မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)နဲ့ လက်အောက်ခံ တအာန်းလွတ်မြောက်ရေးတပ်မတော် (TNLA) က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ဦးဆောင်တဲ့ အရပ်သားအစိုးရသစ်ကို ကြိုဆိုကြောင်း ကြေညာချက်ကို ဧပြီ ၁၅ ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။
TNLA အနေနဲ့ ၂၀၂၅ အောက်တိုဘာ ၂၈ ရက်မှာ တရုတ်အစိုးရ ကြားဝင်ဖြန်ဖြေမှုကြောင့် မြန်မာ စစ်တပ် နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မြန်မာစစ်တပ်နဲ့ အတူ သမ္မတဦးမင်းအောင်လှိုင်ရဲ့ အစိုးရသစ်နဲ့အတူ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်တွေ ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာဖို့ မျှော်လင့်ကြောင်း လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်က ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲနဲ့ စစ်တပ်သြဇာခံ လွှတ်တော် ခေါ်ယူပြီး အစိုးရသစ်ဖွဲ့ သမ္မတရာထူးရယူလိုက် အပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ - ကိုးကန့်တပ် (MNDAA) တို့က ဂုဏ်ပြုလွှာများ ထုတ်ပြန် ပေးပို့ခဲ့အပြီး အခုလို တအာန်းတပ် TNLA က ဂုဏ်ပြုလွှာထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီကြေညာချက်နဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ TNLA ပြောခွင့်ရသူတွေဆီကို ဆက်သွယ် မေးမြန်းနိုင်ဖို့ RFA ကကြိုးစားနေဆဲဖြစ်ပါတယ်။
ဧပြီ ၁ဝ ရက်နေ့ကပဲ TNLA ဟာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ဆယ်နှစ်ပြည့်အခမ်းအနားကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ပူးတွဲ သဝဏ်လွှာပေးပို့ခဲ့ပါသေးတယ်။ အဲဒီသဝဏ်လွှာထဲမှာ ညီနောင်မဟာမိတ်ပီပီ ချစ်ကြည် ရင်းနှီးမှုမပျက်ဘဲ အချင်းချင်းဖေးမပြီး တော်လှန်ရေးမျှော်မှန်းချက်ရတဲ့အထိ အတူကြိုးပမ်း သွားမယ့်အကြောင်း ကတိသစ္စာပြုတယ်လို့ ဖော်ပြထားပါတယ်။
TNLA ဟာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းအပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ အဖွဲ့ဝင်ဖြစ်ပြီး ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်မှာ မြေပြန့်က စစ်အာဏာသိမ်းဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ပူးပေါင်းပြီး “၁၀၂၇” စစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးမှာ ရှမ်းမြောက်ဒေသ တစ်ခုလုံး နီးပါး သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရာမှာ လက်တွဲညီခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။
၂၀၂၅ မှာ TNLA သိမ်းပိုက်ခဲ့တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို စစ်တပ်က ပြန်လည် သိမ်းပိုက် ခဲ့ပြီး ၂၀၂၅ အောက်တိုဘာမှာ တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုနဲ့ အပစ်အခတ်ရပ်စဲမှုရယူခဲ့ပြီးနောက် မိုးကုတ် နှင့် မိုးမိတ်မြို့တွေကို TNLA က ပြန်လွှဲပြောင်းပေးခဲ့ရပါတယ်။
၂၀၂၆ မတ်လမှာ စစ်ကော်မရှင်နဲ့ ပိုနီးစပ်သွားတဲ့ မဟာမိတ် ကိုးကန့်တပ် MNDAA က ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းထိန်းချုပ်ခဲ့တဲ့အတွက် TNLA တပ်တွေဟာ ကွတ်ခိုင်နဲ့ မူဆယ်ဒေသတွေကနေ ဆုတ်ခွါပေးခဲ့ရပါတယ်။
