သံတွဲ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ဆယ်ဦးထက်နည်း သေဆုံး

လေယာဥ်က ကျဲချတဲ့ ဗုံးတွေ ဘုန်းတော်ကြီးကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်အလုံး ၂၀ ခန့် ပျက်စီးခဲ့။

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို သြဂုတ် ၁၀ ရက် နေ့မှာ စစ်တပ်ခန့်အစိုးရက လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်အရ သြဂုတ် ၁၀ ရက် နေ့လည်၁ နာရီခန့်မှာ ဂျက်တိုက်လေယာဉ်တစ်စင်းက ကျောက်ကြီးကျေးရွာအပေါ် နာရီဝက်နီးပါးပျံဝဲပြီး ပေါင် ၃၀၀ ခန့်ရှိတယ်လို့ ယူဆရတဲ့ ဖျက်အားပြင်း ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ဗုံးတွေဟာ ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် လူနှစ်ဦး ပျောက်ဆုံးနေပြီး နေအိမ်အဆောက် အအုံ ၂၀ လောက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံတွဲမြို့ခံတစ်ဦးကတော့ စစ်တပ်ခန့်အစိုးရရဲ့ စစ်တပ်ဟာ တိုက်ရည် ခိုက်ရည်အဆင့်မရှိတာကြောင့် တရုတ်အားကိုး လေယာဥ်အားကိုးနေရတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“နိုင်ငံအဆင့်ဆိုတဲ့ စစ်ကောင်စီတပ်က သူများသိမ်းထားတဲ့မြို့ကို ပြန်မတိုက်နိုင်ဘဲနဲ့ လေယာဥ်နဲ့ပဲ ဗုံးကြဲနေရတဲ့အဆင့်ဖြစ်နေတယ်။ရှေ့မှာလည်း ကြုံခဲ့ဘူးတယ်။ တိုက်ယူထားတဲ့မြို့ကို ပြန်မတိုက်နိုင်ဘဲနဲ့ တရုတ်ဆီကတဆင့် ပြန်တောင်းခဲ့ရတာမျိုးတွေ။ တကယ်တမ်း စစ်တပ်ပီပီသသနဲ့ဆိုရင် ဗုံးကြဲနေတာတွေ မလုပ်ဘဲနဲ့ သူတို့ရဲ့ တိုက်ရေ ခိုက်ရေနဲ့ပြန်သိမ်းတာမျိုး လုပ်တာပိုကောင်းတာပေါ့။ ဒါပေမယ့် အခု စစ်တိုက်နေရတာတောင် ဟိုက ဒီက အတင်း အဓမ္မခေါ်ထားရတဲ့ ပြည်သူ့စစ်တွေကို အားကိုးပြီး တိုက်နေရတဲ့အခြေအနေပါ။ ဒီလိုအခြေအနေနဲ့ စစ်တပ်အဖြစ် ရပ်တည်နေမယ့်အစား ပြည်သူတွေဆီမှာ လက်နက်ချလိုက်တာက ပိုကောင်းပါတယ်။”

ဒီအချက်အလက်တွေကို RFA ကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်ကလည်း သြဂုတ် ၁၀ ရက် ညပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေသလို ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်ကလည်း ငပလီမြို့ ဂျိတ္တော ၉ ရပ်ကွက်မှာ တိုက်လေယာဉ်တွေနဲ့ ဗုံးအလုံး ၆၀ လောက် ကြဲချတိုက်ခိုက်ခဲ့ သေးတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

သံတွဲမြို့နယ်က ကျေးရွာတွေကို ဇူလိုင် ၁၉၊ ၂၃၊ ၂၄၊ ၂၇ နဲ့ ၃၁ ရက် နေ့တွေမှာ အာဏာသိမ်းစစ်တပ်က လေကြောင်း ကနေ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ AA က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတွေ ပိုတိုးလာနိုင်တာကြောင့် အရပ်သားတွေကို ကာကွယ်ပေးရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေး လိုအပ်ချက်တွေ ပိုများလာဖို့ ရှိနိုင်တယ်လို့လည်း စောင့်ကြည့်သူတွေက သတိပေးထားပါတယ်။