ပြည်ပကပြန်လာသူ ၁၂ ဦးမှာ အိုမီခရွန်ထပ်တွေ့

2022.01.08
Share on WhatsApp
Share on WhatsApp
ပြည်ပကပြန်လာသူ ၁၂ ဦးမှာ အိုမီခရွန်ထပ်တွေ့ ပြည်ပနိုင်ငံတွေက ဝင်ရောက်လာသူတွေကို မန္တလေး လေဆိပ်မှာ ၂၀၂၁ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံကို ပြည်ပကပြန်လည်ဝင်ရောက်လာတဲ့သူ ၁၂ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးကူးစက်ခံထားရတာ တွေ့ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့ ယူအေအီးနိုင်ငံက ရှစ်ဦး၊ မလေးရှားနိုင်ငံက သုံးဦး၊ အိန္ဒိယက တစ်ဦး စုစုပေါင်း ၁၂ ဦးဖြစ်ပါတယ်။ အဲဒီပိုးတွေ့တဲ့သူတွေထဲက ၁၁ ဦးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ကျန်တဲ့တစ်ဦးကတော့ နိုင်ငံခြားသားလို့ ဆိုပါတယ်။

သူတို့ကို သက်ဆိုင်ရာဆေးရုံတွေမှာ သီးသန့်ထားကုသပေးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ လေကြောင်းအတူ စီးလာတဲ့သူတွေကိုလည်း ကွာရန်တင်းထား ရှိထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကို ယူအေအီးကပြန်လာသူ လေးယောက်မှာ ပထမဆုံး စတင်တွေ့ရှိတာဖြစ်ပါတယ်။ ဒီတစ်ကြိမ် ၁၂ ယောက်နဲ့ ပေါင်းရင် အိုမီခရွန်ရောဂါပိုး တွေ့ရှိတဲ့သူ ၁၆ ယောက်ရှိသွားပါပြီ။

စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် ဇန်နဝါရီလ ၇ ရက် မနေ့ကထိ သေဆုံးသူ ၁၉၂၈၈ ဦး၊ ရောဂါကူးစက်ခံရသူ ၅၀၉၇၅၇ ဦးရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါပိုးကြောင့် ကူးစက်သေဆုံးမှု အခြေအနေတွေ စာရင်းကောက်ဖို့ ခက်ခဲသွားတာကြောင့် စစ်ကောင်စီထုတ်ပြန်တဲ့ နှုန်းထက် မြေပြင်မှာ သေဆုံး၊ ကူးစက်မှုနှုန်းတွေက ပိုများနိုင်တယ်လို့ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူတွေက ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့