နိုင်ငံခြားငွေလဲလှယ်ရေး ကုမ္ပဏီ ၁၃ ခုကို ဗဟိုဘဏ်က လိုင်စင်ရုပ်သိမ်း

RFA Burmese
2023.08.15
နိုင်ငံခြားငွေလဲလှယ်ရေး ကုမ္ပဏီ ၁၃ ခုကို ဗဟိုဘဏ်က လိုင်စင်ရုပ်သိမ်း ရန်ကုန်မြို့လယ်ရှိ နိုင်ငံခြား ငွေလဲလှယ်သည့် စင်တာ တစ်ခုအား ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီရဲ့ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်ရောင်းချတဲ့ ကုမ္ပဏီ ၁၃ ခုကို ညွှန်ကြားချက်နဲ့ အမိန့်တွေ လိုက်နာမှုမရှိဘူးဆိုပြီး ဩဂုတ်လ ၁၄ ရက်က ရုပ်သိမ်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ရုပ်သိမ်းခံလိုက်ရတဲ့ ကုမ္ပဏီတွေစာရင်းမှာ Prime Residence Co., Ltd၊ West Line Co., Ltd၊ IMA Co., Ltd၊ Great Father Great Sons General Trading Co., Ltd၊ Gold Foil Co., Ltd၊ Big Lion Gems Co., Ltd တို့ ပါဝင်ပါတယ်။

ဒီကုမ္ပဏီတွေဟာ ဘယ်လိုအမိန့်၊ ညွှန်ကြားချက်တွေကို ချိုးဖောက်ခဲ့တယ်ဆိုတာကိုတော့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ မဖော်ပြပါဘူး။

RFA အနေနဲ့ လိုင်စင်ရုပ်သိမ်းခံရတဲ့ ကုမ္ပဏီတွေကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၁ အရ နိုင်ငံခြားငွေ လဲလှယ်ခွင့်ရရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ သတ်မှတ်ချက်တွေနဲ့အညီ နိုင်ငံခြားသုံးငွေကို အရောင်းအဝယ်လုပ်ဖို့၊ ပုဒ်မ ၂၂ အရ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာဖို့နဲ့ ပုဒ်မ ၄၀ အရ ဗဟိုဘဏ်က တောင်းခံတဲ့ အချက်အလက်တွေပေးဖို့ ပျက်ကွက်တာတွေမှာ လိုင်စင်ရုပ်သိမ်းခံရတဲ့ အထိအရေးယူဖို့ ပြဋ္ဌာန်းထားတာပါ။

အမေရိကန်တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး မြန်မာကျပ်ငွေ ၃၆၀၀ အထိရှိလာပြီးနောက် တရားမဝင်နိုင်ငံခြား ငွေရောင်းချမှုတွေကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူမယ်လို့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဩဂုတ်လ ၁၂ ရက် နေပြည်တော်မှာ လုပ်ခဲ့တဲ့ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းရေး အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဗဟိုဘဏ်ဟာ ၂၀၂၃ ခုနှစ်၊ မတ်လတုန်းကလည်း နိုင်ငံခြားငွေလဲလှယ်တဲ့ ကုမ္ပဏီ ၂၀ရဲ့ လုပ်ငန်းလိုင်စဉ်တွေကို ရုပ်သိမ်းခဲ့သလို၊ ဇူလိုင်လတုန်းကလည်း ကုမ္ပဏီ၁၀ ခုရဲ့ နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့် လိုင်စင်တွေကို ရုပ်သိမ်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။