ရွှေကျင်မှာ စစ်တပ်ဗုံးကြဲလို့ ကလေးတစ်ဦးအပါအဝင် သုံးဦး သေဆုံး

ဒဏ်ရာရသူတွေထဲမှာတော့ အသက် ၂ နှစ်အရွယ်ကနေ ၅၅ နှစ်အရွယ် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး ပါဝင်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အစပ်က ဘုရားကြီးရွာနဲ့ မဘီးရွာတို့ကို စစ်တပ်က ဩဂုတ်လ ၁၀ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး နောက်ထပ် ရှစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညနေ ၄ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ချိန် ပေါင် ၅၀၀ ဗုံးတစ်လုံးက ဘုရားကြီး ရွာလယ်လမ်းမပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်၊ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဂျက်ဖိုက်တာ နှစ်စီးနဲ့ သုံးကြိမ်လောက်ပတ်တယ် တစ်စီးကို တစ်လုံးကြဲချတာ နှစ်စီးဆိုတော့ နှစ်လုံးပေါ့။ ရွာသား သုံးယောက်သေတယ်။ တိုက်ပွဲမရှိဘဲနဲ့ ဝင်ကြဲသွားတာ အဲဒီနေရာမှာ PDF လည်းမရှိဘူး KNU လည်းမရှိဘူး အရပ်သားတွေချည်းပဲနေတဲ့ရွာ”

သေဆုံးသူတွေက အသက် ၉ နှစ်အရွယ် နော်အယ်ဂျာလင်း၊ အသက် ၄၀ အရွယ် မနီလာနဲ့ နော်ရှီးဒူးဖောတို့ ဖြစ်ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဩဂုတ်လ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒဏ်ရာရသူတွေထဲမှာတော့ အသက် ၂ နှစ်အရွယ်ကနေ ၅၅ နှစ်အရွယ် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး ပါဝင်ပါတယ်။ အဲဒီအထဲမှာ အမျိုးသမီး သုံးဦးနဲ့ ကလေးတစ်ဦးက ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်ဆေးကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆိုင်ကယ် ၂ စီး၊ စပါးကျီ ၁လုံး၊ နေအိမ် ၁ လုံးနဲ့ စျေးဆိုင် ၁ ဆိုင်၊ ထိခိုက်ပျက်စီး ခဲ့တယ်လို့လည်း ဆိုပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို မလိုက်နာဘဲ နိုင်ငံတစ်ဝန်း အရပ်သားတွေကို လေကြောင်းနဲ့ လက်နက်ကြီး သုံးပြီး ပစ်ခတ်တိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာအပါအဝင် စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဇူလိုင်လ ၂၅ ရက်နေ့ကလည်း ပဲခူးတိုင်း ရေတာရှည်မြို့နယ် လေလာမြောင်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၉၁၉ ဦးအထိ ရှိလာပါတယ်။