ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီဟာ သမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အင်းစိန်အကျဥ်းထောင်ကနေ ဒီနေ့ ၂၀၂၆ ဧပြီလ ၁၇ ရက်မနက်ကပြန်လွတ်လာပါတယ်။
ရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလက သူမှာယူထားတဲ့ ရုပ်သံရိုက်ကူးရေးဒရုန်းကင်မရာကြောင့် ရန်ကုန်မြို့မှာအဖမ်းခံရပြီး ပုဒ်မ ၅၀ (ည) နဲ့ စစ်ကောင်စီကတရားစွဲခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာတော့ သူ့ကိုစစ်ခုံရုံးကနေ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ ဇန်နဝါရီလကထွက်လာတဲ့လွတ်ငြိမ်းသက်သာခွင့်မှာတော့ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်ကနေ ၁၅ နှစ်အဖြစ်လျှော့ခဲ့ပြီး အခုတခေါက်လွတ်ငြိမ်းသက်သာခွင့်မှာလွတ်လာတာပါ။
ထောင်ထဲကျန်နေခဲ့တဲ့သူတွေလွတ်ဖို့ ဝိုင်းဆုတောင်းပေးကြပါလို့ ဒါရိုက်တာ ရှင်ဒေဝီက အင်းစိန်ထောင်ရှေ့အရောက်မှာ RFA ကိုပြောပါတယ်။
“အပျော်ဆုံးပဲ။ ကျွန်မဖြစ်ဖြစ် တခြားသူပဲဖြစ်ဖြစ် သူတို့တွေ နေ့စဥ်နေ့တိုင်းပဲ မိသားစုကိုတွေ့ချင်နေ ကြတယ်။ ဒီနေ့အဖို့ကျွန်မကံကောင်းတယ်ပေါ့။ ကျွန်မလို ကံမကောင်းတဲ့ မိတ်ဆွေတွေသူငယ်ချင်း တွေ အများကြီးကျန်သေးတယ်။ သူတို့အတွက်လည်း အားလုံးဝိုင်းပြီးဆုတောင်းပေးကြပါလို့ ကျွန်မ မေတ္တာရပ်ခံပါတယ်”
သူကျန်းကျန်းမာမာနဲ့ပြန်လွတ်လာပြီးအိမ်ရောက်နေပြီဆိုတဲ့အကြောင်းနဲ့ သူအကျဥ်းကျနေတဲ့အချိန်မှာ အဖက်ဖက်ကကူညီတဲ့သူတွေကို ကျေးဇူးတင်တဲ့အကြောင်း ရှင်ဒေဝီက RFA ကိုပြောပါတယ်။
ဒါရိုက်တာ ရှင်ဒေဝီဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာဌာနအတွက် ပြင်ပဆောင်းပါးရှင်အဖြစ်အလုပ်လုပ်ခဲ့ပါတယ်။
“ရှင်ဒေဝီလွတ်မြောက်လာတဲ့သတင်းဟာ အလွန်ဝမ်းမြောက်စရာဖြစ်ပါတယ်။ သူဟာ မြန်မာပြည်သူတွေအတွက် ဆင်ဆာမဖြတ်ထားတဲ့လွတ်လပ်တဲ့သတင်းတွေတင်ပြခဲ့တဲ့အတွက် မတရားမှုနဲ့ဒုက္ခတွေကို ခံစားခဲ့ရပါတယ်။ သူလွတ်မြောက်လာတာဟာ နယ်စည်း မခြားသတင်းထောက်များအဖွဲ့ RSF၊ Pen America နဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ကြိုးစားအားထုတ်မှုရလာဒ်လည်းဖြစ်ပါတယ်။ ဒါကြောင့် ရှင်ဒေဝီ အိမ်ပြန်ရောက်ပြီး မိသားစုတွေ၊ ချစ်ခင်တဲ့မိတ်ဆွေတွေနဲ့ပြန်လည်ဆုံတွေ့နိုင်ပြီဆိုတဲ့သတင်းအတွက် ကျွန်မအနေနဲ့ အလွန်ကြည်နူးဝမ်းသာရပါတယ်” လို့ လွတ်လပ်တဲ့အာရှအသံ RFA သတင်း ဌာနရဲ့ ဥက္ကဌ မစ္စဘေးဖန်းက ကြေညာချက်ထုတ်ပြန်ပါတယ်။
“ရှင်ဒေဝီလွတ်လာတာဟာ သူ့မိသားစုတွေနဲ့ ချစ်ခင်ရတဲ့မိတ်ဆွေတွေအတွက်ရော မြန်မာသတင်းလောကတစ်ခုလုံးအတွက်ပါ အလွန်အင်မတန် စိတ်ချမ်းသာစရာကောင်းလှပါတယ်။ တကယ်တော့ သူ့အနေနဲ့ ဒီလို မတရားဖမ်းဆီးထောင်ချခံရတာမျိုး လုံးဝ မဖြစ်သင့်ခဲ့ပါဘူး။ ဒါကြောင့် ထောင်တွေထဲမှာ အကျဥ်းချခံထားရသေးတဲ့ သတင်းမီဒီယာသမားအယောက် ၄၀ ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကျွန်ုပ်တို့အနေနဲ့ မြန်မာအာဏာပိုင်တွေကိုတောင်းဆိုပါတယ်” လို့ နယ်စည်းမခြားသတင်း ထောက်များအဖွဲ့ RSF ကလည်းထုတ်ပြန်ပါတယ်။
ဒါရိုက်တာရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ်က သူရိုက်ကူးပြီး RFA ကတင်ပြခဲ့တဲ့ “ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှုများ” ဆိုတဲ့ ဗီဒီယိုဆောင်းပါးအတွက် အမေရိကန်အခြေစိုက်ဂရေစီဆုအဖွဲ့ကြီးက ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်သံသတင်းတင်ဆက်မှုဆု ချီးမြှင့်ခဲ့သလို၊ ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာအမျိုးသမီးသတင်းမီဒီယာဖောင်ဒေးရှင်းကပေးအပ်တဲ့ Wallis Annenberg လို့ခေါ်တဲ့ အမျိုးသမီးသတင်းသမားဆုကိုလည်းရရှိခဲ့ပါတယ်။
