အလှူရှင်တွေရဲ့ထမင်းနဲ့ဟင်းကိုအားထားနေရတဲ့ ရန်ကုန်ဆေးရုံကြီးက လူနာများ

အလှူရှင်​တွေရဲ့ ထမင်းဟင်း​တွေဟာ သူတို့ဘဝအတွက် အသက်ကယ်ဆေးတစ်ခွက် ဖြစ်နေကြပါတယ်။

ရန်ကုန်​ဆေးရုံကြီးကလူနာတွေနဲ့ လူနာရှင်တွေအတွက် ထမင်းဟင်းကို ပုဂ္ဂလိကစေတနာ ရှင်တွေက မနက်တိုင်းလာလှူနေကြတာပါ။ နေ့လယ်စာအတွက် ထမင်းနဲ့ဟင်းကိုမရမှာစိုးတဲ့အတွက် နံနက် ၇ နာရီ မထိုးခင်ကတည်းက တန်းစီပြီးယူနေကြပါပြီ။

ရန်ကုန်ဆေးရုံကြီးမှာတက်နေရတာ တစ်လလောက်ကြာနေပြီဖြစ်တဲ့ သားအတွက် ကြက်သားဆန်ပြုတ်နဲ့ ကြက်ဥရဖို့ တန်းစီတိုးယူပြီးပြန်လာတဲ့သူက​တော့ အသက် ၅၂နှစ်အရွယ် ဦး​ဇေယျာမင်းပါ။

“အပြင်မှာဝယ်စားရမယ်ဆိုရင် တစ်နပ်ကို ငါးထောင်၊ ခြောက်ထောင် အဲဒီလိုပေးရတယ်။ ဒီမှာ လာဝေတဲ့အခါကျတော့ ဒီပိုက်ဆံက ဆေးဖိုးအတွက်ပိုပြီးတော့ လောက်သွားတာပေါ့”

သူတို့မိသားစုက ဒလမြို့နယ်မှာ​နေပါတယ်။ ​ငွေ​ကြေးမ​ပြေလည်တဲ့ကြားက ​​ဆေးကုနေရတဲ့အတွက် အလှူရှင်​တွေရဲ့ထမင်းနဲ့ဟင်းက သူ့အတွက်ဆေးဖိုး​ငွေပိုထွက်လာတယ်လို့ ဦး​ဇေယျာမင်းက ​ပြောပါတယ်။

အလုပ်အကိုင်ရှား၊ ဝင်ငွေနည်းပြီး အစစအရာရာစျေးတက်နေတဲ့ ကုန်​စျေးနှုန်းနဲ့ ​ဆေးဖိုး ဝါးခကြောင့် ​ချို့တဲ့တဲ့လူနာရှင်တွေအတွက် အလှူရှင်​တွေရဲ့ထမင်းဟင်း​တွေဟာ သူတို့ဘဝအတွက် အသက်ကယ်ဆေးတစ်ခွက်ဖြစ်နေကြပါတယ်။

မော်လမြိုင်မြို့နယ်က အသက် ၅၅ နှစ်အရွယ် ​ဒေါ်ကြည်ကြည်ဝင်းကလည်း သူ့ မိသားစုဝင်တစ်ယောက် ​ဆေးလာကု​နေရတဲ့အတွက် ရန်ကုန်​ဆေးရုံကြီးကို လူနာ​စောင့်အဖြစ် ​ရောက်​နေတာဖြစ်ပါတယ်။ အခုနှစ်အတွင်း ​ဆေးရုံလာ​စောင့်ရတာ ၃ ကြိမ်​ဖြစ်နေပါပြီ။ ဒါကြောင့် အလှူရှင်​တွေရဲ့ထမင်းနဲ့ဟင်းကို တန်းစီ​တိုးယူနေတာလို့ ​ပြောပါတယ်။

“သူတို့လာမဝေတဲ့နေ့ဆိုရင်တော့ ကိုယ့်ဟာကိုယ်အပြင်မှာ ဝယ်စားရတယ်လေ။ ကုန်မယ့်နေ့ဆိုရင်တော့ မနက်၊ ညဆိုရင် နှစ်သောင်း သုံးသောင်းလောက်ကုန်တယ်။ ကိုယ့်ဟာကိုယ်ဝယ်စားရင် သုံးသောင်းဆိုလည်းကုန်တယ်။ ည၊ မနက်စာ သုံးလေးသောင်းကုန်တယ်။ ဒီလိုအလှူရှင်တွေရှိရင်တော့ တစ်ပြားမှမကုန်ဘူးပေါ့။ ဒီလိုမျိုး ထမင်းဝေပေးတော့လည်း အလှူရှင်တွေကိုကျေးဇူးတင်တာပေါ့”

ပုသိမ်မြို့နယ် ​ငွေ​ဆောင်မြို့က အသက် ၇၀ အရွယ် ဦးခင်​အေးက​လည်း သူ့ရဲ့ ညီ ​ဆေးကု​နေရလို့ ​ဆေးရုံကြီးမှာ ​လူနာ​စောင့်အဖြစ်​ရောက်​နေတာ ၂ လ​ကျော်ပါပြီ။

“အလှူရှင်ရရင် ရသလိုပေါ့ တခါတလေ ၆ နာရီရောက်တယ်။ အခုဆို ၉ နာရီရောက်တယ်။ တခါတလေကျရင် ၉ နာရီခွဲနဲ့ ပြန်ရင် ပြန်သွားရတယ်။ ထမင်းရရင် ရသလိုပေါ့။ ထမင်းလှူတဲ့သူတွေကို ကျေးဇူးတောင် ကိုယ်ကတင်ရသေးတယ်။ အမြဲတမ်းဆုပေးနေတယ်။ မနေ့ကဆို ဝယ်စားရတာ လေးငါးခြောက်ထောင်လောက် ကျသွားတယ်။ ငါးထောင်ဖိုးဆိုတာလည်း အသေးလေးပဲရတယ်။ တစ်ရက်ကိုဆိုရင် အားလုံးပေါင်း တစ်သောင်းခွဲ နှစ်သောင်းလောက်ကုန်တယ်။ သုံးယောက်စာကိုး”

ရန်ကုန်​ဆေးရုံကြီးမှာ လူနာ​တွေကို စရိတ်မျှ​ပေးကျန်းမာ​ရေးအစီအစဥ်နဲ့ ​ ကုပေးနေပေမယ့် လိုအပ်တဲ့​ဆေးဝါး​တွေကို​တော့ အပြင်​ဆေးဆိုင်​တွေမှာ ဝယ်ကြရပါတယ်။ ဒီလိုအချိန်မှာ အလှူရှင်တွေကြောင့် စားသောက်စရာဖိုး လျှော့ချနိုင်တဲ့အတွက် ဆေးဖိုး​ငွေရလာကြပါတယ်။ ဒါကြောင့် အလှူရှင်တွေကို အမြဲစောင့်မျှော်နေကြပါတယ်။