စစ်တပ် ဗုံးကြဲလို့ မြိုင်မြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ဦး သေဆုံး

စစ်ရှောင်တဲတွေအနီးကို ဂျိုင်ရိုကော်ပတာနဲ့လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အသက် ၃၀ ကျော်အရွယ် စစ်ဘေးဒုက္ခသည် နှစ်ဦး သေဆုံး။

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်မြို့နယ်က ကျေးရွာတွေကို ဩဂုတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်မှာကူညီနေသူတွေက RFA ကို ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ ပြောဆိုချက်အရ ဆူးဝင်းရွာ၊ ယာကြီးပြင်ရွာနဲ့ မှန်ရင်းရွာတို့အနီးက စစ်ဘေးဒုက္ခသည်တွေ ယာယီနေထိုင်နေတဲ့ စစ်ရှောင်တဲတွေအနီးကို ဂျိုင်ရိုကော်ပတာနဲ့လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အသက် ၃၀ ကျော်အရွယ် စစ်ဘေးဒုက္ခသည် နှစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲမရှိဘဲ ဒုက္ခသည်တွေ ယာယီရှောင်နေတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေတာလို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“စစ်တပ်စစ်ကြောင်းက အင်အား ၇၀၀ လောက်ပါတယ်။ ဩဂုတ်လ ပထမပတ်ကတည်းက ယာကြီးပြင်ရွာကိုရောက်နေတာ။ လောလောဆယ် ယာကြီးပြင်ကျေးရွာကို ရောက်နေတာ။ အပေါ်ကနေလည်း ဂျိုင်ရိုကော်ပတာနဲ့ ကြိုပြီးဗုံးကြဲပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာ။ ဆုံးသွားတဲ့နှစ်ယောက်က ဆူးဝင်းရွာဒေသခံတွေပါ။ ရွာကနေ စစ်ရှောင်ရင်းနဲ့မှ ဗုံးစထိမှန်ဆုံးကြတာ။ မနေ့(ဩဂုတ် ၁ဝရက်)ကပဲ သင်္ဂြိုဟ်လိုက်ပါတယ်။ စစ်ကြောင်းကလည်း ရှိနေတော့ အချိန်လည်း သိပ်မဆွဲနိုင်ဘူး”

သေဆုံးသွားတဲ့ စစ်ဘေးဒုက္ခသည်နှစ်ဦးရဲ့ နာမည်နဲ့အသေးစိတ် အချက်အလက်တွေကို အတိအကျမသိရသေးပါဘူး။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ပခုက္ကူမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ- ၁၀၁ ကနေ အင်အား ၇၀၀ လောက်နဲ့ ထွက်လာတာဖြစ်ပြီး မြိုင်နယ်က ရေနံမှော်တွေကို ဦးတည်စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

လတ်တလောမှာလည်း ယာကြီးပြင်ရွာနဲ့ မှန်ရင်းရွာအနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေကြား မကြာခဏ တိုက်ပွဲဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မြိုင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးနေတဲ့ တစ်လကျော်အတွင်းမှာ ဒေသခံ သုံးဆယ်နီးပါး သေဆုံးခဲ့ရပြီး ဒေသခံတွေရဲ့နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရသလို လူဦးရေ နှစ်ထောင်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ မြေပြင်မှာကူညီနေသူတွေက ပြောပါတယ်။