစက်လှေဆိပ်ကိုကြဲချလို့ အိမ်တွေ မီးလောင်ပျက်စီးတယ်။ နောက်နေ့ လယ်မအင်း နဲ့ ဘန့်ဘွေးကုန်းရွာတွေကို ထပ်လာ မီးရှို့ တယ်။ အဲဲဒီရွာတွေလည်း တစ်ရွာလုံး ကုန်နေပြီ။ သင်္ကြန်အကြို့နေ့ညနေကျတော့ မကျီးပင်ရွာကို မီးရှို့တာဗျ။”
ဧပြီလ ၉ ရက်နေ့ကလည်း မကျီးပင်ရွာကို လေတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် အသက် ၃၀ အရွယ် ရွာသားတစ်ဦး သေဆုံးခဲ့သလို လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် နောက်ထပ်ရွာသား တစ်ဦးလည်း ပြင်းထန်တဲ့ ဒဏ်ရာရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပါတယ်။
ပဲခူးတိုင်း မင်းလှမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာမှာဆိုရင် လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက် ခဲ့တဲ့အတွက် အိမ်ခြေ နှစ်ရာခန့် မီးလောင်ပျက်စီးခဲ့တာကြောင့် တစ်ရွာလုံး နီးပါး မီးထဲ ပါသွားပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း နတ်တလင်းမြို့နယ်ထဲက ဖလံပင်၊ ရှားစေးဖို၊ သရက်ပုဂံရိုး နဲ့ ငုတ်တစ်ရာရွာတွေကို စစ်တပ်က မီးရှို့ခဲ့တာကြောင့် အိမ်ခြေ နှစ်ရာထက်မနည်း မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
