ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကို မဲခွဲဖွဲ့စည်း
2019.02.19

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
မဲခွဲဆုံးဖြတ်ချက်မယူခင် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး အပါအဝင် ကိုယ်စားလှယ်တချို့က လွှတ်တော်တွင်း ဆွေးနွေးဖို့ မတ်တပ်ရပ် တောင်းဆိုခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က ဆွေးနွေးခွင့် မပေးဘဲ ပယ်ချခဲ့ပါတယ်။
မဲပေးခွင့်ရှိသူ ၅၉၄ ဦးရှိတဲ့အနက် ၃၈၉ ဦးက ထောက်ခံခဲ့တာကြောင့် ကော်မတီဖွဲ့စည်းတာကို အတည်ပြုလိုက် တာဖြစ်ပါတယ်။
ကော်မတီမှာ အင်န်အယ်လ်ဒီပါတီက ၁၈ ဦး၊ တပ်မတော်သားအစုအဖွဲ့က ၈ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင် အမျိုးသားပါတီနဲ့ SNLD ပါတီက ၂ ဦးစီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦး၊ လူနည်းစု တိုင်းရင်းသား ၁၀ ပါတီက တစ်ဦးစီပါဝင်ပြီး စုစုပေါင်း ၄၅ ဦး နဲ့ ဖွဲ့စည်းလိုက်တာပါ။
ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ကိုယ်စားလှယ် ၂ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ကိုယ်စားလှယ် ၈ဦးရဲ့ အမည်စာရင်းကိုတော့ မတင်သွင်းရသေးဘူးလို့ သိရပါတယ်။
အဲဒီကော်မတီမှာ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန် က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ကော်မတီသက်တမ်းကတော့ စတင်ဖွဲ့စည်းချိန်ကနေ ဥပဒေကြမ်းတင်သွင်းချိန်အထိ ဖြစ်တယ်လို့ သိရပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း အပါအဝင် ကိုယ်စားလှယ် ၁၄၃ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကြမ်းကို တင်သွင်းတဲ့အကြောင်း နာယက ဦးတီခွန်မြတ် က အသိပေးပြောကြားခဲ့ပါတယ်။
ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီနဲ့ တပ်မတော်သားအစုအဖဲ့ွကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းတာဟာ ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေနဲ့မညီတာ၊ ကော်မတီဖွဲ့စည်းရေးအစည်းအဝေးမှာ ကိုယ်စားလှယ်တွေ တင်ပြချက်တွေကို ထည့်သွင်းမစဉ်းစားတာ၊ ကိုယ်စားလှယ်အချိုးရရှိမှု နည်းပါးတာတွေကြောင့် စာရင်းမပေးတာလို့ သိရပါတယ်။
"၂ ကြိမ် အစည်းအဝေးခေါ်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေအပေါ်မှာ နာယကဟာ အရေး ယူဆောင်ရွက်မှု၊ ညှိနှိုင်းဆွေးနွေးတာတွေ မလုပ်ဘဲနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့် တာဝန်အရဆိုပြီးတော့ လုပ်ဆောင် သွားတဲ့ ဆောင်ရွက်ချက်မျိုးဟာ ပြည်ထောင်စု လွှတ်တော်မှာ ဒါလုပ်သင့်၊ မလုပ်သင့် အားလုံး စဉ်းစားစေချင်တဲ့ သဘောဖြစ်ပါတယ်။"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး ပြောသွားတာပါ။
ဒါ့ပေမဲ့ ကော်မတီရဲ့ ရှေ့ဆက် လုပ်ဆောင်ချက်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုရင် ပူးပေါင်းမှာဖြစ်ပြီး ဥပဒေနဲ့မညီရင်တော့ ပူးပေါင်းဆောင်ရွက်ဖို့ ခက်ခဲမယ်လို့လည်း ဦးသောင်းအေးက ပြောပါတယ်။
တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မပါဝင်တဲ့ ကော်မတီက ဘာဆက်လုပ်မလဲဆိုတဲ့ သတင်းထောက်တဦးရဲ့ မေးခွန်းကို ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက
"ပူးပေါင်းကော်မတီဝင် အများစုရှိနေပြီ အများစုရှိရှိ၊ အနည်းစုရှိရှိ လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ပူးပေါင်းကော်မတီဖြစ်တဲ့အတွက်ကြောင်မို့ ကော်မတီကတော့ သူ့လုပ်ငန်းဆောင်တာများကို သူ့ရဲ့ ဦးတည်ချက်၊ သူ့ရဲ့တာဝန်တွေအတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
NLD ပါတီဟာ လွှတ်တော်မှာ ကိုယ်စားလှယ် ၃၈၅ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၅၈ ရာခိုင်နှုန်းရှိတဲ့အတွက် ၂၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်း ၂ ခုမက တင်နိုင်ပေမယ့် ပါတီငယ်တွေ ပါဝင်နိုင်အောင် ပူးပေါင်းကော်မတီဖွဲ့ပေးတာလို့လည်း ပြောပါတယ်။
ဥပဒေနဲ့ညီရင် ပူးပေါင်းကော်မတီမှာ ပါဝင်ဖို့ စဉ်းစားမယ်ဆိုပြီး တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။
"နာယက ကတော့ ပြောသွားတယ်ပေါ့နော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါအတိုင်း ဆက်လက်ဆောင်ရွက်ပါ့မယ်လို့၊ ရှင်းရှင်းပြောရရင်တော့ ဒါကလည်းပဲ သိပ်တော့မယုံရတော့ဘူး၊ မလိမ့်တပတ်နဲ့ လုပ်လုပ်နေတာများနေပြီ၊ ကျွန်တော်တို့ကတော့ ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်တယ်ဆိုရင် ပါဝင်နိုင်အောင်တော့ ကြိုးစားရ မှာပေါ့လေ၊ ဒါကလည်း ပြန်ပြီးတော့မှ ကျွန်တော်တို့အစုအဖွဲ့မှာ ပြန်စဉ်းစားပြီး ဆုံးဖြတ်ပြီးတော့ ကျွန်တော်တို့ ဘယ်လို ပါဝင်မလည်းဆိုတာကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွင်ပါမယ်"
ဒီပူးပေါင်းကော်မတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်တဲ့အတွက် ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ့် တပ်မတော်သားတွေက ၂၅ ရာခိုင်နှုန်း ပါဝင်လိုတာဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်မောင်မောင် က ပြောပါတယ်။
ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က ဖွဲ့စည်းပုံအခြေခံအခြေခံဥပဒေကို ဖြတ်လမ်းနည်းနဲ့ ပြင်ဆင်ဖို့ဆောင်ရွက်မှာမဟုတ်တဲ့အကြောင်း ပြောပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်ရဲ့ အဓိကအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ရပ် ပေါ်ပေါက်လာရေးကိုသာ ဦးတည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဖြတ်လမ်းနည်းနဲ့ ပြင်ဆင်ဖို့ ကြိုးပမ်းဆောင်ရွက်မှာ မဟုတ်ပါ။"
ဒါ့အပြင် တပါတီ၊ တစုတဖွဲ့က ဆောင်ရွက်တာထက် ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီတဲ့ ပြင်ဆင်ရေး လုပ်ငန်းတွေကို အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ အားထုတ်ကြိုးပမ်းမယ်လို့လည်း ဦးထွန်းထွန်းဟိန် က ပြောပါတယ်။
ပူးပေါင်းကော်မတီရဲ့ သက်တမ်းကို အတိအကျသတ်မှတ်မထားဘဲ စတင်ဖွဲ့စည်းတဲ့အချိန်ကနေ ပြည်ထောင်စု လွှတ်တော်ကို ဥပဒေကြမ်းတရပ် တင်သွင်းပြီးတဲ့အချိန်အထိလို့ သိရပါတယ်။
ဒါ့အပြင် ကော်မတီ အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပြီးကြောင်း အမိန့်ထုတ်ပြန်ပြီးတာနဲ့ စတင်ကျင်းပမယ်လို့လည်း အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။