၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး အတွက် နိုင်ငံတော်ကို တရားစွဲမည်

၁၉၉၀ ပြည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ၁၅ ဦးက ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို တရားစွဲဆိုသွားမယ်လို့ ၁၉၉၀ ပြည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေးဗစ်လှမြင့် က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြည်သူ့ဆန္ဒခံယူချိန်က လူဦးရေကိန်းဂဏန်းဟာ အမှန်တကယ်ရှိခဲ့တာနဲ့ လွဲမှားနေတဲ့အတွက် တရားစွဲဆိုတာဖြစ်တယ်လို့ ၁၉၉၀ ပြည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေးဗစ် လှမြင့် က ပြောပါတယ်။

"ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လက်ရှိရှိနေတဲ့ ကိန်းဂဏန်းတွေထက် မှားယွင်းစွာဖော်ပြထားတာဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ နိုင်ငံတော်ကို တရားစွဲမှာပေါ့နော်"

တရားစွဲဆိုမယ့်အကြောင်းနဲ့ ပတ်သက်ပြီး အဖွဲ့အစည်း ၅ ဖွဲ့က ကိုယ်စားလှယ် ၁၅ ဦးက လက်မှတ်ရေးထိုးပြီး ဒီကနေ့မှာပဲ အစိုးရတာဝန်ရှိသူတွေဆီကို စာပေးပို့ထားတယ်လို့ ပြောပါတယ်။

အဲဒီလို တရားစွဲဆိုဖို့အတွက် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သော အမျိုးသားဒီမို ကရေစီအဖွဲ့ UNDO၊ ကရင်အမျိုးသမီး အစည်းအရုံး၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော် မတီနဲ့ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂတို့က ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုပြီး စတင်အတည်ပြုစဉ်ကတည်းက ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အဓိကအချက်တွေကို ပြင်ဆင်ဖို့အတွက် တပ်မတော်ရဲ့ ထောက်ခံမှုကို လိုအပ်မှာဖြစ်ပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ် ဆိုပြီး ကြွေးကြော်ခဲ့တဲ့ ပါတီဖြစ်သလို လက်မှတ်ကောက်ခံတာတွေလည်း ပြုလုပ်ခဲ့ဖူးပါတယ်။