ရခိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာ

2021-07-11
Share
ရခိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ၂၀၂၁ ဇူလိုင်လ ၄ ရက်နေ့က ကိုဗစ်ရောဂါ အသိပညာပေးဆောင်ရွက်နေစဥ်
Photo: RFA

ရခိုင်ပြည်နယ်မှာ ဒီနေ့မနက်ပိုင်းအထိ ရရှိတဲ့စာရင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က သေဆုံးသူဟာ သံတွဲမြို့မှာ နှစ်ဦးနဲ့ ကျောက်ဖြူမှာတစ်ဦး၊ စုစုပေါင်းသုံးဦးရှိခဲ့တာကြောင့် ပြည်နယ်တစ်ခုလုံးမှာ စုစုပေါင်း သေဆုံးသူ ၁၃ ဦး အထိရှိလာတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အလားတူ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူဟာလည်း မနေ့က စစ်တွေမှာ လေးဦး၊ ပုဏ္ဏားကျွန်းမှာ နှစ်ဦး၊ ကျောက်တော်မှာ တစ်ဦး၊ မြေပုံမှာ တစ်ဦး၊ ကျောက်ဖြူမှာ ၁၃ ဦး၊ အမ်းမှာ ၁၆ ဦး၊ သံတွဲမှာ ငါးဦး၊ တောင် ကုတ်မှာ ခြောက်ဦး၊ ဂွမှာ ကိုးဦး၊ မောင်တောမှာ လေးဦးနဲ့ ဘူးသီးတောင်မှာ နှစ်ဦး၊ စုစုပေါင်း ၆၃ ဦး ထပ်တိုး ခဲ့တာကြောင့် ပြည်နယ်တစ်ခုလုံးမှာ ပိုးကူးစက်သူအရေအတွက် ၈၅၆ ဦးအထိရှိလာနေပါတယ်။

အဲဒီအထဲက လူ ၁၄၉ ဦးက ဆေးရုံကဆင်းခွင့်ရသွားပြီဖြစ်လို့ ကျန်လူပေါင်း ၆၄၉ ဦးကတော့ ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်သွားလာသူတွေကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ စတင်တွေ့ရှိခဲ့တာပါ။

ဒါကြောင့် စစ်တွေနဲ့ မောင်တောမြို့နယ်တွေက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုကို လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့ကနေ ဇူလိုင်လကုန်အထိ ယာယီရပ်နားထားဖို့ ပြည်နယ်ကောင်စီက ညွှန်ကြားထားပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု တစ်စတစ်စများလာတာကြောင့် ကြိုတင်ကာကွယ်ရေး စည်းကမ်းတွေကို အားလုံးလိုက်နာကြဖို့ ဒေသအာဏာပိုင်တွေက သက်ဆိုင်ရာမြို့နယ်အသီးသီးမှာ လိုက်လံ ဆော်သြနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့