ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပဲခူးရိုးမထဲမှာ ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ လေလာမြောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာနက ဇူလိုင်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကရင်တိုင်းရင်းသား မိသားစု နှစ်စု သေဆုံးခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မိသားစုနှစ်စုက လူတွေ သေဆုံးတာဗျ။ ထိခိုက်မှုအခြေအနေကတော့ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ပါပဲ။ အဲဒီအထဲ ကလေးတွေလည်း ပါတယ်ဗျ”
ဇူလိုင်လ ၂၅ ရက် မနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် ဘွယ်နိုစေး၊ အသက် ၈ နှစ်အရွယ် နော်ဒါး၊ အသက် ၁၃ နှစ်အရွယ် သားစစ် စတဲ့ ကလေး ၃ ဦး အပါအဝင် အသက် ၁၈ နှစ်အရွယ် နော်စစ်၊ အသက် ၅၂ နှစ်အရွယ် ဦးဇော်ဝမ်း၊ အသက် ၄၁ နှစ်အရွယ် အက်သည်၊ အသက် ၃၈ နှစ်အရွယ် ဦးထီးစေးနဲ့ အသက် ၂၇ နှစ်အရွယ် ဒေါ်သန်းညွန့်တို့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အအုံတွေဖြစ်တဲ့ လေလာမြောင် ကက်သလစ်ဘုရားကျောင်းနဲ့ မယ်တော်ဂူဘုရားကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ တစ်ရက်တည်းမှာပဲ စစ်တပ်က အနီးပတ်ဝန်းကျင် ကျေးရွာတွေကို ပေါင် ၅၀၀ ဗုံးတွေ ကြဲသလို ပွိုင့် ၈ စက်သေနတ်တွေနဲ့ ငါးကြိမ်လောက် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနေရာတွေမှာ အရပ်သားဒေသခံတွေပဲ နေထိုင်ကြပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေ မရှိဘဲ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇွန်လ ၃၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၈၄၆ ဦးအထိ ရှိခဲ့ပါတယ်။
