၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရမယ်လို့ သူရဦးအောင်ကို ပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အာဏာရှင်အစိုးရ ဓါးမိုးထားတဲ့ အခြေအနေအောက်မှာ ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပြီး ပြည်သူလူထုအကျိုးစီးပွားမရှိတဲ့ ဥပဒေဖြစ်တာကြောင့် ပြင်ဆင်ရမှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ရပ်နားချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး သူရဦးအောင်ကိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိမှာမဟုတ်ဘူးလို့ လည်း ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အင်အားကြီးသူအနိုင်ယူဆိုတဲ့ တောရိုင်းဥပဒေသ အဆင့်သာရှိကြောင်း နဲ့ နောက်ကြောင်းပြန် အရေးမယူရဘူးလို့ ဥပဒေမှာထည့်သွင်းရေးဆွဲထားတာ ဟာ ထေရဝါဒဗုဒ္ဓသာသနာနဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အဆင့်လိုက်လျှော့ချတဲ့ ပုံစံနဲ့ ဆောင်ရွက်ရမယ်လို့လည်း သူ့အမြင်ကို ပြောပါတယ်။

ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး ဆုံးဖြတ်ခဲ့ပေမယ့် အရေးပါတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပါဘူး။