၅ နှစ်ကျော်အတွင်းအသက်ဆုံးရှုံးရတဲ့ သာသနာ့ဝန်ထမ်း တစ်ရာနီးပါးရှိကြောင်း AAPP ထုတ်ပြန်

၅ နှစ်ကျော်အတွင်း အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ နိုင်ငံတဝန်းမှာပျံလွန်တော်မူရတဲ့ ဘုန်းကြီး၊ သီလရှင်နဲ့ ကိုရင် အနည်း ဆုံး ၉၃ ပါးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီလ ၁၀ ရက်နေ့ကထုတ်ပြန်ပါတယ်။ အရေအတွက်အနေနဲ့ဆိုရင် စစ်ကိုင်းတိုင်းမှာ ၁၉ ပါးနဲ့အများဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်မှာ ၁၆ ပါးနဲ့ ဒုတိယအများဆုံးဖြစ်သလို၊ အသက် ၁၈ နှစ်အောက် ၁၈ ပါးပါဝင်တယ်လို့ ဆိုပါ တယ်။ အသက်ဆုံးရှုံးရတဲ့အကြောင်းရင်းက စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၉ ပါး၊ လက်နက်ကြီးစတွေထိတဲ့အတွက်ကြောင့် ၁၆ ပါးဖြစ်တယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

AAPP ကောက်ထားတဲ့စာရင်းတွေထက် လက်တွေ့မှာပိုများနိုင်တယ်လို့ နွေဦးတော်လှန်ရေးမှာပါဝင်လှုပ်ရှားမှုနဲ့ ထောင်ချခံရပြီး အင်းစိန်အကျဉ်းထောင်ကနေလွတ်မြောက်လာတဲ့ဆရာတော်တစ်ပါးက RFA ကို မိန့်ပါတယ်။

“သာသနာ့ဝန်ထမ်း ကိုးဆယ်ကျော်ဆိုတာ ဒီ့ထက်မကလည်းများနိုင်တယ်ပေါ့နော်။ အခုတလောမှာတင် ဘုန်းတော်ကြီးကျောင်းတွေကိုဦးစားပေးပြီးတော့ကို ဗုံးတွေနဲ့ကြဲတာတွေ မီးတွေနဲ့ရှို့တာတွေ ဆရာတော်သံဃာတော်တွေ သာမဏေတွေ ဘဝနတ်ထံပျံလွန် တော်မူကြရတာတွေ အခုလတ်တေလာမှာ၊ ဒါတွေဆိုရင် စာရင်းထဲပါမှာမဟုတ်သေးဘူးလေ၊ ဒီလိုအခြေအနေတွေရှိတယ် ”

စစ်တပ်အလိုကျကျင်းပတဲ့ရွေးကောက်ပွဲအပြီး လွှတ်တော်စတဲ့အချိန် ဧပြီလ ၆ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာနားက စစ်ဘေးဒုက္ခသည်တွေနေတဲ့ စာသင်ကျောင်းနားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် ဦးပဇင်း ဦးပုည ဗုံးစထိမှန်ပြီး ပွဲချင်းပြီးပျံလွန်တော်မူခဲ့တယ်လို့ဆိုပါတယ်။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့က စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်း တိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာဘုန်းကြီးကျောင်းမှာ သင်္ကြန်တွင်း ဒုလ္လဘဝတ်နေကြတဲ့ ကိုရင်ကြီး နှစ်ပါး ပျံလွန် တော်မူခဲ့ပြီး ရှစ်ပါးဒဏ်ရာရသွားခဲ့တဲ့သူတွေဆိုရင် AAPP က ၁၀ ရက်နေ့ထုတ်ပြန်တဲ့ စာရင်းထဲမှာမပါသေး ဘူးလို့ ဆရာတော်ကမိန့်ပါတယ်။

လူသိများထင်ရှားတဲ့ဖြစ်ရပ်တစ်ခုဆိုရင် ၂၀၂၄ ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် လိုက်ပါလာတဲ့ကားကို စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တဲ့အတွက် ဆရာတော်ပျံလွန်မူခဲ့ပါတယ်။ စစ်ကောင်စီကအစောပိုင်းမှာငြင်းခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့တပ်ဖွဲ့ ဝင်တွေပစ်ခတ်တာကို ဝန်ခံခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အရေးယူသွားမယ်လို့ နိုင်ငံပိုင် မီဒီယာတွေကနေ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကျူးလွန်တဲ့သူတွေကို အရေးယူ တယ် မယူဘူးဆိုတာ အများပြည်သူကို ထုတ်ပြန်တာ မတွေ့ခဲ့ရပါဘူး။

စစ်အာဏာရှင်အဆက်ဆက်မှာ အခုခေတ်က အဆိုးဆုံးဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်း ဆရာတော် အရှင်ဦးဇဝနက မိန့်ပါတယ်။

“ မင်းအောင်လှိုင်ဟာ သူအာဏာတည်မြဲဖို့အတွက် ဘယ်အာဏာရှင်အဆက်ဆက်မှာမှ မလုပ်ဖူးတဲ့ ကျောင်းကန်ဘုရားတွေကို ရက်ရက်စက်စက်ဗုံးကြဲဖျက်ဆီးခဲ့တယ်ဆိုတာ ဒီနေ့လူတိုင်းသိမြင်နေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် မင်းအောင်လှိုင်ဟာ ရှေ့အာဏာရှင်အဆက်ဆက်ထက် အဆိုးရွားဆုံးသော အယုတ်မာဆုံးသော တကယ့်အာဏာပါးကွက် သားလူယုတ်မာဖြစ်တယ်"

ဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်အာဏာသိမ်း ၅ နှစ်မှာ သာသနာ့ဘောင်ကပုဂ္ဂိုလ် ၁၀၀ နီးပါးပျံလွန်ခဲ့ရသလို၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သာသနာ့ဝန်ထမ်း ၁၆၉ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။