ရန်ကုန်ဆေးရုံကြီးကလူနာတွေနဲ့ လူနာရှင်တွေအတွက် ထမင်းဟင်းကို ပုဂ္ဂလိကစေတနာ ရှင်တွေက မနက်တိုင်းလာလှူနေကြတာပါ။ နေ့လယ်စာအတွက် ထမင်းနဲ့ဟင်းကိုမရမှာစိုးတဲ့အတွက် နံနက် ၇ နာရီ မထိုးခင်ကတည်းက တန်းစီပြီးယူနေကြပါပြီ။
ရန်ကုန်ဆေးရုံကြီးမှာတက်နေရတာ တစ်လလောက်ကြာနေပြီဖြစ်တဲ့ သားအတွက် ကြက်သားဆန်ပြုတ်နဲ့ ကြက်ဥရဖို့ တန်းစီတိုးယူပြီးပြန်လာတဲ့သူကတော့ အသက် ၅၂နှစ်အရွယ် ဦးဇေယျာမင်းပါ။
“အပြင်မှာဝယ်စားရမယ်ဆိုရင် တစ်နပ်ကို ငါးထောင်၊ ခြောက်ထောင် အဲဒီလိုပေးရတယ်။ ဒီမှာ လာဝေတဲ့အခါကျတော့ ဒီပိုက်ဆံက ဆေးဖိုးအတွက်ပိုပြီးတော့ လောက်သွားတာပေါ့”
သူတို့မိသားစုက ဒလမြို့နယ်မှာနေပါတယ်။ ငွေကြေးမပြေလည်တဲ့ကြားက ဆေးကုနေရတဲ့အတွက် အလှူရှင်တွေရဲ့ထမင်းနဲ့ဟင်းက သူ့အတွက်ဆေးဖိုးငွေပိုထွက်လာတယ်လို့ ဦးဇေယျာမင်းက ပြောပါတယ်။
အလုပ်အကိုင်ရှား၊ ဝင်ငွေနည်းပြီး အစစအရာရာစျေးတက်နေတဲ့ ကုန်စျေးနှုန်းနဲ့ ဆေးဖိုး ဝါးခကြောင့် ချို့တဲ့တဲ့လူနာရှင်တွေအတွက် အလှူရှင်တွေရဲ့ထမင်းဟင်းတွေဟာ သူတို့ဘဝအတွက် အသက်ကယ်ဆေးတစ်ခွက်ဖြစ်နေကြပါတယ်။
မော်လမြိုင်မြို့နယ်က အသက် ၅၅ နှစ်အရွယ် ဒေါ်ကြည်ကြည်ဝင်းကလည်း သူ့ မိသားစုဝင်တစ်ယောက် ဆေးလာကုနေရတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို လူနာစောင့်အဖြစ် ရောက်နေတာဖြစ်ပါတယ်။ အခုနှစ်အတွင်း ဆေးရုံလာစောင့်ရတာ ၃ ကြိမ်ဖြစ်နေပါပြီ။ ဒါကြောင့် အလှူရှင်တွေရဲ့ထမင်းနဲ့ဟင်းကို တန်းစီတိုးယူနေတာလို့ ပြောပါတယ်။
“သူတို့လာမဝေတဲ့နေ့ဆိုရင်တော့ ကိုယ့်ဟာကိုယ်အပြင်မှာ ဝယ်စားရတယ်လေ။ ကုန်မယ့်နေ့ဆိုရင်တော့ မနက်၊ ညဆိုရင် နှစ်သောင်း သုံးသောင်းလောက်ကုန်တယ်။ ကိုယ့်ဟာကိုယ်ဝယ်စားရင် သုံးသောင်းဆိုလည်းကုန်တယ်။ ည၊ မနက်စာ သုံးလေးသောင်းကုန်တယ်။ ဒီလိုအလှူရှင်တွေရှိရင်တော့ တစ်ပြားမှမကုန်ဘူးပေါ့။ ဒီလိုမျိုး ထမင်းဝေပေးတော့လည်း အလှူရှင်တွေကိုကျေးဇူးတင်တာပေါ့”
ပုသိမ်မြို့နယ် ငွေဆောင်မြို့က အသက် ၇၀ အရွယ် ဦးခင်အေးကလည်း သူ့ရဲ့ ညီ ဆေးကုနေရလို့ ဆေးရုံကြီးမှာ လူနာစောင့်အဖြစ်ရောက်နေတာ ၂ လကျော်ပါပြီ။
“အလှူရှင်ရရင် ရသလိုပေါ့ တခါတလေ ၆ နာရီရောက်တယ်။ အခုဆို ၉ နာရီရောက်တယ်။ တခါတလေကျရင် ၉ နာရီခွဲနဲ့ ပြန်ရင် ပြန်သွားရတယ်။ ထမင်းရရင် ရသလိုပေါ့။ ထမင်းလှူတဲ့သူတွေကို ကျေးဇူးတောင် ကိုယ်ကတင်ရသေးတယ်။ အမြဲတမ်းဆုပေးနေတယ်။ မနေ့ကဆို ဝယ်စားရတာ လေးငါးခြောက်ထောင်လောက် ကျသွားတယ်။ ငါးထောင်ဖိုးဆိုတာလည်း အသေးလေးပဲရတယ်။ တစ်ရက်ကိုဆိုရင် အားလုံးပေါင်း တစ်သောင်းခွဲ နှစ်သောင်းလောက်ကုန်တယ်။ သုံးယောက်စာကိုး”
ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေကို စရိတ်မျှပေးကျန်းမာရေးအစီအစဥ်နဲ့ ကုပေးနေပေမယ့် လိုအပ်တဲ့ဆေးဝါးတွေကိုတော့ အပြင်ဆေးဆိုင်တွေမှာ ဝယ်ကြရပါတယ်။ ဒီလိုအချိန်မှာ အလှူရှင်တွေကြောင့် စားသောက်စရာဖိုး လျှော့ချနိုင်တဲ့အတွက် ဆေးဖိုးငွေရလာကြပါတယ်။ ဒါကြောင့် အလှူရှင်တွေကို အမြဲစောင့်မျှော်နေကြပါတယ်။
